Healthy Life Ad
Local

ဘယ်သူဌေးခေါ်ခေါ် မိဘကို ပစ်ခွာမသွားတဲ့ သားလိမ္မာလေး မောင်မောင်ကို ကူညီပေးလိုက်ပါပြီ

?ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ချင်းနယ်စပ်၊ မကွေးတိုင်းဒေသကြီး၊ လောင်းရှည်နယ်၊ ဆောမြို့နယ်ရှိ ငပန့်ကျင်းရွာတွင် နေထိုင်ကြသော ဦးဘဟန်နှင့် ဒေါ်ခင်စန်းရီ မိသားစု . .

သူတို့ရဲ့ တစ်ဦးတည်းသော သားလေးက မောင်မောင် . .ရုပ်ရည်လေးက သနားကမားလေး၊ အသက် ၁၁ နှစ်အရွယ် တတိယတန်းကျောင်းသား၊ လိမ္မာရေးခြားလေးကလည်း ရှိ၊ စာကလည်း တော်ရှာတော့ မွေးစားချင်သူတွေ မရှား။

”မောင်မောင့်ကို မွေးစားချင်တယ်”

လောင်းရှည်နယ်ဘက်က သူဌေးများ လာခေါ် တော့ မောင်မောင်က မလိုက်။

”ဒီအိမ်မှာ အနေအစားကလည်း ဆင်းရဲ၊ မင်းဘဝတိုးတက်မှာ မဟုတ်ဘူး၊ ငါတို့နဲ့ လိုက်နေ”

ဘယ်သူဌေးခေါ်ခေါ် မောင်မောင် ဖြေတဲ့ စကားက တစ်ခွန်းတည်း။

”ကျုပ်အဖေနဲ့ အမေကို ဘယ်သူ ကြည့်ပေးမှာလဲ”
မောင်မောင် ပြောလည်း ပြောချင်စရာပင်။?

ဖခင်ဖြစ်သူ ဦးဘဟန်က အသက် ၇၀ ရှိပြီ။ သုံးနှစ်သားအရွယ်ကတည်းက ခန္ဓာကိုယ် အောက်ပိုင်းသေနေသူ . .လမ်းသွားရင် လက်လေးနှစ်ဖက်ကို မြေကြီးပေါ်ထောက်ပြီး ဖင်တရွတ်ဆွဲ သွားရရှာသူ . .??

မိခင် ဒေါ်ခင်စန်းရီကျတော့လည်း မွေးကတည်းကနေ အခု အသက် ၆၀ အရွယ်အထိ စိတ်မနှံ့ရှာ၊ မည်သူကိုမျှ ဒုက္ခမပေး၊ စကားလည်း မပီရှာသည့် ယဉ်ယဉ်လေး ရူးနေသူ။??

သို့သော် မောင်မောင့်မိဘနှစ်ပါးစလုံးက ဒုက္ခိတဆိုပြီး တောင်းရမ်းမစား၊ ကိုယ့်အင်ကိုယ့်အားရှိသမျှ အလုပ်လုပ်မယ်ဆိုပြီး မိန်းမက ဝါးခုတ်၊ ယောကျာ်းက သန်စွမ်းသည့် လက်နှစ်ဖက်အားဖြင့် ဝါးကို နှီးဖြာပြီး တောင်းရက်သည်။ ?

”တောမှာဆိုတော့ ဝယ်တဲ့သူက သိပ်မရှိဘူး။ ဒါပေမဲ့ ဒါလေးပဲ အဘက လုပ်တတ်တယ်။ ဝင်တဲ့ ငွေနဲ့ပဲ အဘတို့ မိသားစု ဖြစ်သလို စားသောက်ပါတယ်။ မိန်းမကလည်း စိတ်ကြည်မှ ဝါးခုတ်ပေးတာ” ဟု ဦးဘဟန်က ဆိုရှာသည်။
– – – – – – – – – – – – –
ဘဝအခြေခံလိုအပ်ချက်ဟူ၍ စားဝတ်နေရေးဆိုသည့် စကားလုံးလေးလုံးသာ ရှိလို့ တော်တော့သည်။
မောင်မောင်တို့မိသားစုမှာ တစ်နေ့ တစ်နေ့ ဝမ်းဝအောင် စားရသောက်ရဖို့ အနိုင်နိုင် ရှာနေရတာနဲ့ အိမ်လည်း မပြင်နိုင်၊ အဝတ်လည်း မရှိရာ။ ရပ်ထဲ ရွာထဲက ပေးကမ်းသမျှ အဝတ်အစားအနွမ်းလေးဝတ်ရင်း လုံခြုံအောင် နေရရှာသည်။

အိမ်လေးက အမိုး မလုံ၊ ဘေးအကာအရံကို အဝတ်စုတ်၊ ပလတ်စတစ်စုတ်များ ထိုးထည့်ကာ ဖာထေးထားရှာသည်။ ဖုံကထူ၊ လမ်းက ကျောက်ခဲများ နှင့် ကြမ်းတမ်း၊ မိုးတွင်းကျတော့ မိုးယို၊ ဗွက်ပေါက် . .နေရတဲ့ ဘဝ မလုံခြုံလှ။

ဘဝကို အနိုင်မခံ အရှုံးမပေး စိတ်ဖြင့် ရုန်းကန်နေရှာသော မောင်မောင်တို့ မိသားစုအကြောင်း ချင်းပြည်နယ်၊ ဆောမြို့တွင် ပရဟိတအလုပ်များ စွမ်းစွမ်းတမံ လုပ်ကိုင်နေသူ မသီတာခိုင် ကြားရသည့်အခါ မနေသာတော့။ ဆောမြို့နှင့် မိုင် ၂၀ ခန့်ဝေးသည့် လမ်းကြမ်းကြီးကို ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာ အိမ်လေးက နုံချာချာ၊ အဘနှင့် အဒေါ် က နွမ်းပါး၊ သားလေးက သနားကရုဏာသက်စရာ။

”အဒေါ်က စိတ်မနှံ့တော့ ငွေတွေ့ရင် လွှင့်ပစ်တယ်၊ ပစ္စည်းတွေ၊ အဝတ်အစားတွေလည်း လွှင့်ပစ် ကောက်ပစ်လုပ်တယ်။ ဒါနဲ့ အရင်ဆုံး သံဘီဒိုဝယ်ပေးပြီး ပစ္စည်းတွေအကုန်ထည့်၊ သော့ခတ်ပေးထား လိုက်တယ်။ မောင်မောင်က လိမ္မာပြီး တတ်သိနားလည်တော့ သူ့ကို အကုန်မှာလို့ ရတယ်”ဟု မသီတာခိုင်က ပြောသည်။

မသီတာခိုင်ထံမှတစ်ဆင့် စေတနာမေတ္တာကြီးမားလှသည့် အလှူရှင်များ က မောင်မောင်တို့မိသား စုအတွက် အလှူငွေများ၊ အဝတ်အစားများ၊ အိမ်ပြင် ဆောက်လုပ်ရန် သွပ်များ၊ မုန့်များ စသည်တို့ကို လှူဒါန်းခဲ့ကြ သည်။

ညဘက် အမှောင်ထဲ နေရသဖြင့် ဆိုလာမီး ဝယ်ပေးခဲ့ရာ ဒေါ်ခင်စန်းရီက ကြိုးနှစ်ချောင်း ပူးချည်လိုက်တော့ လောင်သွားလေ၏။

”ပြောရရင် အကုန်လုံး သေချာ စီစဉ်ပေးမှ ဖြစ်တော့မယ်ဆိုပြီး အစ်မက အပင်ပန်းခံပြီး အိမ်ကိုပါ ပြင်ဆောက်ပေးဖို့ စီစဉ်လိုက်တယ်။ မောင်မောင့် ကျောင်းစရိတ်နဲ့ စာအုပ်ဖိုးတွေလည်း ထောက်ပံ့ပေး ထားပြီး ဆန်ကို အခုလောလောဆယ် တစ်လစာ ပေးခဲ့တယ်”ဟု မသီတာခိုင်က ပြောသည်။

ဒုက္ခိတမိသားစုဖြစ်သော်လည်း ကိုယ့်ရှိသမျှအားကို အသုံးချတတ်သော မောင်မောင်တို့ မိသားစု လုံခြုံနွေးထွေးစွာ နေထိုင်စေချင်သည့် စိတ်စေတနာ အရင်းခံဖြင့် မသီတာခိုင်က အလှူရှင်အချို့၏ အလှူငွေများနှင့် မောင်မောင်တို့အိမ်ကို ဆောက်လုပ်ပေးနေပါသည်။

အမိုးလေးကို ပြင်၊ အကာကို ပြန်ဆောက်၊ ခြေလှမ်းမှားလျှင် ကျွံကြတော့မည့် ကြမ်းခင်းလေးကို ပျဉ်လေး ပြန်ခင်း . .စသဖြင့် တစ်အိမ်လုံး ပြုပြင်ပေးရမည်ဖြစ်ရာ

အလှူငွေများက မပြည့်မီသေးသဖြင့် မောင် မောင်တို့ မိသားစုလေးကို မေတ္တာစေတနာဖြင့် ဖေးမ ကူလိုသူများကို Healthy Life ဂျာနယ် ပရဟိတအသင်းက ဦးဆောင်ပြီး အလှူငွေ ကောက်ခံပေးခဲ့ရာ Healthy Life ဂျာနယ်ပရဟိတအသင်းအလှူငွေ တစ်သိန်းအပါအဝင် စုစုပေါင်း ခြောက်သိန်းခြောက်သောင်းရရှိခဲ့ပါသည်။ ရရှိသည့် အလှူငွေကို မသီတာခိုင်က မောင်မောင်တို့ နေအိမ်လေးကို ပြုပြင်ပေးပြီး ကျန်ငွေကို မောင်မောင့်ပညာရေးစရိတ်အတွက် အသုံးပြုသွားမည် ဖြစ်ပါကြောင်းနှင့် မိဘကို ပစ်ခွာမသွားသည့် သားလိမ္မာလေး မောင်မောင်၏ ရှေ့ရေး သာယာချောမွေ့တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top