Healthy Life Ad
Local

တောင်တွင်းကြီးမြို့နေ ဒေါ်ခင်မာကြူ၏ သည်းခြေအိတ်မှ သည်းခြေကျောက် ၉၀၁ လုံး တွေ့ရှိခဲ့ရ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

တောင်တွင်းကြီးမြို့၊ ချောင်းနက်အရှေ့စုရွာတွင် နေထိုင်သည့် အသက် ၅၀နှစ်အရွယ် ဒေါ်ခင်မာကြူ၏ သည်းခြေအိတ်မှ သည်းခြေကျောက် ၉၀၁ လုံးတွေ့ခဲ့ရသဖြင့် ခွဲစိတ်ကုသမှုပေးခဲ့သည့် ဆရာဝန်ကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရကြောင်းသိရသည်။

“ရင်ခေါင်းအောင့်ပြီး တင်းနေတယ်။ ဘယ်လိုမှမနေနိုင်ဘူး၊ အစာလည်း လက်မခံဘူး။ အဲဒါနဲ့ အနီးအနားက ဆေးခန်းကို သွားပြတဲ့အခါ အစာအိမ်ရောင်တယ်ဆိုပြီး အစာအိမ်ဆေးတွေ ပေးတယ်။ တစ်ပတ်ကြာပေမယ့် မသက်သာဘူး။ နောက်ဆရာဝန်တစ်ယောက် ပြောင်းပြတော့လည်း အစာအိမ်ပဲဆိုပြီး အစာအိမ်ဆေးတွေ ပေးတယ်။ ဒါပေမဲ့ အစာကို ဘယ်လိုမှ လက်မခံတော့ နေပြည်တော်သွားပြမယ်ဆိုပြီး ဆရာ ဦးမင်းဇော်အောင်နဲ့ပြဖြစ်သွားတယ်”ဟု ဒေါ်ခင်မာကြူက ဆိုသည်။

ဒေါ်ခင်မာကြူအား စမ်းသပ်ကြည့်ရာ သည်းခြေအိတ်ရောင်သည့် လက္ခဏာရှိ၍ ဆေးရုံတင်ပြီး သွေးစစ်ဆေးခြင်း၊ အာထရာဆောင်း (Ultra­sound) ရိုက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် သည်းခြေအိတ်တွင် ကျောက်အများကြီး (multiple gall stones) တည်နေသည်ကို တွေ့ရသဖြင့် ၁၄-၂-၂၀၁၈ ရက်နေ့၌ လေဆာဖြင့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသည်။

“အသက် ၄၀ အရွယ်လောက်မှာ ကိုလက်စထရောကျောက်တွေ အဖြစ်များတယ်။ အဓိက F လေးလုံး-Fat (ဝတဲ့သူ)၊ Female (အမျိုးသမီး)၊ Forty(အသက် ၄၀)၊ Fertile (အိမ်ထောင်သည် မိခင်)တွေမှာ အဖြစ်များတယ်။ ဒါပေမဲ့ ကလေးမရှိတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကျောက်စဖြစ်တာက အသက် ၃၅ လောက်ဆိုပေမယ့် ဆရာဝန်တွေဆီလာပြတဲ့အရွယ်က အသက် ၄၀ လောက်ဖြစ်တာ များတယ်။ တချို့လည်း သည်းခြေကျောက်ရှိမှန်း မသိတဲ့ အသံတိတ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ သည်းခြေပြွန်ထဲမှာ ကျောက် တည်ရင် အန္တရာယ်များတယ်၊ ပင်မသည်းခြေပြွန်ထဲ ကျောက်ရှိပြီး ပိတ်တယ်ဆိုရင် မျက်စိနာတယ်၊ အသားဝါတယ်၊ ဖျားတယ် . . ဒီလို လက္ခဏာတွေ ဖြစ်တတ်တယ်။ သည်းခြေအိတ်ထဲမှာ ကျောက်ရှိ တာကတော့ ကံကောင်းတယ်။ ဒါပေမဲ့ ဒီကျောက်ကလည်း အချိန်မရွေးအောက်ကို ပြုတ်ကျနိုင်တယ်။ သည်းခြေပြွန်လည်ပင်းအဝမှာ တစ်ပြီး ပိတ်တယ်ဆိုရင်လည်း သည်းခြေအိတ်ကျဉ်းပြီး ဖောင်းနိုင်၊ ပွင့်ထွက်နိုင်တယ်၊ ပုပ်သွားနိုင်တယ်” ဟု Senior Consultant Plastic Surgeon ဒေါက်တာဦးမင်းဇော်အောင်က သည်းခြေကျောက်တည်ရခြင်း အကြောင်းကို ပြောပြခဲ့သည်။

သားသမီးလေးဦးရှိသည့် ဒေါ်ခင်မာကြူက-
“သည်းခြေအိတ်မှာ ကျောက်ရှိတာကို အစပိုင်းမှာမသိတော့ အနာနဲ့ ဆေး တခြားစီဖြစ်နေခဲ့တယ်။ မနက်ခုနစ်နာရီတစ်ကြိမ်၊ ညနေ လေးနာရီ တစ်ကြိမ် ဗိုက်ကြီးက ကြီးပြီးရောင်ရောင်လာတယ်။ အန်တီက အသား၊ ငါးမစားဘူး။ ကြက်ဥ၊ ငါးခြောက်၊ အဆီ၊ ကိတ်မုန့်တွေ အစားများတယ်။ တောင်တွင်းကြီးဘက်က ရေကလည်း ထုံးဓာတ်များတယ်။ အဲဒါတွေကြောင့်ဖြစ်တယ်လို့ ထင်တယ်”ဆိုပြီး သူ့အတွေ့အကြုံကို ပြောပြခဲ့သည်။

“တကယ်ခွဲဖြစ်တော့ သည်းခြေအိတ်ထဲမှာ ကျောက်တွေက အများကြီးမို့ ခွဲစိတ်ဆရာဝန်ကိုယ်တိုင် အံ့အားသင့်သွားမိတယ် ခန့်မှန်းအလုံးတစ်ရာ ကျော်လောက်ရှိမယ် ထင်ခဲ့မိတာ။ အဲ့ဒါနဲ့တပည့်တွေကို ကျောက်တုံး သုံးလေးပုံလောက် ခွဲပုံပြီး ရေတွက်ခိုင်းရတယ်။ ကျောက်အရွယ်ကတော့ နှမ်းစေ့အရွယ်ကနေ ကုလားပဲစေ့ အရွယ်ထိ အရွယ်စုံပါ Cholesterol stone တွေပါ။ အားလုံးစုစုပေါင်း ၉၀၁ လုံးပါ။ မယုံနိုင်လို့ တပည့်တွေကို ၂ခါပြန်စစ်ခိုင်းရတယ်။ တကယ်ကို ၉၀၁ လုံးပါ”ဟု ဒေါက်တာ ဦးမင်းဇော်အောင်က ပြောသည်။

သည်းခြေကျောက်ထုတ်ပြီး နောက်တစ်နေ့၌ပင် ကျန်းမာနေပြီဖြစ်သည့် ဒေါ်ခင်မာကြူက အဆီအဆိမ့်များရှောင်ရန် ဆရာဝန်မှာကြားလိုက်သည်ဟုပြောသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top