Healthy Life Ad
Q & A

သွေးဆုံးချိန် သတိပြုစရာ

ဒေါက်တာစိုးလွင်(တွဲဖက်ပါမောက္ခ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဖြေကြားသည်)

မေး ။ ဘယ်အချိန် သွေးဆုံးတတ်လဲ၊ သွေးဆုံးချိန်မှာ ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ၊ သွေးဆုံးချိန်ကို ဘယ်လိုရင်ဆိုင်သင့်ပါသလဲ ဆရာ။
မလှလှမိုး၊ ညောင်ဦး။

ဖြေ ။ အမျိုးသမီးတွေက အသက် ၄၅နှစ် – ၅၀နှစ် ဝန်းကျင်လောက် ရောက်ပြီဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သားဥအိမ်ကနေ ဟော်မုန်းတွေထုတ်တာ ရပ်သွားတယ်။ တဖြည်းဖြည်းနဲ့ နည်းလာရာကနေ လုံးဝရပ်သွားပါတယ်။ အဲ့ဒီတော့ မိန်းမဟော်မုန်းတွေ မထွက်တော့တဲ့အခါကျတော့ ဓမ္မတာမလာတော့ဘူး။ ဓမ္မတာမလာတော့ဘူးဆိုရင် မိန်းကလေးတွေက သွေးဆုံးပြီပေါ့။ အဲ့ဒီလိုသွေးဆုံးတာက အမျိုးသမီးတိုင်းကြုံရမယ့် သဘာဝတရားကြီးပါ။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူးပေါ့။ အကြမ်းဖျင်းအားဖြင့်တော့ အသက်၄၅ – ၅၀ လောက်မှာဖြစ်တယ်။ အများစုကတော့ ဒီလိုပဲ ဓမ္မတာမလာ တော့တာက တဖြည်းဖြည်းနဲ့ လတွေလတွေ ကျော်ကျော်သွားပြီး ဓမ္မတာရပ်သွားတယ်။ အဲ့ဒါကိုပဲ သွေးဆုံးတယ် လို့ခေါ်တာပါ။

သွေးဆုံးတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။အများဆုံးဖြစ်တာက မီးယပ်ပူ မီးယပ်ချမ်းလို့ ပြောလေ့ရှိတဲ့ မျက်နှာတွေ၊ လည်ပင်းတွေ၊ ရင်ဘတ်တွေ ရှိန်းရှိန်း ရှိန်းရှိန်းနဲ့ပူမယ်။ နောက်ပြီး ချမ်းသွားပြန်ရော၊ ညကြီးမှာလည်း ချွေးတွေ အများကြီးထွက်ပြီး လန့်နိုးတာတို့ဖြစ်တယ်။ နောက်ပြီး ညအိပ်မပျော်တာတွေဖြစ်တယ်။
တချို့အမျိုးသမီးတွေဆိုရင် စိတ်မှာအပြောင်းအလဲတွေဖြစ်တယ်။ ဒေါသထွက်တာတို့၊ တခါတလေ ဘာမှမဟုတ်တဲ့အကြောင်းနဲ့လည်း ငိုချင်နေတာတို့ပေါ့။ ဝမ်းနည်းပြီး ငိုနေတတ်တယ်။
နောက်ပြီးတော့ အိမ်ထောင်ရှင်တွေမှာ မယုံသင်္ကာဖြစ်တာတွေလည်းရှိတယ်။ ယောကျာ်းကို သဝန်တိုတာအပြင် ယောကျာ်းကို စိတ်ကုန်တာတွေ ရှိတယ်။ ပြောရရင် စိတ်နဲ့ပတ်သက်ပြီး မျိုးစုံဖြစ်တယ်။ ဒါတွေကို သွေးဆုံးတဲ့လက္ခဏာတွေလို့ ပြောကြတယ်။ အမျိုးသမီးအင်္ဂါခြောက်သွေ့တာနဲ့ ယား ယံတာတွေဖြစ်တတ်တယ်။ နောက်တစ်ခုက အိမ်ထောင်ရေးတွေမှာ ပြဿနာတက်တာက စိတ်မပါတော့တာ၊ အတူနေရင် နာကျင်တာတို့ဖြစ်တတ်တယ်။ အတူတူနေတဲ့ကိစ္စတွေမှာ သာယာမှုမရှိတော့ဘဲ နာကျင်တာတွေဖြစ်တတ်တယ်။ နောက်ဆီးမထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။

ပထမအရေးအကြီးဆုံးကတော့ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ သဘောသဘာဝကို အမျိုးသမီးတွေ၊ သူ့ရဲ့ မိသားစုတွေအမှန်အတိုင်းနားလည်ဖို့တော့ လိုတယ်။ သဘာဝတရားဖြစ်တဲ့အတွက် ဒါမျိုးတွေက ကြုံရတတ်တယ်။ တချို့တွေက မသိတော့ နားမလည်ပေးတတ်ကြဘူး။

တချို့ကျတော့ တောသူ တောင်သားတွေဆိုရင် ပယောဂဝင်တယ်ဆိုပြီးတော့ ဖြစ်တတ်တယ်။ မိသားစုအနေနဲ့ကလည်း ဒီသဘာဝတရားကို နားလည်ရမယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘာလုပ်ဖို့လိုသလဲဆိုတော့ သဘာဝတရားကိုလက်ခံဖို့လိုတယ်။ မိမိဘဝကိုအလိုက်သင့်နေနိုင်အောင် ပုံစံကိုအလိုက်သင့်ပြောင်းလဲရမယ်။ ဟော်မုန်းတွေ ပြောင်းလဲသွားတဲ့အတွက် သဘာဝအီစထရိုဂျင်ဟော်မုန်းဖြစ်တဲ့ ပဲနို့၊ ပဲပုပ်စေ့၊ ပဲပိစပ်၊ တိုဟူး စတာတွေကို စားရမယ်။ အရိုးသန်စွမ်းဖို့အတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top