Healthy Life Ad
Q & A

သွားချေးကျောက်နှင့် ဖာထားသောသွား ဘယ်လိုခွဲခြား

မေး. သွားချေးကျောက်ရှိတဲ့သွားနဲ့ ဖာထားတဲ့သွား ဘယ်လိုခွဲခြားသိရှိနိုင်ပါသလဲ။ ဖာထားတဲ့သွားကို သွားချေးကျောက်ထင်ပြီး ခြစ်လိုက်ရင် အဲဒီသွားတွေက ယိုင်နဲ့လာပြီး လှုပ်သွားမှာလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ် ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွားချေးကျောက်ဆိုတာ သွားရဲ့အခြေတွေမှာရှိတဲ့ ကျောက်ပါ။ လျှာဘက်က သွားအတွင်းသားမှာ ဂျိုးလေးတွေလို မြင်နေရတဲ့အရာ ဖြစ်ပါတယ်။ သွားဖာတယ်ဆိုတာက များသောအားဖြင့် အဲဒီလို နေရာတွေမှာ မလုပ်ကြပါဘူး။ သွားရဲ့ဝါးတဲ့ မျက်နှာပြင် အံသွားတွေမှာ ဖာလေ့ရှိတယ်၊ ရှေ့သွားတွေဆိုရင် သွားကြားထဲမှာဖာမယ်။ သွားဖာတာက သွားရဲ့အရောင်နဲ့ တူအောင် အများအားဖြင့် ဖာပေးလေ့ရှိပါတယ်။

ဒါမှမဟုတ် ငွေနဲ့ ဖာထားတယ်ဆိုရင် ငွေရောင်ပြောင်ပြောင် မည်းမည်းလေး တွေ့နေရပါတယ်။ အဲဒီတော့ သွားချေးကျောက်ကတော့ ယေဘုယျအားဖြင့် သွားတစ်ချောင်း တည်းမှာ မရှိဘဲနဲ့ သွားတွေအကုန်လုံးနီးပါးမှာ ရှိနေတတ်သလို အတွင်းမျက်နှာပြင်လျှာဘက်မှာ များသော အားဖြင့် တွေ့ရတတ်ပါတယ်။ အပေါ်သွားဆိုလည်း သွားချေးကျောက်ရှိရင် သွားဖာထားတာနဲ့မတူဘဲနဲ့ ဂျိုးတွေ တက်နေတဲ့ ပုံစံမျိုးရှိတတ်ပါတယ်။ သွားဖုံးတွေကလည်း ရောင်တာတွဲဖြစ်တတ်ပါတယ်။ ဒီတော့ သွားချေး ကျောက်နဲ့ သွားဖာထားတာက လွယ်လွယ်ကူကူ ခွဲခြားသိရှိနိုင်ပါတယ်။

နောက်တစ်ခုက သွားချေးကျောက်တွေရှိနေရင် အဲဒီသွားချေးကျောက်တွေကို သန့်ရှင်းရေးလုပ်လိုက်တဲ့အခါ သွားဖုံးတွေနိမ့်သလို ဖြစ်သွားနိုင်တယ်၊ ဒါပေမဲ့ သိပ်မကြာခင် သွားဖုံးတွေပြန်တက်လာပြီး သွားဖုံးသန့်ရှင်းရေး ကောင်းရင် သွားကသန့်ရှင်းသွားမှာပါ။
သွားချေးကျောက်တွေ သိပ်များနေရင် နောက်ဆုံးမှာ သွားတွေနဲ့လာပြီး ကျွတ်သွားတဲ့ အခြေအနေ၊ နုတ်ရတဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။

သွားချေးကျောက်က မရှိသင့်တဲ့အရာဖြစ်ပြီး လူတွေမှာရှိနေရင် ပုံမှန်မဟုတ်ပါဘူး။ သွားချေးကျောက်တွေမရှိအောင် သွားတိုက်နည်းမှန်မှန်နဲ့ တိုက်ပေးမယ်၊ သွားဆရာဝန် တွေဆီမှာ ခြောက်လတစ်ကြိမ် သန့်ရှင်းရေး သွားလုပ်ပေးမယ်ဆိုရင် ဒါတွေက ကာကွယ်ထားလို့ရပါတယ်။ ဒါနဲ့ တစ်ဆက်တည်းဖြေလိုတာက ဖာထားတဲ့သွားကို သွားချေးကျောက်လို့ထင်ပြီး ခြစ်စရာအကြောင်းလည်း မရှိပါဘူး။

Most Popular

Healthy Life Ad
To Top