Healthy Life Ad
Life Style

ဆီလီကွန်အရုပ်မနှင့် ကျန်းမာရေးအပေါ် ဆေးပညာရှင်အချို့၏ အမြင်

အခုတလော ဆီလီကွန်အရုပ်မတွေက မြန်မာအမျိုးသားအချို့ကြား ရေပန်းစားနေပြီး မှာယူသူ၊ ဝယ်ယူသူတွေတောင်ရှိနေတယ်ဆိုတဲ့ သတင်းစကားတွေ လူမှုကွန်ရက်တွေမှာလည်း ပြန့်နှံ့နေပါတယ်။ ဆီလီကွန်အရုပ်မနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေရော နောက်ပြောင်ပြောဆို မှုတွေပါရှိနေပါတယ်။ ဒီဆီလီကွန်အရုပ်တွေက ကျန်းမာရေးအတွက် ကောင်းတဲ့ အလားအလာရှိသလား၊ ထိခိုက်မှုရှိနိုင်သလား စတဲ့ ကျန်းမာရေး သက်ရောက်ပုံကို သိရှိနားလည်စေဖို့ ဆေးပညာရှင်တချို့ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။
အယ်ဒီတာ

အကောင်းအဆိုး ဒွန်တွဲနေတယ်လို့ ဆိုပါရစေ။ ကောင်းတာက လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေလျော့နည်းစေတယ်၊ စိတ်ဖိစီးမှုအပါအဝင် ထွက်ပေါက်တစ်ခုအဖြစ်ရှိစေပါတယ်။မကောင်းတာက အတုကအစစ်ကို မမီတာပါ။ အိမ်ထောင်ပြုတာဟာ ဒီကိစ္စတစ်ခုတည်း အတွက်မဟုတ်ပါဘူး။ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်သလို၊ အရုပ်ကို သေသေချာချာဆေးကြောသန့်စင်မှုမရှိရင် ပိုးဝင်ကူးစက်နိုင်ပါတယ်။ တချို့အရုပ်တွေမှာပါတတ်တဲ့ Phthalates ဓာတ်က ကင်ဆာဖြစ်နိုင်ခြေရှိပြီး မျိုးအောင်မှုကို ထိခိုက်နိုင်ဖွယ်ရှိတယ်လို့ ယူဆကြပါတယ်။
ဒေါက်တာမြတ်ထွဋ်ညွန့်

အမျိုးသားတချို့ တစ်ကိုယ်ရေ အာသာဖြေတဲ့သဘောနဲ့ ဆီလီကွန်အရုပ်တွေ သုံးတာမျိုးပါ။ အခန့်မသင့်ရင် အမျိုးသားလိင်အင်္ဂါမှာ ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ ပိုပြီးအရေးကြီးတာက ဒီအရုပ်ကို မျှဝေသုံးရင်၊ အရုပ်က သန့်ရှင်းမှုမရှိရင် လိင်ကတစ်ဆင့် ကူးစက်ပိုးတွေ ကူးလွယ်တာ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးအရ ပြောရရင် ဒီလိုနည်းနဲ့ အာသာဖြေတာက ပုံမှန်လင်နဲ့မယား ဆက်ဆံရေးနေရာမှာ အစားမထိုးသင့်ပါဘူး။
ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

ဒါက စိတ်ပိုင်းဆိုင်ရာမှာ အထောက်အကူ ပြုနိုင်တယ်လို့တော့ မြင်ပါတယ်။ ဘာနဲ့သွားဆိုင်သလဲ ဆိုတော့ လူပျိုပေါက်အရွယ်မှာ ကိုယ့်ဘာသာ အာသာဖြေခြင်း (Masturbation) လုပ်တာနဲ့ သွားဆင်ပါတယ်။ အဲဒါကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ မညီညွတ်ဘူးစသဖြင့် အငြင်းအခုန်ဖြစ်ခဲ့ကြတယ်။ နောက်ပိုင်း ဆေးပညာလေ့လာမှုတွေက ဒီလိုအာသာဖြေတာက အပြစ်မရှိဘူး၊ ကျန်းမာရေးထိခိုက်မှု မရှိဘူးလို့ ဆိုကြတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု လျော့ကျစေတယ်လို့တောင် ဆိုကြတယ်။ ဒီလိုလုပ်တာက အားကုန်တယ်၊ ထိ ခိုက်တတ်တယ် စသဖြင့် ပြောကြပေမယ့် ဒီလိုလုပ်လို့ ထွက်သွားတဲ့ ပရိုတင်းပမာဏက မြေပဲ ၁၀ စေ့၊ ကြက်ဥ တစ်လုံးပမာဏလောက်ပဲရှိတဲ့အတွက် များများစားစား အားအင်ယုတ်လျော့စရာ မရှိဘူးလို့ ဆိုကြပါတယ်။ Masturbation လုပ်တာကလည်း တစ်ဦးတည်းလုပ်တဲ့ ကိစ္စဖြစ်ပြီး ဆီလီကွန် အရုပ်မကလည်း တစ်ဦးတည်းလုပ်တဲ့ကိစ္စပဲ ဖြစ်တဲ့အတွက် ဆင်တယ်လို့ပြောနိုင်တယ်။

ကောင်းတဲ့ဘက်က ကြည့်ရင် အဲဒီလူရဲ့ စိတ်ထွက်ပေါက်ဖြစ်မယ်၊ ပတ်ဝန်းကျင်က တခြားလူတွေကို ထိခိုက်မှု မရှိဘူး၊ တစ်ဦးတည်းနေတဲ့ လူပျိုကြီးတွေအတွက် အပြင်မှာ သွားလာပျော်ပါးတာနဲ့စာရင် ပိုပြီး အန္တရာယ်ကင်းတယ်လို့ ဆိုနိုင်တယ်။ ဒီလိုနည်းနဲ့ဖြေဖျောက်လိုက်တော့ စိတ်ဖိစီးမှုပြေလျော့မယ်၊ တင်းအားလျော့ကျမယ်၊ ကောင်းကောင်း အိပ်ပျော်မယ်။ အသက်ကြီးတဲ့ အိမ်ထောင်သည် အမျိုးသားတွေဆိုရင် သူတို့အိမ်ထောင်ဖက် သွေးဆုံးလို့ ဟော်မုန်းလျော့ကျသွားချိန်မှာ အမျိုးသမီးတွေက လိင်ကိစ္စကို စိတ်ပါဝင်စားမှုနည်းသွားတယ်။ အမျိုးသားတွေကကျတော့ ဒီစိတ်ဆန္ဒရှိနေတုန်းပဲ။ အဲဒီလို အခြေအနေမှာ အပြင်ထွက်ပြီး အပျော်အပါးလိုက်စားတာထက်စာရင် ဒီအရုပ်မနဲ့ ဖြေဖျောက်လိုက်တယ်ဆိုရင် ရောဂါပိုးကူးနိုင်ခြေနည်းပြီး လူမှုရေးပြဿနာတွေလည်း နည်းသွားနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ သုံးရင် အကျိုးရှိနိုင်ပါတယ်။အိမ်ထောင်ရှင် အမျိုးသမီးတွေဘက်က ကြည့်ရင် သူ့အမျိုးသားက ဆီလီကွန်အရုပ်ပေါ်မှာပဲ စိတ်ပါပြီး သူ့အပေါ် စိတ်ဝင်စားမှုလျော့ကျ သွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတော့ ရှိနိုင်ပါတယ်။မကောင်းတဲ့အချက်ကတော့ ဒီဆီလီကွန် အရုပ်မသန့်ရှင်းရင် ကျန်းမာရေးထိခိုက်နိုင်တယ်၊ လူတွေအများကြီး မျှသုံးရင် ရောဂါပိုးဝင်နိုင်တယ်။

လူ့ဘောင်လောကမှာ ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲဆိုရင် လူအများစု အသုံးပြုလာရင်တော့ အမျိုးသားတွေ အသက်ကြီးတဲ့အထိ အိမ်ထောင်မပြုဘဲ ဒီအရုပ်နဲ့ပဲ သာယာတယ်ဆိုရင် အိမ်ထောင်သား မွေးရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။ ဒါကတော့ အသုံးပြုသူ များလာမှ စိတ်ပူရမယ့်ကိစ္စပါ။

ဒီဆီလီကွန်အရုပ်မတွေ သုံးလို့ မှုခင်းကိစ္စတွေလျော့ကျမလားလို့ စဉ်းစားကြည့်လိုက်ရင်တော့ လျော့ကျစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုဒိမ်းမှုကျူးလွန်တဲ့သူအများစုက ဆီလီကွန်အရုပ်မဝယ်ဖို့ ငွေရေးကြေးရေး လက်လှမ်းမမီကြပါဘူး။ ဒီအရုပ်မဝယ်ပြီး အသုံးပြုနိုင်တဲ့သူဆိုတာက (၁) အရုပ်ဝယ်ဖို့ ပိုက်ဆံတတ်နိုင်ရမယ်၊ (၂) ဒီအရုပ်ထားဖို့ privacy ရှိရမယ်။ တဲလေးတစ်လုံးထဲမှာ စုဝေးနေတဲ့ လူတန်းစားဆိုရင် ဒီအရုပ်ကို ဘယ်နေရာမှာ သွားထားမလဲ။ ဒါကြောင့် ဒီအရုပ်ကြောင့်တော့ မုဒိမ်းမှုကျသွားမယ်လို့ သိပ်တော့မထင်ပါဘူး။
ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top