Healthy Life Ad
Q & A

မြေပဲ၊ ပဲများနှင့် ဓာတ်မတည့်ခြင်း . . .

မေး. ကျွန်တော့်ကလေးက မြေပဲနဲ့ပဲတွေစားရင် သိပ်မတည့်တာကို သတိထားမိပါတယ်။ အစာနဲ့ ဓာတ်မတည့်တာလား၊ အဲဒီလိုဓာတ်မတည့်မှုဖြစ်ခဲ့ရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ၊ ဘယ်လိုကုသသင့်ပါသလဲ သိချင်လို့ပါ။
ကိုမျိုးဝင်း၊ ဘောက်ထော်။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် အရေပြားအထူးကုဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. အစာနဲ့ ဓာတ်မတည့်တာကိုသိဖို့ ဘာမတည့်လဲ သေချာအောင်သိဖို့လိုပါတယ်။ အဲဒါကို ရှောင်ပါ။ ဓာတ်မတည့်တာက အတွေ့များပါတယ်။ မြေပဲနဲ့ မတည့်ဘူးဆိုရင် အပင်ကရတဲ့ အစေ့အဆန်တွေလည်း ရှောင်သင့်ပါတယ်။ အစာတွေကို ဆိုင်မှာ စစ်၊ အိမ်မှာ စစ်၊ မစားခင်စစ်ပါ။

ဓာတ်မတည့်သူကို ကိုယ်ခံစွမ်းအားစနစ်က တုန့်ပြန်လွယ်ပြီး ပဲနဲ့အစေ့တွေက ပရိုတင်းကို ရန်သူထင်ပြီး တုန့်ပြန်ပါတယ်။ စားရုံမက ကိုင်တွယ်ရင်ပါ မခံနိုင်ဘူး။ ဓာတ်မတည့်မှု အလာဂျီဖြစ်တယ်။ ကိုယ်က ဟစ္စတာမင်းဓာတ်တွေ ထွက်လာတယ်။

– ပဲနဲ့ ဓာတ်မတည့်တဲ့အခါ ရင်ကျပ်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ၊ ရွှီရွှီသံထွက်တာ၊ လည်ပင်းကျပ်တာ၊ ဗိုက်နာတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ အရေပြားမှာ ယားတာတွေဖြစ်ပြီး အင်ပြင်ဖြစ်တာ၊ အနီစက်တွေပေါ်တာ၊ ရောင်တာ၊ မျက်လုံးရောင်တာ၊ မျက်စိယားတာ၊ မျက်ရည်ကျ၊ သွေးပေါင်ကျတာတွေ ဖြစ်တယ်။ ခေါင်းကိုက်မယ်။ သတိလစ်မယ်။

– လူချင်း မတူဘူး။ လူပေါ်မူတည်ပြီး ကွဲပြားတယ်။ အသက်ရှူကျပ်ပြီး အရေးပေါ်အခြေအနေရောက်ပြီး အသက်အန္တရာယ် ထိခိုက်တတ်သေးတယ်။

– တစ်သက်လုံး ဓာတ်မတည့်မှုကို ခံစားသွားရတတ်ပါတယ်၊ ဓာတ်မတည့်မှုဖြစ်ရင် အရေပြားမှာ စမ်းသပ်စစ်ဆေးလို့ ရပါတယ်။

အကောင်းဆုံးကတော့ မထိတွေ့ မစားသောက်တာပါ။ အစာစားမယ်ဆိုရင် အညွှန်းစာ ဖတ်သင့်တယ်။ မြေပဲ၊ အစေ့အဆန်ပါ၊ မပါ စစ်ဆေးသင့်တယ်၊ ပါရင် ရှောင်လို့ရပါတယ်။

ပဲပါဝင်နိုင်တဲ့ အစားတွေက ဘီစကစ်၊ ကွတ်ကီး၊ ဖုတ်ထားတဲ့ မုန့်တွေ၊ ချိုချဉ်၊ ချောကလက်၊ အိုက်စ်ခရင်မ်၊ ငရုတ်ဆီ၊ အချဉ်စတာတွေဖြစ်တယ်။ ကလေးရဲ့ သူငယ်ချင်းတွေနဲ့ ဆရာမကို မြေပဲနဲ့ဓာတ်မတည့်ကြောင်း အကြောင်းကြားထားရမယ်။ ပဲဆီအားလုံးကိုလည်း ရှောင်ရမယ်။ မြေပဲမတည့်တာ ပြင်းထန်ရင် ဆေးရုံအရေးပေါ်ဌာနကို အရောက်ခေါ်သွားရမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top