Healthy Life Ad
Life Style

ခင်ပွန်းဆီက ကူးစက်ခဲ့တဲ့ HIV ပိုးနဲ့ လဲနေ ပြန်ထ ဘဝထဲမှာ ၁၄နှစ်ကြာ မားမားမတ်မတ် ရှင်သန်နေသူ မနိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အဲဒီရက်တွေကို ကျွန်မပြန်မစဉ်းစားချင်ပေမယ့် မှတ်မိနေခဲ့တယ် . . အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားဟာ စစချင်း ဆင်ရေယုန်တွေပေါက်တယ်၊ ဝမ်းတွေလျှောတယ်၊ ညဘက်ဆို ဇောချွေးတွေပြန်တယ်၊ ကြောင်တောင်တောင်ဖြစ်ပြီး ညဆိုမအိပ်တော့ဘူး၊ တဖြည်းဖြည်းနဲ့ ဝိတ်တွေကျလာတယ်၊ ကိုယ်ခံအားတွေကျလာတယ်၊ အနာတခြား၊ ဆေးတခြား ဖြစ်နေခဲ့တယ်။ နောက်ဆုံးအခြေအနေအထိ ထိုင်တောင်မထိုင်နိုင်ဘူးဆိုတော့မှ သူဖြစ်နေတာ HIV ပါလားလို့ သိခဲ့ရတာ။ အဲဒီအချိန်ကလည်း ကျွန်မတို့က ကုန်သည်အသိုင်းအဝိုင်းဆိုတော့ ကျန်းမာရေးဗဟုသုတက အရမ်းအားနည်းခဲ့တယ်။ “ဝေဘာဂီဆေးရုံတင်ရင် သတ်တယ်”ဆိုတဲ့ အထင်နဲ့ ဆေးရုံကိုမတင်ဖြစ်ခဲ့ဘူး။ သူက သူ့အမေရှိတဲ့ပုပ္ပားဘက်က ရွာလေးတစ်ရွာကို ပြန်ချင်တယ်ဆိုတာနဲ့ ပြန်ရင်း အဲဒီမှာပဲဆုံးသွားခဲ့ပါတယ်။

ဒုတိယတစ်ခါ ကျွန်မခင်ပွန်းရဲ့ ညီဖြစ်သူကလည်း HIV ဖြစ်လာပြန်တယ်။ အဲဒီအခါကျတော့ ကျွန်မတို့က ဒီ HIV အကြောင်း သိသွားတဲ့အတွက် ဝေဘာဂီဆေးရုံကို တင်လိုက်ပါတယ်။ သူဆိုရင် ရေမဝင်တော့တဲ့အခြေအနေဖြစ်ပြီး သေပြီလို့တောင်ထင်နေတာ၊ ပိုက်ဆံရှစ်သိန်းလောက်တော့ ကုန်သွားပေမယ့် အရမ်းကောင်းသွားပါတယ်။ အဲဒီက သူနာပြုဆရာမတစ်ယောက်ကို သူမေးတယ်။

“ဆရာမ . . ဒီဆေးရုံတင်ရင် HIV ပိုးရှိတဲ့ လူနာတွေကို ဆေးထိုးသတ်တယ်ဆိုတာ ဟုတ်လား”
“ကိုလင်းရယ် . . ကိုလင်းတို့ ခန္ဓာကိုယ်က ပိုးတွေကိုတောင် ကျွန်မတို့သေအောင် မသတ်နိုင်ဘူး၊ လူနာကို ဆေးထိုးသတ်ဖို့ဆိုတာ လွယ်ပါ့မလား” လို့ ပြန်ဖြေတော့မှ ကျွန်မတို့ သဘောပေါက်နားလည်ခဲ့တယ်။

အမျိုးသား ဝေဒနာပြင်းထန်နေတဲ့ ၂၀ဝ၂မှာ ကျွန်မစစ်ကြည့်လိုက်လို့ HIV ဖြစ်မှန်း စသိခဲ့တာပါ။ အဲဒီအချိန်မှာ ကျွန်မအသက်က ၂၉ နှစ်ပဲရှိသေးတယ်။ SSC ဆေးရုံမှာ တစ်ယောက်တည်း သွေးအဖြေသွားယူခဲ့တာ . . အတွေးပေါင်းစုံနဲ့ပေါ့။ ယောကျာ်းက မသေသေးဘူး၊ သေခါနီးဖြစ်နေပြီဆိုတော့ HIV ရှိတယ်လို့လည်း သိလိုက်ရော “ငါလည်း ယောကျာ်းနဲ့အတူ လိုက်သေလိုက်ရင်ကောင်းမလား၊ ကားအောက်ထဲထိုးဝင်လိုက်ရင် ကောင်းမလား” ဆိုပြီး ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ . .အဲဒီအချိန်မှာ HIV အတွက် ဆေးလည်း အခုလို အလွယ်တကူ မရသေးဘူးလေ . .

ရင်နာစရာကောင်းတာက ကျွန်မတို့မိသားစုဝင် အတော်များများ HIV ဖြစ်ရတာပါပဲ။ အရင်ဆုံး HIV ဖြစ်ပြီး အမျိုးသားဆုံးတယ်၊ ပြီးတော့ ကျွန်မဖြစ်တယ်၊ အမျိုးသားရဲ့ ညီဖြစ်တယ်၊ ပြီးတော့ သူ့မိန်းမ (ကျွန်မရဲ့လင်ညီအစ်မ)ဖြစ်တယ်၊ နောက်တစ်ခါ ကျွန်မအစ်ကိုဖြစ်တယ်။ အစ်ကိုက မူးယစ်ဆေးဝါးကို အကြောထဲထိုးထည့်ရင်း HIV ဖြစ်ခဲ့ပေမယ့် ကျွန်မတို့က HIV ဖြစ်မှန်း အတော်ကြာတဲ့အထိမသိခဲ့ဘူး။

ကျွန်မ HIV ဖြစ်တော့ ခင်ပွန်းကလည်းဆုံးသွားပြီ၊ အစ်မနဲ့ အမေက “နင့်ကို ငါတို့ကျွေးထားနိုင်တယ်၊ အိမ်ထဲက အိမ်ပြင်မထွက်နဲ့”လို့ ပြောတယ်။ ဖြစ်နိုင်ပါ့လား . . အိမ်ထဲမှာနေရင်း ရေသောက်လည်းအပြစ်၊ အိမ်သာတက်လည်းအပြစ် . . ခွဲခြားနှိမ့်ချတဲ့ ပြဿနာတွေလာတယ်။ အစ်မအိမ်မှာနေရတဲ့အတွက် သူ့ကလေးရှိနေတာကိုး။ ဒါနဲ့ ထွက်ပေါက်တစ်ခုရချင်တယ်။ ‘ငါကြိုးစားမှ ဖြစ်တော့မယ်၊ ဒီတိုင်းနေလို့မဖြစ်ဘူး’ ဆိုတဲ့စိတ်နဲ့ ကိုယ့်လိုလူတွေရှိတဲ့ NEP အဖွဲ့အစည်းတွေကိုသွားချိတ်တယ်၊ တစ်ဆင့်တစ်ဆင့်နဲ့ ကွန်ရက်တွေရလာပြီး အမြင်ကျယ်လာတယ်။ အမေကဆို ‘နင့်ကို HIV ပိုး ပိုကူးစက်သွားနိုင်တယ်၊ ဒီအလုပ်တွေမလုပ်နဲ့၊ နင်လုပ်နေတာ ပိုက်ဆံဘယ်လောက်ရလို့လဲ’လို့ ဆိုတယ်။

အမျိုးသားဆုံးသွားတဲ့အချိန်မှာ ငါတို့က ကျန်းမာရေးဗဟုသုတနည်းတယ်၊ ငါတို့ကို ကူညီပေးမယ့်သူမရှိဘူး။ အဲဒီတော့ ငါကဘယ်လိုပဲဖြစ်ဖြစ် သူများတွေကို တတ်နိုင်သမျှ ကူညီမယ်ဆိုပြီး နှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းနဲ့ ကူညီနိုင်အောင် ကျွန်မကြိုးစားခဲ့ပါတယ်။ အဲဒီလို ကျန်းမာရေးဗဟုသုတတွေကို သေချာလေ့လာလိုက်စားရင်း တဖြည်းဖြည်းနဲ့မှ HIV ရဲ့ လက္ခဏာနဲ့ သဘောသဘာဝကို သိလာခဲ့တာပါ။ ဒီထဲမှာလည်း အလုပ်အများကြီး လုပ်နိုင်ခဲ့တယ်။ အခုဆိုရင် မင်္ဂလာဒုံဆေးရုံမှာ PEER Volunteer Counsellor လုပ်တာ ၁၀ နှစ်ကျော်လောက်တောင်ရှိပြီ . . .

ဒီFieldထဲရောက်ပြီး HIV နဲ့ပတ်သက်တဲ့ သင်တန်းတွေတက်တယ်၊ အစည်းအဝေးတွေတက်တယ်၊ အမျိုးသားဆုံးသွားတဲ့အချိန်မှာ ငါတို့ကကျန်းမာရေးဗဟုသုတနည်းတယ်၊ ငါတို့ကို ကူညီပေးမယ့်သူမရှိဘူး။ အဲဒီတော့ ငါကဘယ်လိုပဲဖြစ်ဖြစ် သူများတွေကိုတတ်နိုင်သမျှ ကူညီမယ်ဆိုပြီး နှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းနဲ့ ကူညီနိုင်အောင် ကျွန်မကြိုးစားခဲ့ပါတယ်။ အဲဒီလို ကျန်းမာရေးဗဟုသုတတွေကို သေချာလေ့လာလိုက်စားရင်း တဖြည်းဖြည်းနဲ့မှ HIV ရဲ့ လက္ခဏာနဲ့ သဘောသဘာဝကို သိလာခဲ့တာပါ။ HIV က ဘယ်လိုကူးစက်ခံရတာလဲ၊ ဘယ်လိုကာကွယ်နိုင်သလဲဆိုတာတွေ သိလာတယ်။ ဒီထဲမှာလည်း အလုပ်အများကြီး လုပ်နိုင်ခဲ့တယ်။ အခုဆိုရင် မင်္ဂလာဒုံဆေးရုံမှာ PEER Volunteer Counsellor လုပ်တာ ၁၀နှစ်ကျော်လောက်တောင်ရှိပြီ။

ကျွန်မတို့ HIV ရှိပေမယ့် လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝန်းမှာ လူတန်းစေ့နေချင်တယ်၊ အဲဒီတော့ ကျွန်မတို့မှာ HIV ပိုးရှိတယ်ဆိုတာ လူတွေသိမှာ အရမ်းကြောက်တယ်၊ အဓိက ခွဲခြားဆက်ဆံခံရမှာစိုးလို့ပါ။ ဆေးသောက်ရတဲ့အခါ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် နားထင်တွေကျလာတယ်၊ တင်ပါးတွေရှူးလာတယ်၊ လက်မောင်းတွေကျလာမယ်၊ ဒါမျိုးဆိုရင် တင်ပါးရှူးတာနဲ့ လက်မောင်းကျတာ ဘာမှမဖြစ်ပေမယ့် နားထင်ကျတာကို မခံစားနိုင်ဘူး။ လူနာတစ်ယောက်က ဆရာကြီး ပါမောက္ခဦးထင်အောင်စောကို မေးဖူးတယ်။

“မျက်နှာတွေခုံးခွက်ပြီး အရမ်းချိုင့်နေတဲ့အခါ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆရာ”
“ဆီလီကွန်ထိုးမှရမယ်”လို့ ဆရာက ဖြေဖူးတယ်။ လူတွေအများကြီးရဲ့မျက်လုံးက ကျွန်မတို့ကို ကြည့်နေတာဆိုတော့ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းမှာ ကျွန်မတို့ ပုံမှန်လူသားတစ်ယောက်လိုပဲ ကျင်လည်ချင်တယ်၊ ပုံမှန်လူ့အခွင့်အရေးကို ရချင်တယ်၊ မိသားစုနဲ့ လူ့ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံမှာကို ကျွန်မတို့ မလိုလားဘူးလေ . . ။

လူအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ ကူးစက်ခံရတယ်လေ၊ ကျွန်မဆိုရင် အမျိုးသားဆီက ကူးစက်ခံရတယ်၊ တချို့ဆို မူးယစ်ဆေးဝါးထိုးသွင်းရင်း ဆေးထိုးအပ်ကနေ ကူးစက်ခံရတယ်၊ တချို့ဆို သမီးရီးစားချင်း ကူးစက်ခံရတယ်၊ တချို့ဆို မိခင်ကနေသန္ဓေသားကို ကူးစက်ခံရတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲ ကူးစက်၊ ကူးစက် ကျွန်မတို့က အဖွဲ့အစည်းတစ်ခုထဲ ရောက်သွားပြီဆိုရင် တော်တော်များများဟာ ဒီအဖွဲ့အစည်း၊ ဒီအသိုင်းအဝိုင်းထဲမှာပဲ ချစ်သူတွေဖြစ်၊ အိမ်ထောင်တွေပြုဖို့ စဉ်းစားကြတယ်။ တခြား HIV မရှိသူကို မစဉ်းစားကြဘူး။ သူတို့ကို စဉ်းစားရင် ခွဲခြားမှာစိုးတယ်လေ။ သူတို့က ကျွန်မတို့ကို ဘယ်လောက်အထိ နားလည်ပေးမှာလဲ . . ။

အခုကျွန်မကိုယ်တိုင် အမျိုးသားဆုံးပြီး ၁၄ နှစ်အတွင်း HIV ရှိသူတွေကိုပဲ ရီးစားထားခဲ့တယ်။ သူတို့နဲ့လည်း ကွန်ဒုံးပဲသုံးခဲ့တယ်။ သူတို့ နောက်ဆုံးသေဆုံးသွားတဲ့အထိ ကျွန်မပြုစုစောင့်ရှောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုနောက်ဆုံး ကျွန်မချစ်သူက HIV မရှိပါဘူး။ သူနဲ့ချစ်သူဖြစ်တာ ရှစ်နှစ်ရှိပါပြီ။ သူနဲ့လည်း ကွန်ဒုံးပဲသုံးတဲ့အခါ သူကကွန်ဒုံးကို လက်မခံနိုင်တော့ အသစ်တစ်ယောက်ရှာပါတယ်။ ပြဿနာက သူက ကလေးတအားလိုချင်တယ်။ ကျွန်မက ကလေးယူရင် ကလေးကို မလွတ်မှာစိုးတယ်။ သူ့ကို ကူးမှာစိုးတယ်။ သူက ဘာပြောလဲဆိုတော့ “သူ့ကို ကူးချင်ကူးပါစေ၊ သူ့ကလေးကို လွတ်အောင်မွေးပေးပါ”လို့ ပြောတယ်။ မိခင်ကနေ သန္ဓေသားကူးစက်မှုမှာ အဓိကက သွေးနဲ့နို့ရည်ဆိုတော့ မွေးတုန်းမှာလွတ်တယ်ထားဦး၊ နို့ဘူးတိုက်ပြီး ကလေးကိုမွေးရမယ်၊ နို့ဘူးတိုက်ရတဲ့ ဒုက္ခကလည်း ရေရှည်မှာမလွယ်ဘူးလေ . . ပြဿနာတွေကတော့ အများကြီးပေါ့။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ကျွန်မစဉ်းစားရမှာပါ။

ကျွန်မက သူ့ကိုဘေးကင်းလုံခြုံအောင် ထားနိုင်တဲ့အတွက် ကျွန်မရဲ့ မေတ္တာတရား၊ သစ္စာတရားကိုတော့ သူနားလည်တယ်။ ကျွန်မသေသွားတဲ့အထိ သူ့ကိုဖြူစင်တဲ့ ဘဝပဲရစေချင်တာလေ။ သူ့ကို ဘီပိုးကာကွယ်ဆေးထိုးပေးထားတယ်၊ အဲဒီတော့ အချိန်မရွေးစစ်လိုက်ရင် သူ့မှာ ဘီပိုးနဲ့ HIV ပိုး လုံးဝမရှိဘူး။

ဒါပေမဲ့ ကျွန်မက သူ့ကိုဘေးကင်းလုံခြုံအောင် ထားနိုင်တဲ့အတွက် ကျွန်မရဲ့မေတ္တာတရား၊ သစ္စာတရားကိုတော့ သူနားလည်တယ်။ ကျွန်မသေသွားတဲ့အထိ သူ့ကိုဖြူစင်တဲ့ ဘဝပဲရစေချင်တာလေ။ သူ့ကို ဘီပိုးကာကွယ် ဆေးထိုးပေးထားတယ်၊ အဲဒီတော့ အချိန်မရွေးစစ်လိုက်ရင် သူ့မှာဘီပိုးနဲ့ HIV ပိုးလုံးဝမရှိဘူး။ HIV ပိုးရှိတဲ့သူတွေက စိတ်ဒဏ်ရာရလို့မဖြစ်ဘူး။ ဘဝအမောပြဿနာလေးတွေဖြစ်လာရင် ညဆိုစဉ်းစားတယ်၊ အတွေးများတယ်၊ အိပ်လို့မရဘူး။ အဲဒီအခါ ART ဘယ်လောက်ပဲသောက်သောက် CD4 က ကျလာပါတယ်။ ART ဆေးချည်းပဲ အားကိုးနေလို့မရဘူးလေ၊ အစာအာဟာရပြည့်ဝအောင် စားဖို့လိုတယ်၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရမျှတအောင်နေမယ်၊ စိတ်ချမ်းသာအောင်နေမယ်၊ အိပ်ရေးဝအောင် အိပ်မယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။

လူဆိုတာကတော့ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေနဲ့ အသက်ရှင်နေတာပဲလေ . . မျှော်လင့်ချက်မပါဘဲ နေတဲ့သူက ပဲ့မပါဘဲသွားတဲ့ လှေလိုပဲ မျောချင်ရာမျောနေမှာ . . ဒီတော့ HIV ပိုးရှိပေမယ့် ကျွန်မလည်း “ငါ့အမျိုးသားကို ငါမကယ်လိုက်နိုင်ဘူး၊ ငါတို့တုန်းက ဒီလိုပြောပေးမယ့်သူမရှိဘူး၊ ဒီတော့ အယုတ်အလတ်အမြတ်မရွေး ဘယ်သူ့ကိုမဆိုကူညီမယ်”ဆိုပြီး ကိုယ့်ရေကိုယ်သောက်၊ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်လမ်းစရိတ်နဲ့ကိုယ် တအားလုပ်ခဲ့တာ။ အဲဒီနောက်မှာ စေတနာအကျိုးပေးအဖြစ် ၂၀ဝ၈ မှာ ကုလသမ္မဂ္ဂအကူအညီနဲ့ နီပေါကိုသွားပြီး သင်တန်းတက်ခွင့်ရခဲ့တယ်။ ဗုဒ္ဓဂါယာကို ဖူးခွင့်ရခဲ့တယ်။ ဒီအချိန်မှာတော့ ကျွန်မအမေနဲ့ အစ်မက ဘာမှမပြောတော့ဘူး။ ကိုယ့်ဘက်က ကြိုးစားမှုရဲ့ရလဒ်ကို ရလိုက်တဲ့အတွက် သူတို့က ကိုယ့်ကိုဘာမှမပြောတော့ဘူး။

ကျွန်မအမျိုးသားဆုံးတာ ၁၄ နှစ်ရှိပြီ။ ဒီ ၁၄ နှစ်အတွင်း သူတို့ကျွန်မကို ဘယ်တင်ကျွေးထားနိုင်မှာလဲ။ ကျွန်မမှာ အရည်အချင်းတွေ၊ ခွန်အားတွေရှိတယ်။ အစွမ်းအစရှိတယ်။ သေလူမှမဟုတ်တာ။ လဲနေပြန်ထကိုယ့်ဘဝပဲလေ . . ကိုယ် HIV ဖြစ်တာကိုသိထားတဲ့ ဆွေမျိုးတွေအိမ်သွားရင် ငါ့ကို ရေသောက်ခွင့်ပေးပါ့မလား၊ ငါအိမ်သာသွားပြီးရင် အိမ်သာကြမ်းတိုက်ဦးမှာလား စသဖြင့် ကြိုအားငယ်နေခဲ့တယ်။ ဘုန်းကြီးတွေဟောတဲ့ တရားတွေ၊ စာပေတွေကိုလည်း လေ့လာမှတ်သားရတယ်၊ ဒီနည်းနဲ့ ကျွန်မတို့ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ခဲ့တယ်။

ART က ကျွန်မတို့နိုင်ငံမှာ တွင်တွင်ကျယ်ကျယ်ရလာပြီဖြစ်လို့ ကုပေးခဲ့တဲ့ဆရာဝန်ကြီးတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မက မင်္ဂလာဒုံဆေးရုံကနေ AZT ဆေးကို အခမဲ့ရတယ်။ စသောက်ခါစတုန်းက နှစ်ပတ်စာပေးတယ်၊ နောက်ပိုင်း တစ်လစာပေးတယ်။ အခုနှစ်တွေ သိပ်ကြာလာတော့ တစ်ခါဆိုရင် သုံးလစာလောက်ပေးတယ်။

ကျွန်မ HIV ဖြစ်တာ ၂၀ဝ၂ကနေ အခုဆိုရင် ၁၄ နှစ်လောက်တော့ရှိပါပြီ။ ၁၄နှစ်အတွင်း ART သောက်ခဲ့တာတော့ ၁၀နှစ်ပဲ ရှိပါသေးတယ်။ အရင့် အရင်တုန်းက အားဆေးလောက်ပဲ သောက်ခဲ့တာပါ။ အခု ကျွန်မအသက် ၄၃ နှစ်ရှိပြီ၊ ART ဆေးစသောက်ခဲ့တာ ၂၀ဝ၆ ကဆိုတော့ ၁၀ နှစ်ကျော်ခဲ့ပြီ၊ အဲဒီအချိန်က CD4 ၁၆၆၊ အခုကျတော့ CD4 ၉၇၆ ရှိတယ်။ အတက်အကျတော့ရှိပါတယ်။ မင်္ဂလာဒုံဆေးရုံမှာ ခြောက်လတစ်ခါ အမြဲတမ်းဆေးစစ်ပါတယ်။

ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် သွေးအားနည်းတာတော့ဖြစ်တယ်။ ကျွန်မက အစားအသောက်တွေကို အစုံအလင်ပြန်စားပြီး ထိန်းပါတယ်။ တညင်းသီးမစားဘူး။ သေတပန်သက်တဆုံး ဆေးသောက်ရမှာဆိုတော့ ဆေးသောက်ရတဲ့ နှစ်ကြာလာလေ၊ ငြီးငွေ့လာလေပဲ။ အချိန်မှန်သောက်ရပေမယ့် တစ်ခါတလေ မေ့နေတတ်တယ်။ ဒါပေမဲ့ ဆေးယဉ်မှာစိုးလို့ ကျွန်မအချိန်အတိအကျသောက်နိုင်ဖို့ အမြဲကြိုးစားပါတယ်။

HIV ပိုးကို ဘယ်လိုနည်းနဲ့ပဲ ကူးခဲ့ကူးခဲ့ . . ကျွန်မပြောချင်တာက ကျွန်မတို့က သေလူမဟုတ်ဘူး . . အစွမ်းအစတွေ၊ အရည်အချင်းတွေ၊ ခွန်အားတွေ အပြည့်နဲ့ . .လဲနေ ပြန်ထပါ . .ကိုယ်နဲ့ဘဝတူတွေကို ကူညီပါ . .ဆေးကုသမှု ခံယူပြီးနေထိုင်ရင် အသားအရေကအစ ဘာမှမပြောင်းလဲဘဲ ကျန်းကျန်းမာမာနဲ့ သာမန်လူလိုပဲ နေထိုင်နိုင်ပါတယ်ရှင်။

(မနိုင်ကဲ့သို့ ခင်ပွန်းသည်ဆီက HIV ပိုးကူးစက်ခံရသော အိမ်ရှင်မများ အားတက်စေရန်ရည်ရွယ်၍ သူ့ရင်တွင်းခံစားချက်များကို ဖော်ပြလိုက်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top