Healthy Life Ad
Life Style

အရိုးပါးရောဂါအကြောင်း သိကောင်းစရာ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

– အရိုးပါးရောဂါက ဘာကြောင့်ဖြစ်ရပါသလဲ။

အရိုးထဲက သတ္တုဓာတ်၊ အထူးသဖြင့် ကယ်လ်စီယမ်ဓာတ်ဆုံးရှုံးသွားတဲ့အခါမှာ အရိုးပါးရောဂါ ဖြစ်လာပါတယ်။ အရိုးပါးရောဂါဟာ အများအားဖြင့် အမျိုးသမီးတွေမှာအဖြစ်များပေမယ့် အမျိုးသားတွေမှာ လည်းဖြစ်တတ်ပါတယ်။ အရိုးပါးရောဂါက ပုံမှန်အိုမင်းတဲ့ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်တတ်ပေမယ့် တချို့အမျိုးသမီးတွေမှာတော့ တခြားတွဲရှိနေတတ်တဲ့ ရောဂါတွေကြောင့် အသက်ငယ်ငယ်နဲ့လည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးအများစုကတော့ သွေးဆုံးပြီးချိန်တွေမှာ အရိုးပါရောဂါအန္တရာယ် မြင့်မားတတ်ပါတယ်။ အရိုးပါးရောဂါက လက္ခဏာလုံးဝမပြရင်တောင် အရိုးအက်တာမျိုးဖြစ်ခဲ့ရင်၊ အရိုးအက်တာက ထပ်ခါတလဲလဲဖြစ်နေခဲ့ရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ဒါဆိုရင် ဆရာဝန်အနေနဲ့ အရိုးသိပ်သည်းဆကို ဆန်းစစ်နိုင်ဖို့ အရိုးထဲကသတ္တုဓာတ်ကို စစ်ဆေးပေးပါလိမ့်မယ်။

– အရိုးပါးရောဂါမရအောင် ဘယ်လိုကာကွယ်ရမလဲ။

အရိုးတွေရဲ့ဖွံ့ဖြိုးမှုဟာ အသက်ငယ်ငယ်ကတည်းက စပါတယ်။ ဘဝတစ်လျှောက်လုံး ကျန်းမာအောင် နေထိုင်တာက အရိုးတွေသန်မာနေစေမယ့် အကောင်းဆုံးနည်းလမ်းပါ။ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့အချက်ကတော့ ဟော်မုန်းတွေပဲဖြစ်ပါတယ်။ မ, ဟော်မုန်း အီစထရိုဂျင်ထုတ်လုပ်မှုဟာ အပျိုဖော်ဝင်ခါစအရွယ်အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေအတွက် မရှိမဖြစ်အရေးပါပြီး အရိုးထုထည် မဆုံးရှုံးအောင် ပံ့ပိုးပေးရာရောက်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီမလာတော့တာ၊ စောစောသွေးဆုံးတာ၊ ရာသီစက်ဝန်းမမှန်တာ စတဲ့ အခြေအနေတွေကြောင့်လည်း အရိုးထုထည်ဆုံးရှုံးကာ အရိုးပါးရောဂါဖြစ်တတ်ပါတယ်။

– အရိုးပါးရောဂါမရအောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။

ဆေးလိပ်သောက်တာက အရိုးတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အမျိုးသမီးတွေမှာ အရိုးသိပ်သည်းဆဆုံးရှုံးမှု ဖြစ်လာပါတယ်။ အရိုးပါးရောဂါအတွက် ဆေးကုသမှုခံယူနေရစဉ်မှာ ဆေးလိပ်ဆက်သောက်နေမယ်ဆိုရင် ဆေးကုသမှုရဲ့ထိရောက်တဲ့ အကျိုးကျေးဇူးကို အပြည့်အဝမရရှိနိုင်ပါဘူး။ အရက်ကို အလွန်အမင်းသောက်တဲ့ အမျိုးသမီးတွေဟာလည်း အရိုးပါးရောဂါ အန္တရာယ်ရှိတတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်နဲ့အရက်ကို မသောက်ပါနဲ့။
အရိုးပါးရောဂါရစေတဲ့ တခြားနေထိုင်မှုပုံစံတွေကတော့ ကယ်လ်စီယမ်မှီဝဲမှု မလုံလောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းလွန်းတာ၊ ကဖင်းမှီဝဲမှုများလွန်းတာ စတဲ့ အခြေအနေတွေပဲ ဖြစ်ကြပါတယ်။

– အရိုးပါးရောဂါမရအောင် ကယ်လ်စီယမ်က ဘယ်လိုအရေးပါသလဲ။

ကယ်လ်စီယမ်ဟာ အရိုးသန်စွမ်းမှု အမြင့်ဆုံးဖြစ်နေစေဖို့ သင့်အတွက်အလိုအပ်ဆုံး အာဟာရဓာတ်တွေထဲက တစ်မျိုးပါ။ အရိုးပါးရောဂါမရစေဖို့ ကယ်လ်စီယမ်ပေါကြွယ်ဝစွာပါဝင်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို မှီဝဲပေးဖို့လိုပါတယ်။ ဒါ့အပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့ မျှတတဲ့ အာဟာရတွေကို စားသုံးပေးရပါမယ်။

– အရိုးပါးရောဂါမဖြစ်အောင် ကိုယ်လက်လှုပ်ရှားမှုကိုကော ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။

– ကိုယ်လက်လှုပ်ရှားမှုအများစုဟာ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုတို့အတွက် လိုအပ်တာအမှန်ပါပဲ။ အရိုးတွေကို ကျန်းမာစေမယ့် အထူးလေ့ကျင့်ခန်းတွေလည်း ရှိနေပါတယ်။ သင့်အနေနဲ့ အရိုးတွေအမြင့်မားဆုံး သန်စွမ်းကျန်းမာနေအောင် လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းအမျိုးအစားသီးသန့်ရှိပါတယ်။

– လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်ရဲ့ အကြံဉာဏ်ကိုရယူပါ။ အထူးသဖြင့် သင်ဟာအရိုးပါးရောဂါကို ခံစားနေရရင် ဆရာဝန်ကို သင်လုပ်မယ့်လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး တိုင်ပင်ဖို့ ပိုအရေးကြီးပါတယ်။

– လေ့ကျင့်ခန်းလုပ်တဲ့အခါ ဖြည်းဖြည်းနဲ့စတင်ပြီး တဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်သွားပါ။

– သင်အလုပ်ချင်ဆုံး လေ့ကျင့်ခန်းအမျိုးအစားကို လုပ်ဆောင်ပေးပါ။ သင်ရွေးချယ်တဲ့ လေ့ကျင့်ခန်းဟာ သင်နှစ်သက်သဘောကျတဲ့ပုံစံမျိုး ဖြစ်နေပါစေ။

– ပုံမှန်လမ်းလျှောက်ပေးပါ။ လမ်းလျှောက်တဲ့လေ့ကျင့်ခန်းဟာ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ပြီး အချိန်တိုင်း၊ နေရာတိုင်းမှာ အဆင်ပြေပါတယ်။ သက်သောင့်သက်သာရှိတဲ့ ဖိနပ်တစ်ရံတော့ လိုအပ်နေပါတယ်။

– ပုံမှန်လေ့ကျင့်ခန်းလုပ်ဖြစ်နေဖို့နဲ့ လေ့ကျင့်ခန်းရဲ့တိုးတက်မှုရရှိနေဖို့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ထားရှိပေးပါ။

– လေ့ကျင့်ခန်းလုပ်နေစဉ်အတောအတွင်း နာကျင်ကိုက်ခဲမှုနဲ့ မသက်မသာဖြစ်မှုတွေခံစားရရင် ဆရာဝန်ထံ ချက်ချင်းအကြောင်းကြားပါ။

သင့်အရိုးတွေဟာ အရိုးထုထည် ဆုံးရှုံးတဲ့အခြေအနေနဲ့ ပြန်အသစ်ဖြစ်တဲ့အခြေအနေကို အဆက်မပြတ် ဖြစ်ပေါ်နေတာပါ။ အသက်ကြီးလာတဲ့အခါ အရိုးကြီးထွားမှုထက် အရိုးဆုံးရှုံးမှုက ပိုအဖြစ်များလာပါတယ်။ ဒါကြောင့် နေ့စဉ်ကျန်းမာနေစေဖို့ဆိုရင် နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ စားသောက်တဲ့ အစားအသောက်ထဲကနေ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီတို့ အလုံအလောက်ရရှိဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top