Healthy Life Ad
Life Style

အမျိုးသမီးငယ်တို့အတွက် ထိပ်တန်းကျန်းမာရေး စည်းမျဉ်းများ

၊ ငွေကြယ်စင်ယံ ၊

ကျန်းမာတဲ့ ဘဝကို လူတိုင်း လိုလားပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေက အမျိုးသားတွေထက်စာရင် ကျန်းမာရေးကို ပိုအလေးထားတတ်တာကြောင့် ဘဝသက်တမ်း ပိုရှည်တတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်းလိုလားတဲ့ ကျန်းမာတဲ့ဘဝ ရရှိဖို့ နေ့စဉ်လိုက်နာသင့်တဲ့ ကျန်းမာရေးစည်းမျဉ်းတွေကို ဖော်ပြလိုက်ရပါတယ်။

ဖောလစ်အက်စစ် မှီဝဲပါ
သားသမီး ယူဖို့ အစီအစဉ်ရှိပြီဆိုတာနဲ့ နေ့စဉ် ဖောလစ်အက်စစ် ၄၀ဝ မိုက်ခရိုဂရမ် မှီဝဲပေးသင့်ပါတယ်။ ဒါမှသာ ကိုယ်ဝန်ဆောင်တဲ့အခါ မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးမွေးဖွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

နေရောင်ခြည်ဒဏ် ကာကွယ်ပါ
ပြင်းထန်တဲ့ အရေပြားကင်ဆာ အမျိုးအစား (Melanoma) ဟာငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာ ဖြစ်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်အေနဲ့ ဘီနှစ်မျိုးစလုံး ကာကွယ်နိုင်မယ့် နေကာခရင်မ် လိမ်းပါ။ နေကာနိုင်စွမ်း SPF အနည်းဆုံး ၁၅ ဆပါတဲ့ ခရင်မ်ကို ရွေးချယ်သင့်ပါတယ်။ အပြင်သွားရင် ထီးဆောင်းပါ။

ကျန်းမာရေး စစ်ဆေးမှု ပုံမှန်ခံယူပါ
ခန္ဓာကိုယ်ရဲ့ အသံကို နားထောင်ပြီး ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေ ရှိလာရင် ကျန်းမာရေးစစ်ဆေးမှုကို ခံယူဖို့ လိုအပ်ပါတယ်။

သားအိမ်ခေါင်းအချွဲစစ်ဆေးမှုကို ပုံမှန်ခံယူပါ
ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူတိုင်း ရိုးစင်းလွယ်ကူတဲ့ သားအိမ်ခေါင်း အချွဲစစ်ဆေးမှုကို ခံယူသင့်ပါတယ်။ စစ်ဆေးမှုအရ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေတွေ့ရင် ကင်ဆာမဖြစ်ခင်ကုသမှုခံယူနိုင်သလို စောစောစီးစီးအဆင့်မှာ ကုသနိုင်ခဲ့ရင် ပျောက်ကင်းမှုရှိပါတယ်။

သွေးတွင်း ကိုလက်စထရောပမာဏကို စစ်ဆေးပါ
အသက် ၂၀ ကျော်တာနဲ့ အနည်းဆုံး ငါးနှစ်တစ်ကြိမ် သွေးတွင်းကိုလက်စထရော ပမာဏကို စစ်ဆေးသင့်ပါတယ်။ ကိုလက်စထရော များလွန်းတာက နှလုံးသွေးကြောရောဂါတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။

ညဘက်တွင် နှစ်ခြိုက်စွာ အိပ်စက်အနားယူပါ
အိပ်ရေးပျက်ရင် ပင်ပန်းနွမ်းနယ်ရုံမက ကိုယ်အလေးချိန် မြင့်တက်တာ၊ စိတ်ဖိစီးမှုများတာ၊ စိတ် ဓာတ်ကျတာတို့ ဖြစ်ကာ ကိုယ်ခံအားစနစ်ကို လျော့ကျစေပါတယ်။ ဒါကြောင့်အရွယ်ရောက် အမျိုးသမီးတိုင်း တစ်ညမှာ ခုနစ်နာရီနဲ့ ရှစ်နာရီကြား အိပ်ချိန်ရှိပါစေ။

အမြဲတမ်း ဘေးကင်းသော လိင်ကိစ္စဖြစ်ပါစေ
အခုခေတ်ကလူငယ်လူရွယ်တွေကြား ပွင့်လင်းတဲ့ နေထိုင်မှုပုံစံရှိလာကြပါတယ်။ အဲဒါကြောင့် လိင်ကိစ္စမှာ စည်းကမ်းရှိဖို့ သတိထားသင့်ပြီး အမြဲတမ်းဘေးကင်းတဲ့ လိင်ကိစ္စဖြစ်အောင် ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top