Healthy Life Ad
Life Style

အိမ်တွင်းနည်းလမ်းတွေနဲ့ သုံးလအတွင်း ကိုယ်အလေးချိန် ၄၃ပေါင်လျှော့ချနိုင်ခဲ့သူ သဲမြတ်ဖြူစင်ဦး

♦ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အသက် ၁၈ နှစ်အရွယ် အဝေးသင်တက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေသည့် ရန်ကုန်မြို့၊ ကမ္ဘာအေးရပ်နေ မသဲမြတ်ဖြူစင်ဦးသည် ၂၀၁၇ ခုနှစ်အတွင်း ကိုယ်အလေးချိန် ၁၄၈ ပေါင်အထိ မြင့်တက်လာခဲ့သဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာမှ ၂၀၁၇ နိုဝင်ဘာလအထိ သုံးလတာကာလအတွင်း ကိုယ်အလေးချိန် ၄၃ ပေါင် တိတိ လျှော့ချနိုင်ခဲ့သူ ဖြစ်သည်။ သူက အိမ်မှာပင် ကျန်းမာရေးနှင့် ညီညွတ်ပြီး ကယ်လိုရီနည်းသည့် အစားအသောက် ရွေးချယ်စားသုံးခြင်း၊ အလွယ် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည့် အိမ်တွင်း နည်း လမ်းများ သုံးပြီး ကိုယ်အလေးချိန်ကို ထိရောက်စွာ လျှော့ချနိုင်ခဲ့သူလည်း ဖြစ်သည်။

“ညီမ ကိုယ်အလေးချိန်ကို စချတုန်းက မနက် အိပ်ရာနိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်ပြီး ရေကို ခွက်ကြီးကြီးနဲ့ တစ်ခွက် သောက်လိုက်ပါတယ်။ ပြီးတော့ မနက်စာကို ကြက်ဥပြုတ် သုံးလုံး စားပါတယ်။ ပြီးတော့ Green Tea(လက်ဖက်စိမ်းလက်ဖက်အိတ်ထုပ်)ကို ရေနွေးစိမ်ပြီး သောက်ပါတယ်။ ပြီးရင် လမ်း လျှောက်ပါတယ်။

နေ့လယ်စာကို ထမင်းစားပါတယ်။ ပုံမှန် ညီမ စားနေကျ ထမင်းရဲ့ သုံးပုံနှစ်ပုံလောက်ကိုပဲ ပန်းကန်လုံးနဲ့ စားပါတယ်။ ဟင်းကိုတော့ ကြက်သားပြုတ်၊ ငါးပြုတ်တို့ကိုပဲ အဓိက စားပါတယ်။ အဆီအအိမ့် အကုန်ရှောင်ပါတယ်။ ကြက်သားပြုတ်ကို ဒီအတိုင်း စားရတာ မကြိုက်တော့ ကြက်သွန်များများထည့်သုပ်ပြီး ချဉ်ချဉ်စပ်စပ်လေး စားပါတယ်။ အရွက်ကြော် တစ်ခွက် စားပါတယ်။ အရွက်များများကို ဆီနည်း နည်းနဲ့ပဲ ကြော်စားပါတယ်။ ထမင်းစားပြီး ၁၀ မိနစ် လောက်နေတော့ Green Tea သောက်ပါတယ်။ သခွားသီးတစ်လုံး စားပါတယ်။

ပြီးတော့ ရေမချိုးခင် လမ်းလျှောက်ပါတယ်။ ကြိုးခုန်ပါတယ်။ အိပ်ထမတင် လေ့ကျင့်ခန်းလုပ်ပါတယ်။ ညီမက တစ်နေ့ကို လေ့ကျင့်ခန်းအနေနဲ့ တစ်နာရီခွဲလောက် အချိန်ပေးပြီး လုပ်ဖြစ်ပါတယ်။ ညီမကတော့ ကျောင်းမတက်ရသေးတဲ့အတွက် အိမ်မှာပဲ နေတာများတော့ တစ်ခါတည်းနဲ့ တစ်နာရီခွဲလောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်ပါတယ်။

ညစာကိုတော့ ၆ နာရီနောက်ပိုင်း အစာမစားပါဘူး။ ထမင်းမစားဘဲ ကြက်ဥပြုတ် သုံးလုံး စားပါတယ်။ အရွက်သုပ် စားပါတယ်။ ဟင်းချိုသောက်ပါတယ်။ အသီးအနှံတော့ စားပါတယ်။ ဒါနဲ့ပဲ ညီမ ဗိုက်ပြည့်သွားပါတယ်”ဟု မသဲမြတ်ဖြူစင်ဦးကသူ ၏ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကို ပြောပြခဲ့သည်။ထိုပုံစံအတိုင်း တစ်ပတ်ကြာ နေထိုင်စား သောက်လိုက်ရာ ကိုယ်အလေးချိန် ၁၀ ပေါင်စတင် ကျသွားခဲ့ကြောင်း သိရသည်။

“နောက်တစ်ပတ်ကျတော့ ညီမက အစားအသောက်ကို နည်းနည်းလေး တိုးစားပါတယ်။ မုန့်ဟင်း ခါး(အကြော်မပါ)၊ ရခိုင်မုန့်တီ(အကြော်မပါ)ကို စားဖြစ်ပါတယ်။ ဆီကြော်စာ ရှောင်တော့ ဝိတ်မတက်ပါဘူး။ နောက်ပိုင်း သုံးလပြည့်တဲ့အထိ ညီမ ဒီအတိုင်းပဲ စားပါတယ်။ တချို့ရက်တွေမှာ အစာနည်းနည်း ပိုစားမိသွားရင် လေ့ကျင့်ခန်းကို တိုးလုပ်ဖြစ်ပါတယ်”ဟု မသဲမြတ်ဖြူစင်ဦးက သုံးလအတွင်း နေထိုင်စား သောက်မှုပုံစံကို ပြောပြခဲ့သည်။

မသဲမြတ်ဖြူစင်ဦး ပြုလုပ်သည့် လေ့ကျင့်ခန်းများမှာ တစ်နေ့ အနည်းဆုံး နာရီဝက်ခန့် လမ်းလျှောက်ခြင်း၊ တစ်နေ့ အနည်းဆုံး အခါ ၁၀ဝ ကြိုးခုန်ခြင်း၊ (တဖြည်းဖြည်းတိုးသွားရာ နှစ်ပတ်ကြာချိန် တွင်အခါ ၅၀ဝ အထိ တိုးမြှင့်၍ ကြိုးခုန်ခြင်း)၊ အိပ်ထမတင်လေ့ကျင့်ခန်းကို တစ်ကြိမ်လျှင် ၁၅ ခါနှင့် သုံးခေါက် ပြုလုပ်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

“လမ်းလျှောက်တာနဲ့ ကြိုးခုန်တာကတော့ အဓိက လုပ်ဖြစ်တယ်။ ကြိုးခုန်လိုက်ရင် တစ်ကိုယ်လုံးက အဆီတွေ ကျလွယ်တယ်။ အိပ်ထမတင်လေ့ကျင့် ခန်းကိုတော့ စစချင်းမှာ လျှော့လုပ်တယ်။ နောက်ပိုင်း လုပ်ရင်း လုပ်ရင်းနဲ့ တိုးသွားတယ်။ အဲဒီသုံးခုကတော့ အဓိက လုပ်ဖြစ်ပါတယ်။ နှစ်လလောက်နေတော့ ညီမ ဝိတ်က ပေါင် ၂၀ ကျော် ကျသွားတယ်။

စစချင်း တစ်ပတ်အတွင်း ၁၀ ပေါင်ကျပေမယ့် နောက်ပိုင်းကျတော့ နည်းနည်းတက်လိုက်၊ ကျလိုက်နဲ့ မမှန်ဘူး။ တစ်ခါတလေ စိတ်ဖိစီးမှု များပြီး နည်းနည်း စားမိရင် နည်းနည်း ဝိတ်ပြန်တက်လာတယ်။ နှစ်လလောက်နေတော့ ကိုယ်အလေးချိန် အတက်- အကျက ငြိမ်သွားပါတယ်။

အဲဒီအချိန်မှာ ညီမ ကိုယ်လုံးအလှရဖို့အတွက် အောက်ပိုင်းထိုင်တာတွေ ဘာတွေ လုပ်ဖြစ်ပါတယ်။ ညီမအတွက် သင့်တော်မယ့် လေ့ကျင့်ခန်းတွေကို Youtube ကြည့်တယ်၊ Google ကလည်း ရှာတယ်၊ ဂျာနယ်တွေ၊ ကျန်းမာရေးစာအုပ်တွေလည်း ဖတ်တယ်၊ အိမ်မှာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ ရှာပြီး ကိုယ်နဲ့ အဆင်ပြေမယ့် လေ့ကျင့်ခန်းတွေကို လိုက်လုပ်ဖြစ်ပါတယ်”

အရပ် ငါးပေ လေးလက်မရှိသူ မသဲမြတ်ဖြူစင်ဦး အတွက် သူလိုချင်သည့် ကိုယ်အလေးချိန်မှာ ၁၀၅ ပေါင်ဖြစ်ပြီး နောက်ပိုင်းတွင် ကိုယ်အလေးချိန်ကျစေရန် လျှော့ချခြင်း မလုပ်တော့ဘဲ ထိုကိုယ်အလေးချိန်ကို ထိန်းနိုင်ရန်နှင့် ခန္ဓာကိုယ်လှပကြည့်ကောင်း စေရန်သာ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အစားအသောက် ဆင်ခြင်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ညီမ ကိုယ်အလေးချိန် ၁၄၈ ပေါင်ရှိတုန်းက ပေါင်၊ လက်မောင်း၊ တင်ပါးနဲ့ ဗိုက်တွေက တော်တော်ကြီးနေတယ်။ ဗိုက်က အဓိကပေါ့၊ ဗိုက်အရမ်းထွက်တယ်။ ဝတဲ့ကြားထဲ ပေါင်တွေ၊ တင် ပါးတွေကလည်း ကြီးနေတော့ လူတွေက ပိုပြီး ကဲ့ရဲ့ကြတယ်။ အဲဒီဖိအားတွေကြောင့် ညီမ ဝိတ်ချဖြစ် သွားတာပါ”

သုံးလအတွင်း ကိုယ်အလေးချိန် ၄၃ ပေါင် လျှော့ချရခြင်းမှာ မသဲမြတ်ဖြူစင်ဦးအတွက် လွယ်ကူသည့် ကိစ္စတော့ မဟုတ်ခဲ့။ ဝသည့် မျိုးရိုးလည်း ရှိပြီး ဟမ်ဘာဂါ၊ အဆင်သင့် ကြက်ကြော်၊ ထမင်း၊ ဝက်သား စသည့် ကယ်လိုရီများသည့် အစာများကို ကြိုက်နှစ်သက်သူ မသဲမြတ်ဖြူစင်ဦးမှာ ကိုယ်အလေးချိန် ကျချင်လွန်းသောစိတ်ဖြင့် ခြိုးခြံနေထိုင်ခဲ့ရသည်။

“ညီမက ထမင်းအရမ်းကြိုက်တယ်၊ ဝက်သား ကြိုက်တယ်။ စပြီး ကိုယ်အလေးချိန်လျှော့တုန်းက ထမင်းစားချင်တာ၊ စိတ်က မကျေနပ်ဘူး။ နေ့တိုင်း စိတ်ညစ်ရတယ်။ ဒီလိုအပင်ပန်းခံပေမယ့် ဝိတ်က ကျကော ကျပါ့မလားဆိုတဲ့ အတွေးလည်း ဝင်တယ်။ ဒါပေမဲ့ တစ်လလောက်နေတော့ ထမင်းတောင် စားချင် စိတ်မရှိတော့ဘူး။ ကြက်ကြော်၊ ဟမ်ဘာဂါတွေလည်း အရမ်းကြိုက်ပေမယ့် လုံးဝ မစားဘဲ နေဖြစ်ပါတယ်။

ညီမ ဝိတ်ချတာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်အကြိမ်တွေနဲ့ဆို လေးခေါက်-ငါးခေါက် လောက်ရှိပါပြီ။ အဲဒီအခေါက်တွေတုန်းက အစားအသောက်ကို လုံးဝ ဖြတ်ပစ်လိုက်တော့ အဆင်မပြေခဲ့ဘူး။ အူရောင်တာ၊ သွေးပေါင်ကျတာတို့ ဖြစ်သွားတယ်။ သူများလောက် အမောမခံနိုင်တော့ဘူး။ ဒီလို နဲ့ မအောင်မြင်ခဲ့ပါဘူး။

ဒီတစ်ခေါက်မှာတော့ ညီမ ကိုယ့်ဘာသာ စဉ်းစားတယ်။ သူများ ကဲ့ရဲ့တာ၊ အပြောခံရတာ၊ စနောက်တာတွေ ပြန်စဉ်းစားပြီး ငါ ဝိတ်လျှော့မှဖြစ်တော့ မယ်လို့ တွေးတယ်။ ဝလာတော့ ပေါ့ပေါ့ပါးပါး မရှိဘူး၊ ကြာလာရင် ရောဂါတွေလည်း တိုးလာနိုင်တယ်။ လှလှပပလည်း မဝတ်နိုင်ဘူး။ ပေါင်တွေ၊ ခြေသလုံးတွေ ကြီးတော့ ဂျင်းဘောင်းဘီတွေ လုံးဝ အဆင်မပြေဘူး။ အခုနောက်ပိုင်း ဂျင်းဘောင်းဘီတွေက ကြီးရင် အရမ်းကြီးပြီး ငယ်ရင် အရမ်းငယ်တယ်၊ ပေါင်တွေတော်ရင် တင်ပါးမှာ ကျပ်ချင်ကျပ်တယ်၊ ညီမအတွက် အဆင်မပြေဘူး။ နောက်တစ်ခုက ညီမတို့အရွယ်လေးတွေ ခါးတိုအင်္ကျီလေးတွေ ဝတ်တယ်၊ ကိုယ်ကျပ်အင်္ကျီဝတ်တယ်၊ ညီမအတွက် လုံးဝ အဆင်မပြေဘူး။ ဝတ်ရင် သူများအမြင်မှာ ပုံပျက်ပန်းပျက် ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အရမ်း လျော့တယ်။ ဒါတွေအားလုံးကို ပြန်တွေးပြီး စိတ်အားတင်း ပြီး လျှော့နိုင်ခဲ့တာပါ ”ဟု မသဲမြတ်ဖြူစင်ဦးက ဝိတ် လျှော့နိုင်ခဲ့သည့် သူ့အတွေ့အကြုံနှင့် စိတ်ဓာတ်ခိုင်မာမှုကို ပြောပြခဲ့သည်။

“အရင်က ခါးအတိုင်းအတာ ၂၈ နဲ့ ၂၉ လက် မဝန်းကျင်မှာရှိတယ်။ အခုတော့ ခါးအတိုင်းအတာ က ၂၄ လက်မပဲ ရှိတော့တဲ့အတွက် အဝတ်အစား ဆိုရင်လည်း ဘာဝတ်ဝတ် အဆင်ပြေသွားပါပြီ။ သုံး လဝိတ်လျှော့ပြီးတော့ ပေါင်အသား တော်တော်ပျော့ သွားတာနဲ့ တင်းရင်းအောင် သီးသန့်လေ့ကျင့်ခန်း လုပ်ဖြစ်ပါတယ်။အခုလို ကိုယ်အလေးချိန် ကျသွားတော့ ကျန်းမာရေးအရ ညီမ သွက်လက်လာတယ်။ ညီမက ငါး လွှာမှာနေတော့ အရင်ကဆို တက်ဖို့၊ ဆင်းဖို့ လေးလံ နေပေမယ့် အခုကျတော့ သွက်လက်ပေါ့ပါးသွားပါတယ်။ အမောပိုခံနိုင်လာပါတယ်”

ကိုယ်အလေးချိန်လျှော့ချချင်သူ၊ ကိုယ်အလေးချိန်များနေတို့အတွက် မသဲမြတ်ဖြူစင်ဦးက နောက်ပိုင်းတွင် Facebook Page တစ်ခုဖြင့် သူ့အတွေ့ အကြုံများကို မျှဝေသွားမည် ဖြစ်ကြောင်း ပြောရင်း-

“ဝိတ်ကျချင်တယ်ဆိုရင် ညီမလောက် ကိုယ် အလေးချိန် မလျှော့နိုင်ရင်တောင် အဆီအအိမ့်တွေ၊ ဆီကြော်စာတွေ ရှောင်စေချင်ပါတယ်။ ပြီးတော့ Green Tea သောက်ရင် ဗိုက်အဆီတွေ တကယ်ကျပါတယ်။ ရေကို ပုံမှန်သောက်သင့်ပါတယ်။ ဝတဲ့သူအ တော်များများက ရေသောက်နည်းပြီး အချိုရည်၊ ဂတ်စ်ပါတဲ့ အရည်တွေ သောက်တာများတယ်။ ဝိတ်စချတော့မယ်ဆိုရင် ဝုန်းခနဲ အကုန်မဖြတ်ဘဲနဲ့ ဒီတစ်လမှာ ဆီကြော်စာ၊ အချိုရည် စတာတွေ ဖြတ် မယ်ဆိုတာမျိုးနဲ့ ဖြည်းဖြည်းချင်း လျှော့သွားစေချင်ပါတယ်။ ဝုန်းခနဲလုပ်ရင် တစ်ပတ်တောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဓိကကတော့ ကိုယ့်ကျန်းမာရေးအ ခြေအနေကို ကြည့်ပြီး ဖြည်းဖြည်းချင်း လျှော့သွား စေချင်ပါတယ်။ လေ့ကျင့်ခန်းအနေနဲ့ အလုပ်လုပ်တဲ့ သူ၊ ကျောင်းသွားရတဲ့သူဆိုရင် နေ့တိုင်းလုပ်နိုင်မှာ မဟုတ်ဘူး။ အနည်းဆုံး နာရီဝက်လောက် ချွေးထွက်အောင် လမ်းလျှောက်တာလောက်ပဲဖြစ်ဖြစ်၊ အိပ်ထမတင်ကို ၁၅ ခါ နှစ်ကျော့လောက် လုပ်တာပဲ ဖြစ်ဖြစ် လုပ်စေချင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ မျိုးရိုးမတူတဲ့အတွက် ဝိတ်ကျတာ နှေးတယ်ဆိုရင်တောင် ဇွဲမလျှော့ သင့်ပါဘူး။ ညစာလျှော့ပြီး ရေများများသောက်ရင် အဆီသိသိသာသာ ကျပါတယ်”ဟု သူ့အတွေ့အကြုံကို အခြေခံပြီး ကိုယ်အလေးချိန် လျှော့ချလိုသူ အားလုံးကို အကြံကောင်း ပေးလိုက်ပါသည်။

♦ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top