Healthy Life Ad
Local

စစ်ဘေးရှောင်ပြည်သူများအတွက် မတ်လကုန်နှင့် ဧပြီလဆန်းတွင် ကြက်ခြေနီရန်ပုံငွေ ဈေးပွဲတော်ကျင်းပမည်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူးကျင်းပမည့် စစ်ဘေးရှောင်ပြည်သူများအတွက် ပထမဆုံးအကြိမ် ကြက်ခြေနီရန်ပုံငွေ ဈေးပွဲတော်ကို မတ်လ ၃၀-၃၁ ရက်နေ့နှင့် ဧပြီ ၁ ရက်နေ့တို့၌ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုကျော်က ရက်နေ့တွင် Healthy Life ဂျာနယ်သို့ပြောသည်။

“သောကြာနေ့မှာ ဖွင့်ပွဲအခမ်းအနားစပြီးချိန်ကနေ ည ၉နာရီအထိ ဈေးရောင်းပွဲတော် ကျင်းပသွားမှာဖြစ်ပြီး စနေ၊ တနင်္ဂနွေမှာတော့ မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ဈေးရောင်းပွဲတော်ကျင်းပသွားမှာပါ။ ရလာတဲ့ငွေတွေက ပုဂ္ဂလိကအကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ အဓိက စစ်ဘေးရှောင်ပြည်သူတွေနဲ့ နိုင်ငံအတွင်း လူမှုကရုဏာလုပ်ငန်းတွေမှာထည့်သုံးမယ့် ရန်ပုံငွေပါ။ အဲဒီလိုရည်ရွယ်ထားတဲ့အတွက် ဒီဈေးရောင်းပွဲတော်မှာ လာရောင်းမယ့် ရှစ်ပေပတ်လည် ဈေးဆိုင်တစ်ခုကို တစ်ရက်တစ်သိန်းကောက်ခံပါမယ်။ အစားအသောက်ဆိုင်၊ အဝတ်အထည်ဆိုင်၊ အလှကုန်ပစ္စည်းဆိုင်တွေပါမယ်။ ဒီဆိုင်တွေအနေနဲ့ မြန်မာနှစ်ကူးအဖြစ် လျှော့ဈေးနဲ့ ရောင်းချပေးမယ့်ဆိုင်တွေကို ပိုပြီးဦးစားပေးဖွင့်စေချင်ပါတယ်”ဟု ဦးကိုကိုကျော်ကပြောသည်။

အဆိုပါဈေးပွဲတော်ကို နိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများကို အများပြည်သူက ပိုမိုသတိပြုလာစေရန်နှင့် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ ကြက်ခြေနီလူမှု ကရုဏာလုပ်ငန်းများတွင် ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် ကြက်ခြေနီလူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေရန်၊ တိုင်းရင်းသားရိုးရာ အစားအသောက်များနှင့် ရိုးရာအသုံးအဆောင်များကို ပြည်သူလူထုမှ တစ်နေရာတည်းတွင် ထိတွေ့ခံစားနိုင်စေရန်၊ ပြန်ကြားဆက်သွယ်ရေးကဏ္ဍ ပိုအားကောင်းလာပြီး မီဒီယာများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ အနာဂတ်ရန်ပုံငွေ မြှင့်တင်ခြင်းလုပ်ငန်းများနှင့် အရေးပေါ်အခြေအနေများတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်စေရန်၊ အသင်းမှဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအတွက် နှစ်စဉ်လိုအပ်လျက်ရှိသော ရန်ပုံငွေများကို တစ်ဖက်တစ်လမ်းမှ ပိုမိုဖြည့်ဆည်းလာနိုင်စေရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက် လူမှုကရုဏာအကူအညီများ ပိုမိုပံ့ပိုးပေးနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ပြည်သူလူထုအနေနဲ့ ကိုယ့်နိုင်ငံထဲမှာရှိနေတဲ့ ဒုက္ခရောက်နေတဲ့သူတွေကို အကူအညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ကြက်ခြေနီဆိုတာ တစ်နိုင်ငံလုံးက စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အလှူငွေရအောင် ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ လာရောက်အားပေးကြည့်ရှူစေချင်ပါတယ်။ ကြက်ခြေနီရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပြသထားမှာဖြစ်တဲ့အတွက် လူငယ်တွေ၊ ပရဟိတလုပ်ငန်းစိတ်ဝင်စားသူတွေ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု ဦးကိုကိုကျော်ကပြောသည်။

ရန်ပုံငွေဈေးပွဲတော်တွင် တိုင်းရင်းသားရိုးရာ အစားအစာများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများ တည်ခင်းရောင်းချခြင်း၊ ကံစမ်းမဲလက်မှတ်များ ရောင်းချခြင်း၊ တေးဂီတများဖြင့် ဖျော်ဖြေခြင်း၊ ဖက်ရှင်ရှိုးများ၊ မျက်လှည့်ပွဲများ စသည့် ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ခြင်း၊ Fund Shop များ ဖွင့်လှစ်ခြင်းနှင့် ကြက်ခြေနီပြခန်းတို့ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါဈေးပွဲတော်မှရရှိလာသော ရန်ပုံငွေများကို စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top