Healthy Life Ad
Child

သင့်ကလေး၏ ရင်ဖွင့်ဖော်ဖြစ်စေရန်

ငွေကြယ်စင်ယံ

ကလေးတွေနဲ့ ချစ်ခင်ရင်းနှီးမှုရှိပြီး ကလေးတွေရဲ့ရင်ဖွင့်ဖော်ဖြစ်လာစေဖို့ မိဘတိုင်းသိထားသင့်တဲ့ အချက်လေး တွေရှိပါတယ်။

အေးချမ်းစွာ နေပြပါ
ကလေးတွေနဲ့ သူတို့ရဲ့သူငယ်ချင်းတွေကို နွေးနွေးထွေးထွေးကြိုဆိုတတ်သူဖြစ်အောင် နေထိုင်တာက သင်လုပ်နိုင်တဲ့ စမတ်အကျဆုံးလုပ်ရပ်ပါပဲ။ ဒါကြောင့် သင်တို့အိမ်ကို သင့်ကလေးနဲ့ သူ့သူငယ်ချင်းတွေ စုဝေးဆုံဆည်းရာ နေအိမ်လေး ဖြစ်အောင်ဖန်တီးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာမုန့်တွေကျွေးပြီး ရင်းနှီးအောင် ပေါင်းသင်းပါ။ ဒါမှ သင့်ကလေးအတွက် တကယ်စစ်မှန်တဲ့ သူငယ်ချင်းတွေလားဆိုတာကို သိနိုင်မှာဖြစ်သလို သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ဝါသနာ၊ ဦးဆောင်နိုင်တဲ့အရည်အချင်း၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ အရည်အသွေးစတာတွေကိုလည်း အကဲခတ်သိရှိမှာဖြစ်ပါတယ်။

မိသားစုမျိုးရိုးကို ရှင်းပြပါ
ကလေးတွေကို သူတို့အဘိုးအဘွားတွေအကြောင်း သိအောင်ပြောပြပြီး သူတို့ကလည်း မိသားစုဝင်တွေဖြစ်တယ် ဆိုတာနားလည်နေပါစေ။ ဒီလိုရှင်းပြလိုက်တဲ့အတွက် ရရှိနိုင်တဲ့ ကောင်းကျိုးတစ်ခုက အသက်ကြီးသူတွေကို လေးစားတန်ဖိုးထားပြီး ဆက်ဆံရမယ်ဆိုတာကို နားလည်သဘော ပေါက်သွားမှာဖြစ်ပါတယ်။ အဘိုး၊ အဘွားတွေနဲ့အတူတောက်တိုမယ်ရအလုပ်တွေလုပ်တာ၊ အဘိုးအဘွားတွေကို ပြုစုပေးတာတွေလုပ်ဆောင်ပေးတဲ့ ကလေးတွေဟာ တာဝန်ယူနိုင်စွမ်း ရှိလာပါတယ်။

ကလေးရှေ့ ရန်မဖြစ်ပါနှင့်
ဇနီးမောင်နှံတွေက တခြားအကြောင်းအရာတွေထက် ငွေရေးကြေးရေးအခြေအနေကြောင့် ရန်ဖြစ်တတ်ကြပါတယ်။ ဒီလိုရန်ဖြစ်ပြီးတိုင်းလည်း စိတ်ဆင်းရဲမှုကြီးစွာ ဖြစ်ရတတ်တာကြောင့် သာယာချမ်းမြေ့တဲ့ မိသားစုဘဝပိုင်ဆိုင်ချင်ရင် ရန်ဖြစ်တာကို အဆုံးသတ်ဖို့သင့်နေပါပြီ။

မိသားစုလိုက် ပျော်ရွှင်စွာ ထမင်းလက်ဆုံစားပါ
မိသားစုအတူစားသောက်တာက ကလေးတွေရဲ့ အောင်မြင်မှုကို မြှင့်တင်ပေးနိုင်ပြီး အာဟာရဓာတ်ပြည့်ဝစေပါတယ်။ ကလေးတွေရဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေကလည်း လျော့နည်းတတ်ပါတယ်။ မိသားစုစုံညီ အိမ်မှာစားသောက်သင့်သလို မွေးနေ့လို အထိမ်းအမှတ်နေ့ရက်တွေမှာ အပြင်ထွက်ပြီး မိသားစုစုံညီ စားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top