Healthy Life Ad
Local

အဝလွန်ပြီး ဒူးနာနေသည့် ဒေါ်လှလှထံမှ ၁၅ ပေါင်လေးသည့် ဗိုက်အဆီကို ခွဲစိတ်ဖြတ်ထုတ်အောင်မြင်

♦ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အသက် ၆၇ နှစ်အရွယ် ဒေါ်လှလှ၏ ၁၅ ပေါင်ခန့်လေးသည့် ဝမ်းဗိုက်အဆီကို နေပြည်တော်၊ ဇဗ္မူ သီရိဆေးရုံကြီးတွင် Senior Consultant Plastic Surgeon ဒေါက်တာဦးမင်းဇော်အောင် ဦးဆောင် သောအဖွဲ့က ၁၄-၁၂-၂၀၁၇ ရက်နေ့က ခွဲစိတ်အောင်မြင်ခဲ့ကြောင်း ဒေါ်လှလှက Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“မခွဲခင်တုန်းက အန်တီ့ကိုယ်အလေးချိန်က ၁၈၂ ပေါင်ရှိပါတယ်။ ဝတော့ ဒူးခေါင်းနာတယ်။ ဒူးခေါင်းနာတော့ ဆရာဝန် သွားပြတယ်။ ဆရာဝန်က ပြောတယ်။ “ဒူးခေါင်းနာတဲ့ ဝေဒနာအတွက် ဗိုက်ကို အရင်ပြလိုက်ပါ၊ ဗိုက်ကအရမ်းလေးနေတဲ့အတွက် ဒူးခေါင်းနာတာ ဖြစ်နိုင်တယ်၊ ဗိုက်အဆီတွေ မရှိတော့ရင် ဒူးခေါင်းက အလိုလိုနေရင် ပျောက်နိုင်တယ် ”လို့ ဆရာဝန်က ပြောတယ်။ “အန်တီလည်း နာနေတာနဲ့ ပြကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟု ဒေါ်လှလှက အဝလွန်ခြင်းကြောင့် ခံစားရသည့် ဝေဒနာကို ပြောပြခဲ့သည်။

ရန်ကုန်၊ လှိုင်မြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်သည့် ဒေါ်လှလှတွင် သားသမီးငါးဦး ရှိကြောင်းနှင့် သားသမက် ဆရာဝန်မှတစ်ဆင့် ဒေါက်တာဦးမင်းဇော်အောင်ထံ သွားပြဖြစ်ခဲ့ကြောင်း သိရသည်။


ခွဲစိတ်ဖြတ်ထုတ်လိုက်သော ဗိုက်အဆီ

“ဆရာနဲ့ တွေ့တော့ ဗိုက်အဆီတွေက လေးပင်နေတဲ့အတွက် ခွဲထုတ်မယ်လို့ စဉ်းစားလိုက်တယ်။ အဲဒါနဲ့ သွေးစစ်၊ ဆီးစစ် . .စသဖြင့် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါတယ်။ သားကလည်း ဒီလို ခွဲထုတ်တာက ဗိုက်ခေါက်ပဲ ထုတ်တာဖြစ်လို့ အထဲက ကလီစာတွေ မထိခိုက်ပါဘူး။ စိုးရိမ်စရာ မရှိပါဘူးလို့ ပြောတာနဲ့ အန်တီခွဲဖြစ်သွားတာပါ”

ခွဲထုတ်ခဲ့သည့် ဗိုက်အဆီပို အလေးချိန်မှာ ၁၅ ပေါင်ရှိကြောင်းနှင့် ခွဲပြီး ၂၄ နာရီမကြာမီ ဆရာဝန်က လမ်းလျှောက်ခိုင်းရာ သက်သောင့်သက်သာ လျှောက်နိုင်ကြောင်း ဒေါ်လှလှက ပြောပြခဲ့သည်။


ခွဲပြီး၂၄နာရီမပြည့်မီ လမ်းစလျောက်

“နှစ်၂၀-၃၀လောက် ဗိုက်ကြီးတွဲတွဲကြီး ထမ်းလာခဲ့ရတာ၊ ပေါင်နှစ်ဖက်ဆိုရင် ပေါင်တွေမည်းပြီး လောင်ကုန်တာ၊ အိမ်ပေါ်ကနေ အောက်သိပ်မဆင်းဘဲ အိမ်ပေါ်မှာပဲ အနေများတာပေါ့။ အဲဒီတော့ ပိုဆိုး သွားတာ။ခွဲပြီးတော့ နေလို့ကောင်းသွားတယ်၊ ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ခွဲစိတ်ပေးတဲ့ ဆရာဝန်တွေနဲ့ အဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်”ဟု ဒေါ်လှလှက ဆိုသည်။

၁၂-၁-၂၀၁၈ ရက်နေ့က ကိုယ်အလေးချိန် တိုင်းခဲ့ရာ ဒေါ်လှလှ၏ ကိုယ်အလေးချိန်က ၁၆၂ ပေါင်သာ ကျန်တော့ကြောင်း သိရသည်။

“အန်တီတို့ငယ်ငယ်တုန်းက ကလေးမွေးပြီးလည်း ဗိုက်စည်းရမယ်ဆိုတာ နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါ့ပေါ့နေခဲ့တဲ့အကျိုးပေါ့။ အဲဒီလိုနေရင်း ဝလာတော့ ဗိုက်က တွဲကျသွားတာပေါ့”ဟု ဒေါ်လှလှက ဗိုက်အဆီများလာခြင်းအကြောင်းရင်းကို ပြောပြခဲ့ပြီး ခွဲစိတ်ပြီး နေအိမ်သို့ ပြန်ရောက်ချိန်တွင် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံ အတိုင်း လိုက်နာသွားမည်ဟု ပြောသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top