Healthy Life Ad
Life Style

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (Effective Altruism in medical needs)…(၄)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဒီအဖြစ်အပျက်တချို့ကို လေ့လာသုံးသပ်ကြည့်ရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အလှူအတန်းတွေဟာ တခြားသော လူမှုရေးအလှူတွေနဲ့မတူဘဲ လှူခြင်းရဲ့အကျိုးဟာ ဘယ်လောက်ရှိသလဲဆိုတာ သင်္ချာတွက်သလို တိတိကျကျတွက်လို့ မရနိုင်ပါဘူး။ ဒီဥပမာတွေက လူတစ်ဦးတည်းကိုသာ ဦးစားပေးထားလို့ ထိရောက်မှုနည်းတယ်လို့ ယူဆနိုင်ပေမယ့် သေဘေးကလွတ်ကင်းသွားစေပြီး အထူးခြားဆုံး ပြောင်းလဲခြင်းတွေဖြစ်စေတဲ့ အလှူဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် အကျိုးများတဲ့အလှူလို့ ပြောနိုင်ပါတယ်။

နယ်တွေမှာ ကွင်းဆင်းဆေးကုထွက်ရင် တွေ့ကြုံရတာလေးတွေကိုလည်း အကျိုးဘယ်လောက် များသလဲဆိုတာ လေ့လာကြည့်ပါမယ်။ ဆရာဝန်တွေ၊ အထူးကုတွေကိုယ်တိုင်သွားရောက်ပြီး ကုသပေးတာကတစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနည်းတဲ့ နေရာဒေသတွေမှာ အလိုအပ်ဆုံးသော လူအများအပြားကို ကောင်းစေတဲ့အတွက်တစ်ကြောင်း လွန်စွာအကျိုးရှိပါတယ်။

ပစ္စည်းကိရိယာမစုံလင်တဲ့ဒေသမှာ ဝေဒနာရောဂါရှိသူတွေကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အီးစီဂျီနဲ့နှလုံးရောဂါစစ်ပေးခြင်း၊ သွေးချိုစစ်ပေးခြင်း၊ သွေးတိုးစစ်ပေးခြင်း၊ အရိုးရောဂါကုပေးခြင်း၊ မျက်စိခွဲစိတ်ခြင်း၊ အဖုအကျိတ်တွေအသေးစားခွဲစိတ်ခြင်း၊ သားဖွားနဲ့ မီးယပ်ရောဂါ၊ ကလေးရောဂါ စတဲ့ ရောဂါပေါင်းစုံ ဖြေရှင်းနိုင်သလောက် ဖြေရှင်းပေးနိုင်လို့ အားလုံးအကျိုးရှိပါတယ်။ အသက်အန္တရာယ်အတွက် အရေးကြီးပြီး ဆက်လက်ရောဂါရှာဖွေကုသဖို့ လိုအပ်သူတွေကိုလည်း သင်လျော်မှန်ကန်စွာ ညွှန်ကြားပေးနိုင်ပါတယ်။

ဒီအထဲမှာ အခမဲ့ဆေးပေးဝေတာက မပါမဖြစ် ဆွဲဆောင်မှုအားအကောင်းဆုံး ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဆေးတွေပေးဝေရာမှာ လူတိုင်းသောက်သုံးနိုင်တဲ့ဆေးကတော့ ဗီတာမင်အားဆေးတွေပါပဲ။ ဘာရောဂါမှမရှိရင်လည်း အားဆေးလေးတော့ ပေးလိုက်ကြပါတယ်။ တကယ်တော့ ဗီတာမင်အားဆေးတွေဟာ ဗီတာမင်ချို့တဲ့သူတွေအတွက် အကျိုးရှိနိုင်ပေမယ့် သာမန်လူတွေအဖို့ အကျိုးသိပ်မရှိလှပါဘူး။ ဒီကုန်ကျမှုကို တခြားနေရာမှာ ပိုသုံးသင့်ပါတယ်။ အတွေ့အများဆုံး ပြဿနာတွေကတော့ နေ့စဉ်ဖြစ်နေကျ ညောင်းညာကိုက်ခဲတာ၊ ဖျားတာ စတာတွေပဲဖြစ်ပါတယ်။ ဗိုက်နာပြီး အစာအိမ်ရောဂါဖြစ်တာတွေလည်း တွေ့ရတတ်ပါတယ်။

နာတာရှည်ရောဂါတွေနဲ့ပတ်သက်လို့ အတွေ့အကြုံလေးတွေ ဆက်ပြီးပြောပြလိုပါတယ်။ အများဆုံးတွေ့ရမယ့် နာတာရှည်ရောဂါတွေကတော့ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ အဆုတ်ပွရင်ကျပ်ရောဂါတွေ ဖြစ်ပါတယ်။ ဆီးချိုရောဂါရှင်တွေကို သွေးတွင်းသကြားဓာတ်ပမာဏ ဒီနေ့ဘယ်လောက်ရှိသလဲ၊ အခုစစ်လိုက်တဲ့ Spot random blood sugar သွေးအဖြေတစ်ခုတည်းကိုကြည့်ပြီး ဆေးတွေအတိုးအလျော့ လုပ်ပေးနေတာဟာ မမှန်နိုင်ပါဘူး။ အကျိုးသိပ်မရှိနိုင်ပါဘူး။ အမှားအယွင်းတွေလည်းရှိနိုင်ပါတယ်။ ပိုမိုကုန်ကျပေမယ့် သွေးချိုထိန်းတာ ကောင်း၊ မကောင်းကို ပိုမြင်ရတဲ့ သွေးချိုစစ်နည်းကတော့ သုံးလပျမ်းမျှ သွေးချိုလို့ လွယ်ကူအောင်ခေါ်ထားတဲ့ HbAlc ကို စစ်တာက များစွာပိုအသုံးဝင်ပါတယ်။ ဆေးညှိရာမှာ ပိုတိကျပါတယ်။

ချိန်မှတ် (Target) တစ်ခုဖြစ်တဲ့ ၇ ရာခိုင်နှုန်းမရရင် နောက်ဆက်တွဲရောဂါတွေ ဝင်ရောက်နိုင်ကြောင်း၊ ၇ ရာခိုင်နှုန်း မရောက်ရောက်အောင် ကြိုးစားသင့်ကြောင်း တွန်းအားပေးရတာ ပိုပြီးမြင်သာထင်သာ ရှိစေပါတယ်။ လက်ငင်းအဖြေကြည့်ပြီး ဆုံးဖြတ်လို့ ဆီးချိုဆေးများသွားရင် သွေးချိုကျနိုင်လို့ အသက်အန္တရာယ်ပင် ရှိနိုင်ပါတယ်။ သူတို့သောက်နေကျ ဆေးမှတ်တမ်းလည်းမရှိ၊ သိလည်းမသိရရင် ပိုပြီးခက်ပါတယ်။ တစ်ပတ်စာ-နှစ်ပတ်စာ ပေးဝေလိုက်တဲ့ဆေးက တခြားသူတို့သောက်နေကျဆေးက တခြားဆက်စပ်မရဘဲဖြစ်နေရင် သွေးချိုမငြိမ်တာဖြစ်သွားနိုင်ပါတယ်။ စနစ်တကျဖြစ်အောင် လူနာတွေက မိမိဆေးမှတ်တမ်းကို တစ်ပါတည်းယူခဲ့ဖို့ ကြိုတင်မှာကြားထားသင့်ပါတယ်။

ဒီနာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ အဆုတ်ပွရောဂါတွေကို ကုသရာမှာ စဉ်ဆက်မပြတ်လိုအပ်တဲ့ဆေးကို အချိန်မှန်မှန် အမြဲစွဲသောက်ဖို့လိုတဲ့ အသိပညာဟာ ဆေးနှစ်ပတ်ယူပြီး ပြန်သွားတာထက် ပိုအရေးကြီးပါတယ်။ ဒါကြောင့် ပိုပြီးအကျိုးရှိတာကတော့ ဆေးပညာအသိပေးတဲ့ ပညာပေးဟောပြောပွဲတွေ ပါဝင်ဖို့ပဲဖြစ်ပါတယ်။ အခုထက်ပိုပြီး ပြုလုပ်သင့်ပါတယ်…

ဆီးချိုရောဂါလို နာတာရှည်ရောဂါ နောက်တစ်ခုကတော့ သွေးတိုးရောဂါပဲဖြစ်ပါတယ်။ အမြဲသောက်နေကျဆေးကို ညှိပေး၊ ဝေပေးသင့်ပါတယ်။ ဒီနာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ အဆုတ်ပွရောဂါတွေကို ကုသရာမှာ စဉ်ဆက်မပြတ်လိုအပ်တဲ့ဆေးကို အချိန်မှန်မှန် အမြဲစွဲသောက်ဖို့လိုတဲ့ အသိပညာဟာ ဆေးနှစ်ပတ်ယူပြီး ပြန်သွားတာထက် ပိုအရေးကြီးပါတယ်။ ဒါကြောင့် ပိုပြီး အကျိုးရှိတာကတော့ ဆေးပညာအသိပေးတဲ့ ပညာပေးဟော ပြောပွဲတွေပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ အခုထက်ပိုပြီး ပြုလုပ်သင့်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို သဘောပေါက်ပြီး အမြဲတမ်းသေချာစွာ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

ဒါကြောင့် အရှည်တည်တံ့မယ့် အကျိုးကျေးဇူးရအောင် ဆီးချိုပညာပေးနဲ့ သွေးတိုးပညာပေးတွေကို ပိုပြောသင့်ပါတယ်။ ဆီးချိုလူနာတွေကိုစုဝေးပြီး ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေအကြောင်း အသိပေးတာ၊ ဒီနောက်ဆက်တွဲရောဂါတွေကို ကာကွယ်ကုသခြင်းအကြောင်း၊ စားသောက်နေထိုင်ပုံ ပြုပြင်ပြောင်းလဲခြင်းအကြောင်းတွေသိဖို့နဲ့ အမြဲကျင့်သုံးနေဖို့ အရေးကြီးတဲ့အကြောင်းတွေ ရှင်းလင်းဟောပြောပေးတာကလည်း များစွာအကျိုးရှိပါတယ်။

သွေးတိုးလူနာတွေကိုလည်းစုဝေးပြီး သွေးတိုးရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ လေဖြတ်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါစတဲ့ ရောဂါကြီးတွေမဝင်အောင် ဘယ်လိုကာကွယ်ရမလဲ၊ ကျန်းမာရေး ဘယ်လိုစစ်ဆေးရမလဲ၊ ဘယ်လိုနေထိုင်စားသောက်သင့်သလဲ စတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပေးတာကပိုပြီး အကျိုးရှိပါတယ်။ သွေးကျဆေး တစ်သက်လုံးသောက်ဖို့လိုအပ်ကြောင်း အသိပေးဖို့ အရေးကြီးပါတယ်။ ဒီလို ကျန်းမာရေးပညာပေးရင် တာရှည်အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို လူနာတွေက သိပ်အလေးမထားကြတာများပါတယ်။ ဆေးအခမဲ့ရတာကိုပဲ လိုလားကြပါတယ်။ မိမိရောဂါကို မိမိစောင့်ရှောက်မှ ရမယ့်အကြောင်းမသိကြပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top