Healthy Life Ad
Life Style

ကင်ဆာကြောင့် ခြောက်လလောက်ပဲခံတော့မယ်လို့ ဆရာဝန်တွေက ဆိုခဲ့ပေမယ့် ၁၂ နှစ်ကြာခဲ့ပြီဖြစ်တဲ့ ကိုအောင်ကိုထက်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက် ၂၅နှစ်အရွယ် အင်ဂျင်နီယာကိုအောင်ကိုထက်သည် ၂၀ဝ၄ခုနစ် နိုဝင်ဘာလတွင် (၂၂) ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းများ ညီလာခံပြန်ကြားရေးကော်မတီ မျိုးဆက်သစ် အင်ဂျင်နီယာတာဝန်ခံ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း News Letter အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ရင်း MICTအင်ဂျင်နီယာအသင်းရုံးမှအပြန် ကားပေါ်က ဆင်းတိုင်း မိုက်ခနဲ ဖြစ်နေသည်မှာ လေး-ငါးခါဖြစ်လာခဲ့သည်။ ညဘက်ဆိုလျှင် ဖျားလိုက်၊ နေ့ဘက်အဖျားကျလိုက် ဖြစ်နေသည်မှာလည်း တစ်လခန့်ရှိလာခဲ့သည်။ ၂၀ဝ၄ ဒီဇင်ဘာလတွင် အဖျားကြာပြီး လူကအားနည်းလာသဖြင့် ညီလာခံပိတ်ပွဲနေ့ကိုသာ တက်ရောက်နိုင်ခဲ့သည်။

၂၀ဝ၄ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နယ်မြို့လေးတစ်ခုသို့ အလုပ်ကိစ္စဖြင့် သွားရောက်သည့်အခါ ထမင်းစားရင်း နှာခေါင်းတွင်းမှသွေးများ ယိုစီးလာခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မာစတာသွားတက်ရန် ပံ့ပိုးပေးမည့်သူများ ရန်ကုန်လာတော့မည်ဖြစ်သဖြင့် ရန်ကုန်ပြန်လာခဲ့သည်။

“၂၀ဝ၅ ဇန်နဝါရီလမှာ မာစတာတက်ဖို့ Sponsor ပေးသူတွေ ချိတ်ပေးတဲ့ အေးဂျင့်ဆီကို သွားတော့ ကားပေါ်ကအဆင်း မိုက်ခနဲ မှောင်အတိ ကျသွားတယ်။ လဲမသွားအောင် အနားက ဓာတ်တိုင်ကို မှီထားရတယ်။ အဲဒီမှာ ပါလာတဲ့ အဖော်က ကားငှားပေးလို့ အစ်ကို အိမ်ပြန်ရောက်ခဲ့ရတယ်။ ၂၀ဝ၅ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ SSC မှာ ဆရာကြီး ပါမောက္ခဦးရဲမြနဲ့ပြတော့ ရန်ကုန်ဆေးရုံကြီး သွေးဌာနကိုချက်ချင်းတက်ခိုင်းခဲ့ပါတယ်။ ဆေးရုံကြီးကို ရောက်ရောက်ချင်း အခန်းလွတ်မရှိသေးလို့ အပြင်မှာပဲနေရတယ်။ နောက်တစ်နေ့ကျတော့ ခြင်ဆီဖောက်ပြီး အသားစယူပါတယ်”ဟု ကိုအောင်ကိုထက်က ဆိုသည်။

ဆေးရုံကြီးတွင် သူ့ဘဝ၏ ကယ်တင်ရှင် ဆရာမကြီးပါမောက္ခဒေါ်အေးအေးကြီးနှင့် စတင်ဆုံဆည်းခဲ့ကြောင်း ကိုအောင်ကိုထက်က ပြောသည်။ “ဆေးရုံစတက်တုန်းက နက်ဖြန် သဘက်ခါ လောက်ဆိုရင် ကျန်းမာရေး ပြန်ကောင်းပြီး ဆေးရုံက ဆင်းရမယ် ထင်နေတာ။ သွေးစစ်တော့ သွေးဖြူဥက ကိုးသောင်းကျော်၊ နောက်တစ်သိန်းကျော်ဆိုတော့ အစ်ကို့အခြေအနေကို ရိပ်မိစပြုလာပါတယ်”

ကာတွန်းဆရာ တင်အောင်နီ၏ သားဖြစ်သူကိုအောင်ကိုထက်သည် ငယ်စဉ်ကပင် စာဖတ်ဝါသနာပါခဲ့ပြီး ဆရာကြီး ပီမိုးနင်းရေးသားသည့် “ကြီးပွား အောင်မြင်ရေးနှင့် ထွက်သက်ဝင်သက်ကျမ်း”၊ဆရာ ချစ်စံဝင်းရေးသည့် “ဤခရီးနီးသလား”၊ မိုးကုတ်ဆရာတော်ဘုရားကြီး၏ “သစ္စာလေးပါး တရားစဉ်”စာအုပ်၊ ရတနာမွန်၊ မြတ်မင်္ဂလာ သီလဝစာစောင် အစရှိသည်တို့ကို ဖတ်ခဲ့ဖူးပြီး ထိုစာပေ အသိတရားများနှင့် Reader’s Digest အထဲပါသည့် လူနာများ အကြောင်းက သူခံစားရသော သွေးကင်ဆာ(ALL)အမျိုးအစားအတွက် ဆေးကုသမှုခံနိုင်ရည်ရှိစေရန် ပံ့ပိုးပေးခဲ့ကြောင်း ပြောပြခဲ့သည်။

“တစ်ညနေမှာ အဖေနဲ့ အမေက ‘ခြောက်လလောက်ပဲခံတော့မယ်လို့ ဆရာဝန်ကြီးတွေက ပြောတယ်’လို့ လာပြောပါတယ်။ အဲဒီအချိန်မှာငယ်ငယ်က ဖတ်ဖူးတဲ့ ဆရာကြီး ဦးဖေသိန်းရေးဆွဲခဲ့တဲ့ ၃၈ ဖြာမင်္ဂလာကာတွန်းစာအုပ်ထဲက “အကျိုးဆောင်” ဆို တဲ့ ဇာတ်လမ်းကို ရုတ်တရက် အမှတ်ရလိုက်တယ်။ ၇ ရက်အတွင်း သေတော့မယ်လို့ ဒိသာပါမောက္ခ ဆရာကြီးက တွက်ချက်ပြီး ပညာသင်မပေးတော့ဘဲ ပြန်လွှတ်လိုက်တဲ့အခါ လမ်းခရီးမှာပြုတဲ့ ကုသိုလ်ကောင်းမှုအရှိန်ကြောင့် မသေဘဲ ဆရာကြီး ပြန် ရောက်လာတာလေ။ အဲဒါနဲ့ဒီခြောက်လကို သောကကင်းကင်း ဘယ်လိုဖြတ်သန်းမလဲဆိုတာကိုပဲ စဉ်းစားလိုက်တယ်။စိတ်ထဲမှာ မာစတာသွားမတက်ရတာကို သောက ဖြစ်နေတယ်။ ဒါပေမဲ့ ဆရာတော် ဦးဇောတိက စာအုပ်တွေကို စွဲစွဲမြဲမြဲဖတ်ဖူးတော့ ဒီအခြေအနေမှာ မှန်မှန်ကန်ကန် ရင်ဆိုင်တတ်ဖို့ အထောက်အပံ့ ကောင်းတွေ ရခဲ့ပါတယ်။ အဲဒါနဲ့ ကဲ . . ဒီလို အခြေအနေမှာ အရင်က မအားလို့ မဖတ်ဖြစ်ခဲ့တဲ့ စာအုပ် တွေကိုဖတ်ဖို့ အခွင့်ကောင်းပဲဆိုပြီး စာအုပ်တွေဖတ်တယ်။ ဆရာကြီး ဦးအေးမောင်ရေးတဲ့ “သေသည် ၏အခြားမဲ့၌” ဆိုတဲ့စာအုပ်ထဲက “ဘဝချုပ်ငြိမ်းကာနီးအသိပညာရှိမှု”အခန်းက အတော်အထောက် အပံ့ပြုခဲ့ပါတယ်” ဟု ကိုအောင်ကိုထက်က ပြောသည်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ “အခြေပြုပဋ္ဌာန်း”စာအုပ်ကို ဖတ်ခဲ့ရာမှ ယခုဘဝတွင် ပဋ္ဌာန်းကျမ်းမြတ်ငါးကျမ်းကို ရွတ်ဖတ်ပူဇော်မည်ဟု ယခင်ကတည်းက စိတ်ကူးထားရာ ဆေးရုံတက်နေစဉ် စတင် ရွတ်ဖတ် ပူဇော်ဖြစ်ခဲ့ကြောင်း ကိုအောင်ကိုထက်က ဆိုသည်။

“ဆေးရုံတက်ရတဲ့ နေ့ရက်တွေက ကြာလာတော့ အစပိုင်းက တစ်ယောက်တည်းနေခဲ့ပေမယ့် နောက်ပိုင်း တခြားလူနာတွေနဲ့ မိတ်ဖွဲ့တယ်၊ ညနေ အမေလာရင် အိမ်က ကြော်လာတဲ့ ငါးမုန့်ကြော်၊ စားစရာတွေ၊ လက်ဖက်သုပ်တွေနဲ့အတူ သူတို့နဲ့ ဝိုင်းဖွဲ့ စားသောက်တယ်။ ပြောရရင် ဘဝရဲ့ ခါးသီးမှုဒဏ်ရာတွေကိုအတူ ပေါ့ပေါ့ပါးပါး မေ့ဖျောက်နိုင်ဖို့ ကြိုးစားခဲ့တာပေါ့၊ ပျော်ပျော်ပါးပါးနေကြတယ်”

ဆေးကုသမှု ခံယူနေသည့်တစ်လျှောက် မိဘနှစ်ပါး၏ ပြုစုစောင့်ရှောက်မှု၊ ညီဝမ်းကွဲတစ်ဦး၏ စောင့်ရှောက်မှုက အရေးပါခဲ့ကြောင်း သိရသည်။“အစ်ကိုက အစားအသောက်ကို အပျက်မခံဘူး။ ဘာစားချင်သလဲဆိုတာကို အမြဲစဉ်းစားပြီး အမေနဲ့ ညီလေးကို ပြောလိုက်တော့ သူတို့က ရှာဝယ်ပေးတယ်။ အဲဒါကြောင့်လည်း ဆေးဒဏ်ခံနိုင်ရည် ရှိတယ်လို့ ထင်ပါတယ်”ဟု ကိုအောင်ကိုထက်က ဆိုသည်။

ခါးဆေးထိုးခြင်း၊ ဓာတ်ကင်ခြင်းစသည့် ဆေးကုသမှုဒဏ်များကြောင့် ညာဘက်မျက်စိသည် ဆေး ရုံတက်နေစဉ်ပင် တဖြည်းဖြည်း မှုန်ဝါးလာရာမှ စောင်းသွားခဲ့ကြောင်း ကိုအောင်ကိုထက်က ဆိုသည်။

“အရင်က တရားထိုင်ဖူးပါတယ်။ အနည်းငယ် ထုံကျင်ကိုက်ခဲတဲ့ ဝေဒနာကို သတိကောင်းကောင်း နဲ့ကျော်ဖူးတော့ ကိုယ့်ကိုယ်ကိုယ် သမာဓိအားကောင်းပြီလို့ ထင်ခဲ့တာ။ တကယ်သေလောက်တဲ့ ဝေဒနာနဲ့တွေ့တော့ ဘယ်လိုမှမှတ်လို့မရတော့ဘူး။ အဲဒီအချိန်မှာ “အရဟံ၊ ဘဂဝါ၊ ဗုဒ္ဓေါ”အဲဒီလို စာလုံးတွေကိုပဲ အာရုံပြုနိုင်ခဲ့တယ်။ မျက်စိရှေ့မှာ သေတဲ့သူတွေ ကြုံနေပေမယ့် အထိတ်တလန့်တော့ မဖြစ်ခဲ့ဘူး”

၂၀ဝ၈ ခုနှစ်တွင် ဆေးကုသမှုများ အောင်မြင်စွာ ပြီးဆုံးခဲ့သဖြင့် ကိုအောင်ကိုထက် အထူးပျော်ရွှင်သော်လည်း အနေအထိုင် ဆင်ခြင်မှုမရှိလျှင် ရောဂါပြန်ဖြစ်နိုင်သည်ကို အခြားသွေးကင်ဆာလူနာတို့၏ အဖြစ်အပျက်များအားသင်ခန်းစာယူပြီး ဝမ်းမပျက်စေရန်နှင့်အဖျားမတက်စေရန် အထူးဂရုစိုက်ရသည်။

“၂၀ဝ၈ ကနေ ၂၀၁၀ အထိ အိမ်မှာပဲ နားနေ ရင်း စာဖတ်တယ်၊ ၁၀ တန်းအောင်ထားတဲ့ အိမ်နီး ချင်းကလေးတွေကို ကွန်ပျူတာအခြေခံသင်ပေးတယ်၊ AutoCad သင်ပေးခဲ့တယ်။ ၂၀၁၁ကျတော့ ကျန်းမာရေး ကောင်းလာပြီလို့ ခံစားရတာနဲ့ မျက်စိတစ်ဖက်က ကောင်းသေးတယ်ဆိုပြီး စာမေးပွဲဖြေဖို့ ှSelf-Studyလုပ်ကြည့်တယ်။ ဒါပေမဲ့ မရတော့ဘူး။ ဆေးဒဏ်တွေကြောင့် အာရုံစူးစိုက်နိုင်အားကလည်း ကျသွားတယ်၊ မှတ်သားနိုင်စွမ်းလည်း မရှိတော့ဘူး။ တွေးတောစဉ်းစားနိုင်မှုအပိုင်းကလည်း အတော်လေး လျော့ရဲသွားတယ်။

သရဲကား၊ ဆူညံတဲ့ ဇာတ်ကားတွေ ကြည့်မိရင် အလွန်အမင်း ရင်တုန်နှလုံးတုန်တတ်တယ်၊ စိတ်လှုပ်ရှားရင် လက်တုန်ခြေတုန်ဖြစ်လာတယ်၊ နည်းနည်းလေး ထိခိုက်မိရင် အညိုအမည်းစွဲလွယ်တယ်။

“မေ့လျော့ပြီး အာရုံစိုက်နိုင်စွမ်း နည်းလာလို့ ဆရာမကြီး ဒေါ်အေးအေးကြီးက အလေ့အကျင့်လုပ်ခိုင်းပါတယ်။ မနက်က ဘာလုပ်ခဲ့သလဲ၊ မနေ့က ဘာစားခဲ့သလဲ၊ တစ်နေ့က ဘယ်သူနဲ့တွေ့ခဲ့သလဲ . .စသဖြင့် အလေ့အကျင့်လုပ်လိုက်တော့ စာပြန်ကြည့်နိုင်ခဲ့ပါတယ်”

ဟု ကိုအောင်ကိုထက်က ဆေးကုသမှု အောင်မြင်ပြီးနောက် နေထိုင်မှုပုံစံကို ပြောပြခဲ့သည်။ထိုနည်းဖြင့်ပင်ကိုအောင်ကိုထက်သည် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် CCNA စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ပြီး အခြားစာမေးပွဲများဖြေရန် ကြိုးစားလျက်ရှိသည်။

ယခုအခါ ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ကိုအောင်ကိုထက်သည် ဘဝတူ သွေးကင်ဆာရှိသူများ ကို ကူညီအားပေးရန် သွေးကင်ဆာရောဂါရှင်များ ကူညီစောင့်ရှောက်မှုအသင်း(MLLS)တွင်အတွင်းရေးမှူးအဖြစ် ပါဝင်ကူညီလျက်ရှိသော ကိုအောင်ကိုထက်က-“အစ်ကိုဆိုရင် ငယ်ငယ်ကဖျားပြီးတက်တော့ ဆေးအပြင်းစားတွေနဲ့ ထိတွေ့ခဲ့ရလို့ ဖြစ်တယ်လို့ ထင်တာပါပဲ။

အစ်ကိုတို့နိုင်ငံရဲ့ နေ့စဉ်နေထိုင်မှုပုံစံကိုက ရောဂါဆိုးတွေ ဖြစ်အောင် တွန်းပို့နေသလိုပါပဲ။ ဆိုးဆေးတွေ၊ ဓာတုဆေးဝါးတွေ၊ မကောင်းတဲ့စားသုံးဆီတွေ၊ သဘာဝမဟုတ်တဲ့ အသီးအနှံတွေ၊ တရားမဝင် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးတွေကြောင့် သွေးကင်ဆာဖြစ်နှုန်းများပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်သူတွေ အဖြစ်များသလို စက်မှုဇုန်ရှိတဲ့ နေရာတွေမှာ နေထိုင်သူအများစုလည်း ဖြစ်ပွားတာကိုတွေ့ရပါတယ်။ စားသုံးသူတွေ အသိရှိဖို့တင်မကဘူး၊ ထုတ်လုပ်တဲ့သူတွေ အသိဉာဏ်ရှိဖို့ကိုပါ တာဝန်ရှိသူတွေက ထိန်းချုပ်ပေးစေချင်ပါတယ်

”ဟု ကိုအောင်ကိုထက်က ဆိုသည်။

အခြားကင်ဆာဖြစ်နေသူများအား-
“အခုနောက်ပိုင်းမှာ ဆေးဝါးတွေက ခေတ်မီလာပါပြီ။ ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့။ ဆရာဝန်ကြီးတွေ ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပြီး သေသေချာချာ လိုက်နာဖို့၊ ကုသတဲ့ကာလ နှစ်နှစ်-သုံးနှစ်လောက်ကို ပြီးဆုံးအောင်ကုဖို့ မှာချင်ပါတယ်။ အထူးသဖြင့် တခြားဆေးမြီးတိုတွေမလုပ်ဖို့ ပြောချင်ပါတယ်။ အဲဒီလို လျှောက်လုပ်ရင် ဆရာဝန်ပေးတဲ့ ဆေးနဲ့ဆေးမြီးတိုတွေ မတည့်တဲ့အတွက် လူနာ ဒုက္ခရောက်တတ်တယ်ဆိုတာ သတိပေးချင်ပါတယ်။ အာဟာရပြည့်မယ့်အစာကိုဝင်အောင် စားဖို့လည်း အရေးကြီးပါတယ်။ ပြီးတော့ အတွေးမများဘဲ နေကောင်းအောင်နေမယ်ဆိုရင် ကုသမှုကို အောင် အောင်မြင်မြင်ဖြတ်ကျော်နိုင်မှာပါ”ဟု ကိုအောင်ကိုထက်က အကြံပြု စကားပြောကြားလိုက်ပါသည်။

(ဓာတ်ပုံများကို ကိုအောင်ကိုထက်၏ ခွင့်ပြု ချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top