Healthy Life Ad
Child

ကလေးများတွင် ဖြစ်တတ်သည့် ပန်းနာရင်ကျပ်ရောဂါ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ။ ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ ။ ကလေးတွေမှာ ဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါက နာတာရှည်ရောဂါလို့ ပြောလို့ရပါတယ်။ အသက် ၄-၅ နှစ်အရွယ်လောက်ဆိုရင် ပန်းနာရင်ကျပ်ရောဂါ လက္ခဏာက စပြတတ်ပါတယ်။ အဓိက ဆက်စပ်နေတာက ပတ်ဝန်းကျင်မှာရှိတဲ့ အမှုန်အမွှားတွေများတာ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းတာ၊ ပတ်ဝန်းကျင် မသန့်ရှင်းတာတွေနဲ့ ဆက်စပ်နေပါတယ်။ ပြီးတော့ အနံ့အသက်၊ ပန်းဝတ်မှုန်၊ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တတ်ပါတယ်။ နောက်တစ်ချက်က ကလေးနားမှာ ဆေးလိပ်သောက်ပြီး ကလေးကဆေးလိပ်ငွေ့ရှူမိတာကြောင့်လည်း ဆက်စပ်ပြီး ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပေါ်နိုင်ပါတယ်။ အရမ်းအေးလွန်းတဲ့အခါနဲ့ အရမ်းပူလွန်းတဲ့အခါတွေမှာလည်း ပန်းနာရင်ကျပ်ရောဂါဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း ညှော်နံ့တွေ ရှူမိတာ၊ အမွှေးတိုင်က အနံ့တွေရှူမိတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း ဓာတ်မတည့်တဲ့ အစားအသောက် (ဥပမာ-ပင်လယ်စာ၊ မြေပဲ) စတာတွေစားမိရင်လည်း ဆက်စပ်ဖြစ်ပေါ်တတ်ပါတယ်။ ဒါ့အပြင် ဘာကြောင့်မှန်းမသိဘဲနဲ့ ဖြစ်ရတာတွေလည်း ရှိပါတယ်။
တစ်ခါတလေကျရင် မိသားစုထဲမှာ ပန်းနာရင်ကျပ်ရောဂါရာဇဝင်ရှိရင် ကလေးမှာလည်းပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေ များပါတယ်။

မေး ။ ။ ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ ။ ။ ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်ရင် ချောင်းဆိုးတာနဲ့ ပြတတ်တယ်။ ချောင်းဆိုးရင်းနဲ့ အသက်ရှူတဲ့အခါ “ရွှီ . . ရွှီ . . ရွှီ”ဆိုပြီး မြည်တာမျိုးနဲ့ ပြတတ်ပါတယ်။ ကလေးတွေက အသက်ရှူကျပ်လာတယ်၊ အသက်ရှူမြန်လာတယ်၊ တချို့ကလေးတွေဆိုရင် ချောင်းဆိုးရင်း အသက်ရှူအရမ်းကျပ်လာပြီး နှုတ်ခမ်းတွေပြာလာတဲ့အထိ ဖြစ်တတ်ပါတယ်။

မေး ။ ။ ကလေးတွေမှာ လှုပ်ရှားမှုများလို့၊ လေ့ကျင့်ခန်းလုပ်တာများလို့ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ရတယ်ဆိုပြီး မိဘတချို့ကထင်မြင်ယူဆကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါဦးဆရာ။
ဖြေ ။ ။ တကယ်တော့ အားကစားလုပ်တာက ပန်းနာရင်ကျပ်ရောဂါ ဖြစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ အားကစားလုပ်တာက ကလေးတွေကိုပိုတောင် ကျန်းမာရေး ကောင်းစေတဲ့ လှုပ်ရှားမှုပါ။ တစ်ခုသတိထားရမှာကတော့ ကလေးတွေ ကစားတဲ့နေရာမှာ လေထုညစ်ညမ်းနေသလား၊ အကြော်တွေကြော်နေသလား၊ အမှိုက်တွေ မီးရှို့နေသလား၊ ဖုန်တွေထူထဲနေသလား၊ အခိုးအငွေ့တွေများနေသလား စတာတွေကို ဆန်းစစ်ရပါမယ်။ အဲဒီလိုပတ်ဝန်းကျင် ညစ်ညမ်းနေရင်တော့ မသင့်တော်ပါဘူး။ ကလေးတွေကစားတဲ့နေရာက လေထုသန့်ရှင်းနေဖို့၊ အလုံပိတ်အခန်းတွေမဖြစ်စေဖို့လည်း အရေးကြီးပါတယ်။ ကစားကွင်းကမသန့်ဘူး၊ အမှုန်အမွှားတွေ၊ ဖုန်မှုန့်တွေနဲ့ ညစ်ညမ်းမှုများနေတယ်ဆိုရင်တော့ ဆက်စပ် ဖြစ်ပေါ်နိုင်ခြေရှိပါတယ်။

မေး ။ ။ ပန်းနာရင်ကျပ်ရောဂါက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။
ဖြေ ။ ။ ပန်းနာရင်ကျပ်ရောဂါက မိဘတွေမှာဖြစ်ရင် သားသမီးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သားသမီးတိုင်း ဖြစ်ရမယ်လို့တော့ မဟုတ်ပါဘူး။ မျိုးရိုးလိုက်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါရှိတဲ့ ကလေးနဲ့တခြား ကလေးတွေ အတူတူထားတာကြောင့်တော့ မကူးတတ်ပါဘူး။

မေး ။ ။ ကလေးဘဝမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်ရင် ကြီးတဲ့အထိ ဖြစ်သွားမှာလား ဆရာ။
ဖြေ ။ ။ ဟုတ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါက နာတာရှည်ရောဂါပါ။ အဲဒီအခါ အရမ်းပူတဲ့ရာသီဥတုမှာ ရင်ကျပ်တာ၊ အရမ်းပူတဲ့ ရာသီဥတုမှာ ရင်ကျပ်တာ၊ ပုဇွန်စားမိလို့ ရင်ကျပ်တာ၊ မြေပဲစားမိလို့ရင်ကျပ်တာ၊ ရေမွှေးနံ့ရှူမိလို့ရင်ကျပ်တာ စသဖြင့်ကိုယ်နဲ့ မတည့်တဲ့အရာနဲ့ တွေ့တိုင်း ရင်ကျပ်ရောဂါထနေမှာ ဖြစ်ပါတယ်။ ဒီတော့ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ဖို့၊ ပတ်ဝန်းကျင် သန့်ရှင်းဖို့နဲ့ နေအိမ်ခန်းတွေသန့်ရှင်းဖို့ အလေးထားရပါတယ်။

မေး ။ ။ ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါ မထစေ ဖို့ မိဘတွေက ဘယ်လို ဂရုစိုက်သင့်ပါသလဲ ဆရာ။
ဖြေ ။ ။ ကလေးနားမှာ ဆေးလိပ်မသောက်ဖို့၊ အမွှေးတိုင် မထွန်းဖို့၊ ခြင်ဆေးထွန်းတာ၊ ဓာတုပစ္စည်းပါတဲ့ ဖျန်းဆေးဖြန်းတာတို့ မလုပ်ဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက ဟင်းချက်တဲ့ မီးဖိုချောင်ထဲမှာ မီးခိုးတွေနဲ့ ပြည့်နေရင် ကလေးတွေကို မသွားစေဖို့လည်းလိုပါတယ်။ နောက်တစ်ခုက အရမ်းပူတဲ့အချိန်မှာဆိုရင် အင်္ကျီကိုပါးပါးလေး ဝတ်ထားပြီး လေကောင်းလေ သန့်ရတဲ့နေရာမှာ နေခိုင်းရပါမယ်၊ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားပေးရပါမယ်။ ပြီးတော့ ကလေးနဲ့မတည့်တဲ့ အစားအသောက်တွေကို မှတ်ထားပြီး မြေပဲနဲ့မတည့်ရင် မြေပဲကိုရှောင်ခိုင်းရပါမယ်၊ တချို့ဆိုရင် ပုဇွန်နဲ့မတည့်တဲ့အခါ ပုဇွန်ကိုရှောင်ခိုင်းရပါမယ်။ အနံ့စူးတာမကြိုက်ရင် အဲဒီကလေးတွေနားမှာ အနံ့စူးတာတွေ မထားမိအောင် သတိထားရပါမယ်။ ကလေးတွေကို လေကောင်းလေသန့်ရတဲ့ဖနရာမှာ ကစားခုန်စားလုပ်ခိုင်းဖို့ လိုပါတယ်။

မေး ။ ။ ကလေးတွေမှာ Ventolin ရှူရပြီဆိုရင် ပန်းနာရင်ကျပ်ရောဂါအဆင့် မြင့်ပြီဆိုပြီး တချို့ကယူဆ ကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ ။ ။ အဲဒီလို မဟုတ်ပါဘူး။ အခုနောက်ဆုံး ဆေးကုသမှုဆိုင်ရာအယူအဆတွေအရ ရာသီပေါ်တုပ်ကွေးကော အဆုတ်ရောင်ရောဂါတွေမှာပါ လိုအပ်လာရင် Ventolin ရှူရတာတွေ ရှိလာပါတယ်။ အဲဒါမှ ချက်ချင်းချောင်းဆိုးသက်သာသွားလို့ပါ။ ရင်ကျပ်တတ်လို့ Ventolin ဆောင်ထားတဲ့အခါ ခရီးသွားတာပဲ ဖြစ်ဖြစ်၊ ကျောင်းသွားတာပဲဖြစ်ဖြစ် ရင်ကျပ်လာရင် ဒါလေးရှူပေးလိုက်တဲ့အခါ ချက်ချင်းသက်သာ သွားတတ်ပါတယ်။ သက်စောင့်ဆေးသဘောမျိုး တစ်ခေါက်လောက် ရှူလိုက်ရုံနဲ့ ဝေဒနာသက်သာ သွားပါလိမ့်မယ်။

မေး ။ ။ ပန်းနာရင်ကျပ်ရောဂါမဖြစ်တဲ့ ကလေးတွေကို ဘယ်လို ကာကွယ်ပေးသင့်ပါသလဲ ဆရာ။
ဖြေ ။ ။ အဓိကကတော့ ကလေးတွေကို လက်သန့်ရှင်းရေး အလေးထားထိန်းသိမ်းခိုင်းရပါမယ်။ အိမ်သာတက်ပြီးတိုင်း၊ ထမင်းမစားခင်၊ ကျောင်းကပြန်လာ တိုင်းအလေ့အကျင့်တစ်ခုအနေနဲ့ လက်ကိုသန့်ရှင်း အောင်ဆပ်ပြာနဲ့ ဆေးကြောဖို့အရေးကြီးပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း အလေးထားရပါမယ်။ ပြီးတော့ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ အိမ်တွင်း သန့်ရှင်းရေးကို သတိထားရပါမယ်။ ကလေးအနားမှာ ခြင်ဆေးထွန်းတာ၊ ဆေးလိပ်သောက်တာတွေ ရှောင်ရပါမယ်။ ကလေးကို ကစားခုန်စားလုပ်ခိုင်းရပါမယ်။

မေး ။ ။ ပန်းနာရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင်သိပါရစေ ဆရာ။
ဖြေ ။ ။ ပန်းနာရင်ကျပ်ရောဂါက သေချာမကုဘဲထားရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်ခံစားရတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးမှာ ဖြစ်ပေါ်လာရင် မဆိုင်းမတွဘဲ နီးစပ်ရာ ဆေးခန်း၊ ဆေးရုံ၊ ကျန်းမာရေးဌာန စတာတွေမှာ အမြန်ဆုံးပြသတိုင်ပင်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အိမ်တွင်းအိမ်ပြင် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အလေး ထားရပါမယ်။ ကလေးနားမှာ ဆေးလိပ်မသောက်ဖို့၊ ခြင်ဆေးမထွန်းဖို့၊ အလုံပိတ်ထားချိန်မှာ အမွှေးနံ့သာတွေမထွန်းဖို့ ဂရုစိုက်သင့်ပါတယ်။

******

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top