Healthy Life Ad
Life Style

မိန်းမသားတို့ဘဝမှာ မရှိမဖြစ်အရေးပါသော ဓမ္မတာ

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

မေး. မိန်းကလေးတွေက ဘယ်အရွယ်မှာ အပျိုဖော်ဝင်တတ်ပါသလဲ ဆရာ။

ဖြေ. ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတွေ အပျိုစဖြစ်တဲ့အရွယ်ဟာ ပျမ်းမျှအားဖြင့် အသက် ၁၃နှစ်လောက်လို့ ပြောကြပါတယ်။ အသက် ၁၁ နှစ်နဲ့ ၁၅ နှစ်ကြားထဲမှာဆိုရင် ပုံမှန်ပါပဲ။ အပျိုဖော်ဝင်စောတာက မိဘမျိုးရိုးနဲ့ဆိုင်သလို အစားအသောက်နဲ့လည်း ဆိုင်တတ်ပါတယ်။ ကောင်းကောင်းစားပြီး ဝ၀ဖြိုးဖြိုးရှိတဲ့ မိန်းကလေးတွေက စောစောရာသီလာလေ့ရှိပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်နဲ့လည်းဆိုင်ပါတယ်။ အခုခေတ်ဆိုရင် သူများနည်းတူ လှချင်ပချင်တဲ့အတွက် မိန်းကလေးတွေအပျိုဖြစ်တာ ပိုစောလာတာကို တွေ့ရပါတယ်။

မေး. ဘယ်လိုအခြေအနေမှာဆို ရာသီက ပုံမှန်မဟုတ်ဘူးလို့ ပြောလေ့ရှိပါသလဲ ဆရာ။

ဖြေ. ရာသီခွင်တစ်ခုဟာ ပုံမှန်အားဖြင့် လစဉ်လစဉ် ၂၈ ရက်မှာတစ်ခါ ရာသီလာလေ့ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ၂၁ ရက် – ၃၅ရက်ကြားဆိုရင် ဒီရာသီခွင်က ပုံမှန်ပဲလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ဆိုရင် ၃ လကြာတဲ့အထိ ရာသီမလာတာ၊ တစ်နှစ်နေမှတစ်ခါ ရာသီလာတာ စတာတွေဖြစ်တတ်ကြပါတယ်။ ဒါဆိုရင် ဒီဓမ္မတာက ပုံမှန်မဟုတ်တော့ဘူး၊ အမှားအယွင်း ရှိနေပြီလို့ပြောလို့ရပါတယ်။

မေး. ရာသီတစ်ကြိမ်လာရင် ဘယ်လောက်အထိ များများလာတတ်ပါသလဲ ဆရာ။

ဖြေ. တချို့က ၃ ရက်၊ တချို့က ၄ ရက် လာတတ်ပြီး ၃ ရက်နဲ့ ၇ ရက်ကြားလာရင် ပုံမှန်ပဲလို့ပြောကြပါတယ်။ သေချာသုတေသန ပြုလုပ်ထားချက်အရ ရာသီတစ်ခါလာရင် ပုံမှန်က ၄၀ စီစီ (လက်ဖက်ရည်အကြမ်းပန်းကန်တစ်လုံးလောက်)လို့ ဆိုပါတယ်။ ရာသီများတယ်ဆိုရင် ၈၀ စီစီ (လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံးကျော်)လောက်ကို ဆိုလိုပါတယ်။ တကယ်တော့ ရာသီလာတာများတယ်၊ နည်းတယ်ဆိုတာ ကိုယ့်စိတ်အပေါ်မူတည်တာများပါတယ်။ အင်္ဂလန်မှာ ဆရာအလုပ်လုပ်ခဲ့စဉ်တုန်းက အဲဒီကအမျိုးသမီးတွေက ရာသီလာတာများတယ်ဆိုပြီး ညည်းကြတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံက ရာသီဥတုကအေးတော့ စိုနေတာမကြိုက်ကြဘူး။ မြန်မာနိုင်ငံကတော့ တော်ရုံတန်ရုံရာသီလာတာလောက်ကတော့ မမှုပါဘူး။ ရာသီလာတယ်ဆိုတာ သွေးပုပ်တွေဆင်းတာ၊ များများဆင်းလေ ကောင်းလေဆိုတဲ့ အယူအဆတွေ ရှိနေတဲ့အပြင် များများဆင်းမှ သွေးပုပ်တွေစင်သွားတယ်လို့ ထင်တတ်ကြတော့ ရာသီများများလာတာကို သဘောကျတတ်ပါတယ်။ ဆေးရုံကို ရာသီများများလာလို့လာပြရင် ပိုးဟပ်ဖြူလေးလို ဖျော့တော့ပြီးမှပဲ ရောက်လာကြတာများပါတယ်။

မေး. ရာသီလာတာနဲ့ပတ်သက်ပြီး ရင်ဆိုင်ရတတ်တဲ့ ပြဿနာတွေရှိရင် သိပါရစေဆရာ။

ဖြေ. ရာသီလာတာနဲ့ပတ်သက်ရင် အမျိုးသမီးတွေကမျိုးစုံသော ပြဿနာတွေ ရင်ဆိုင်ရတတ်ပါတယ်။ ရာသီလာရင် ဆီးစပ်ပေါင်လယ်ကနေ ဆွဲဆုပ်လိုက်သလို ကိုက်ခဲနေတာ၊ ခါးကိုက်တာ၊ အိပ်ရာထဲမှာ ပုဇွန်တုပ်လေးလို ဒူးနဲ့ဗိုက်နဲ့ထိနေအောင်ကွေးပြီး အိပ်နေရတာ၊ စိတ်ဓာတ်ကျပြီး လုပ်ချင်ကိုင်ချင်စိတ် ဘာမှကိုမရှိတော့တာ၊ ဗိုက်အောင့်တာ၊ မူးဝေပျို့အန်တာ စတဲ့ ဝေဒနာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါတွေက တစ်ခါတလေ ဘာရောဂါမှမရှိဘဲနဲ့ ဖြစ်နေတတ်သလို တစ်ခါတလေကျရင် တခြားရောဂါတွေကြောင့် ကိုက်ခဲနာကျင်တာလည်း ရှိတတ်ပါတယ်။ ဥပမာ သားအိမ်ထဲမှာရှိတဲ့ အသားလုံးကြောင့် အပြင်းအထန် ကိုက်ခဲတတ်သလို နေရာလွဲမှား သားအိမ်အတွင်းသား (Endometriosis) ကြောင့်လည်း ကိုက်ခဲတတ်တယ်။ တစ်ခါတလေမျိုးပွားအင်္ဂါမှာ ပိုးတွေဝင်တာကြောင့် ကိုက်ခဲနာကျင်တတ်သလို တစ်ခါတစ်ရံ မွေးရာပါ မွေးလမ်းကြောင်းပိတ်ဆို့တဲ့ ဝေဒနာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဟိုတစ်လောကဆေးရုံကို အပျိုပေါက်လေးရောက်လာတယ်၊ အခုအထိ ရာသီမလာသေးဘူး။ အသက်က ၁၇ နှစ်လောက်ရှိနေပြီ၊ ဒါပေမဲ့ တစ်လတစ်ခါ အလွန်ကိုက်ခဲနာကျင်လို့ အိပ်ရာထဲမှာ အိပ်နေရတယ်၊ ဘာကြောင့်မှန်းမသိဘူး၊ မိဘတွေကလည်းနားမလည်ဘူး။ တဖြည်းဖြည်းနဲ့ ဗိုက်မှာအလုံးတစ်လုံးပေါ်လာလို့ စိတ်ပူပြီးရောက်လာတဲ့အခါကျတော့ မွေးလမ်းကြောင်းရဲ့ထိပ်မှာ အပေါက်မပါဘဲ ထိပ်မှာပိတ်နေတာ…

ဟိုတစ်လောက ဆေးရုံကို အပျိုပေါက်လေးရောက်လာတယ်၊ အခုအထိ ရာသီမလာသေးဘူး။ အသက်က ၁၇ နှစ်လောက်ရှိနေပြီ၊ ဒါပေမဲ့ တစ်လတစ်ခါ အလွန်ကိုက်ခဲနာကျင်လို့ အိပ်ရာထဲမှာအိပ်နေရတယ်၊ ဘာကြောင့်မှန်းမသိဘူး၊ မိဘတွေကလည်း နားမလည်ဘူး။ တဖြည်းဖြည်းနဲ့ ဗိုက်မှာအလုံးတစ်လုံးပေါ်လာလို့ စိတ်ပူပြီးရောက်လာတဲ့အခါကျတော့ မွေးလမ်းကြောင်းရဲ့ထိပ်မှာ အပေါက်မပါဘဲ ထိပ်မှာပိတ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီတော့ ရာသီလာတိုင်းလာတိုင်း အဲဒီသွေးတွေက သားအိမ်ရဲ့ ဟိုးမွေးလမ်းကြောင်းအဝမှာ သွားပိတ်ဆို့နေတယ်။ အဲဒီအခါကျမှ မွေးလမ်းကြောင်းကိုဖောက်ပြီး ပုံမှန် မိန်းမပီပီသသဖြစ်အောင် ပြန်လုပ်ပေးလိုက်ရပါတယ်။ ဒါကြောင့် ရာသီလာရင် ကိုက်ခဲတယ်၊ ရာသီလုံးဝမလာဘူး . . ဒီအခြေအနေတွေကို သတိထားဖို့ လိုပါတယ်။

ဘာအကြောင်းမှမရှိဘဲနဲ့ ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဆရာဝန်တွေက ဘာကြောင့်ဖြစ်တာလဲဆိုတာရှာဖွေပြီး အခြေခံရောဂါကိုမတွေ့မှ ဟော်မုန်းတွေကြောင့်ဖြစ်တာလို့ ကောက်ချက်ချရတတ်ပါတယ်။ ဒီဟော်မုန်းတွေဟာ အမျိုးသမီးတွေကို လှပအောင်ဖန်တီးပေးသလို အကြီးအကျယ် စိတ်ဓာတ်ကျအောင်လည်း လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုက်ခဲနာကျင်တဲ့ ရာသီခွင်တစ်ခုကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးလိပ်ငွေ့နဲ့ ဝေးဝေးရှောင်ရပါမယ်။ ဆေးလိပ်ငွေ့ရှူမိရင် ပိုဆိုးပါတယ်။ အစားအသောက်အနေနဲ့ အဆီအအိမ့်အချိုတွေ စားတာများရင် ပိုကိုက်ခဲတာကိုတွေ့ရပါတယ်။ ဝမ်းချုပ်ရင် လေးလံထိုင်းမှိုင်းပြီး နေရထိုင်ရပိုခက်ခဲပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေစားပြီး ရေများများသောက်၊ လေ့ကျင့်ခန်းလုပ်ရင်း ဝမ်းမှန်မှန်သွားအောင် ဂရုစိုက်ရပါမယ်။

တချို့က ရာသီလာတော့မယ်ဆိုရင် အိပ်ရာထဲ ခွေခေါက်နေတတ်ပါတယ်။ အဲဒီလိုလူတွေ ပိုဆိုးတတ်ပါတယ်။ အဲဒီအချိန်မှာ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်စရာရှိတဲ့ လေ့ကျင့်ခန်းတွေကိုဆက်ပြီး လုပ်ဆောင်နေဖို့လိုပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ စတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ ပြီးတော့ ရာသီလာတာသဘာဝပဲဆိုပြီး စိတ်နဲ့ခန္ဓာကိုယ်ကို ဖြေလျှော့တတ်ဖို့လည်းလိုပါတယ်။ လိုအပ်ရင် နှိပ်နယ်ပေးရပါမယ်။ ရေနွေးအိတ်လေးကပ်တာနဲ့ အပူပေးလို့လည်းရပါတယ်။

တချို့ဆိုရင် ရာသီလာတဲ့အခါ ဘာဆိုဘာမှ မလုပ်နိုင်တော့ဘူး။ ဘဝရဲ့ အရေးကြီးတဲ့ အခိုက်အတန့်တွေဖြစ်တဲ့ စာမေးပွဲဖြေတာ၊ မင်္ဂလာဆောင်တာ၊ အရေးကြီးတဲ့ အလုပ်ကိစ္စရှိတာ၊ ခရီးသွားရတာစတဲ့ အကြောင်းကိစ္စတွေပေါ်ရင် ရာသီခွင်ကို ရွှေ့လိုက်လို့ရပါတယ်။ ရာသီခွင်ကို နောက်ငါးရက်ရွှေ့မလား၊ ၁၀ရက် ရွှေ့မလား၊ ၁၅ ရက်ရွှေ့မလား . . ဟော်မုန်းဆေးတွေသုံးပြီး ရက်ရွှေ့လို့ရပါတယ်။ အဲဒီအချိန်မှာ အကိုက်အခဲသက်သာစေတဲ့ ဆေးတွေကိုဆောင်ထားပြီး သောက်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top