Healthy Life Ad
Health Tips

ငါးပိရည်ကို ဆမ်းမစားပါနှင့် . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်သည့် ငါးပိရည်ကို ထမင်းထဲဆမ်းမစားဘဲ ဟင်းသီးဟင်းရွက်များနှင့်သာ တို့စားသင့်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားခဲ့သည်။

“ငါးပိရည်ကိုအထူးသဖြင့် ဆီးချိုသမားတွေက စားလို့ရလားလို့မေးပါတယ်။ အနည်းငယ်စားလို့ရပါတယ်။ ဒါပေမဲ့ ငါးပိရည်ကိုတို့ပြီးပဲစားပါ။ မြန်မာလူမျိုးတွေက ငါးပိရည်ကို ထမင်းထဲဆမ်းစားကြတယ်။ အဲဒီလို မစားရပါဘူး။ အဲဒီလိုစားရင် သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငါးပိရည်ကို တို့စရာဟင်းသီးဟင်းရွက်လေးနဲ့ တို့ပြီးပဲစားသင့်ပါတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ကဆိုသည်။

ငါးပိရည်ကို ထမင်းထဲလောင်းချပြီး စားသည့်အလေ့အထကြောင့် သွေးတိုးရောဂါဖြစ်နှုန်း မြင့်တက်လာကြောင်း၊ သို့ဖြစ်ရာ ငါးပိရည်ကို ကြိုက်နှစ်သက်၍ စားမည်ဆိုလျှင် တို့ပြီးသာစားသင့်ကြောင်းသိရသည်။

“ငါးပိရည်ကို ဟင်းသီးဟင်းရွက်အတို့အမြှုပ်တွေနဲ့ တို့စားတာက ပိုပြီးသင့်တော်တယ်၊ အရသာလည်း ပိုကောင်းတယ်၊ ပရိုတင်းဓာတ်ကိုလည်း ရရှိစေပါတယ်။ ဒါပေမဲ့ ငါးပိရည်ကို ဆမ်းစားမယ်ဆိုရင် ကယ်လိုရီပိုရပြီး ဆိုဒီယမ်ပိုရသွားနိုင်ပါတယ်။ ငပိရည်ကို ငါး ၁၀ဝ ဂရမ်နဲ့ ပြုလုပ်ထားမယ်ဆိုရင် ပရိုတင်းဓာတ်က ၂၀ ဂရမ်ရပါတယ်၊ ဒါပေမဲ့ ဆိုဒီယမ်ပါဝင်မှုက ၂၃၀ဝ-၂၈၀ဝ မီလီဂရမ်ကြားရှိနေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူတွေဆိုရင် လုံးဝမစားသင့်ပါဘူး”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ကဆိုသည်။

အိမ်တွင်ငါးများကို အပုပ်ခံပြီး ဆားဖြင့်သာလုပ်ထားသည့် ငါးပိရည်ဆိုလျှင် 5 ml ပမာဏလောက်သာ ကယ်လိုရီ ၂၀ခန့်ရကြောင်း၊ ငါးပိရည်လုပ်ရာတွင် ငါး ၁၀ဝ ဂရမ်ပါလျှင် ကယ်လိုရီ ၁၀ဝ- ၁၂၀ လောက်ရနိုင်ကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top