Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်တိုင်း ထိရောက်မှု ရှိလိုလျှင် . . .

၊ ငွေကြယ်စင်ယံ ၊

လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုမို ထိရောက်မှုရှိပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရရှိစေဖို့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) စိမ်းလန်းသော ရှုခင်းကိုကြည့်ပြီး လေ့ကျင့်ခန်းလုပ်ပါ

စိမ်းလန်းတဲ့နေရာမှာ အချိန်ငါးမိနစ်လောက် လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ကျန်းမာရေးကောင်းပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်တို့ကို တိုးမြင့်စေပါတယ်လို့ လွန်ခဲ့တဲ့နှစ် လေ့လာသူတွေက တွေ့ရှိခဲ့ရပါတယ်။

(၂) ကိန်းဂဏန်းများကို သိနားလည်ပါ

လူအများစုက မိမိရဲ့ ကိုယ်အလေးချိန် အတိုင်းအတာကို သိကြပေမယ့် သွေးဖိအားအတိုင်းအတာ၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်း၊ သွေးတွင်း ကိုလက်စထရော ပမာဏ စတာတွေကို သိရှိမှု လျော့နည်းတတ်ပါတယ်။ ယူကေ အရွယ်ရောက်သူ သုံးဦးမှာ တစ်ဦးနှုန်းက သွေးတိုးနေတဲ့အတွက် သင့်အနေနဲ့ အခုပဲ သင့်သွေးဖိအားကို တိုင်းတာသင့်ပါတယ်။

(၃) တေးသီချင်းဖွင့်ပြီး လေ့ကျင့်ပါ

တေးဂီတက သင့်ကို လေ့ကျင့်ခန်း လုပ်စဉ်အတွင်း ညောင်းညာနုံးချည့်မှုနဲ့ ပင်ပန်းမှုတွေ မဖြစ်အောင် ကူညီပေးပြီး လှုပ်ရှားမှုနဲ့ နည်းစနစ်ကို စည်းချက်ညီအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ လေ့လာမှုအရ အသင့်အတင့် လေ့ကျင့်ခန်းကနေ ပြင်းထန်တဲ့ လေ့ကျင့်ခန်းအထိ အကောင်းဆုံး သီချင်းအမျိုးအစားတွေက တစ်မိနစ်မှာ ၁၂၀နဲ့ ၁၅၀ စည်းချက်ကြားမှာ ရှိသင့်ပါတယ်။ သင်အနှစ်သက်ဆုံး သီချင်း၊ အဆိုတော်နဲ့ တစ်မိနစ်မှာ ခုန်တဲ့ စည်းချက်အသံ စတာတွေကို ရေးမှတ်ပြီး အင်တာနက်မှာ ရှာကာ နားထောင်သင့်ပါတယ်။

(၄) ချပ်ရပ်သော ဝမ်းဗိုက်အတွက် အားထုတ်ပါ

ချပ်ရပ်နေတဲ့ ဝမ်းဗိုက်ရဖို့ အထိုင်မများသင့်ပါဘူး။ အိပ်ထ မတင်လေ့ကျင့်ခန်း၊ ထိုင်ထလေ့ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေနဲ့အတူ အလေးမတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးရင် ခန္ဓာကိုယ်မှာ စုဆောင်းထားတဲ့ အဆီပိုတွေကို လျော့ကျစေပါတယ်။

(၅) ခါးအတိုင်းအတာကို ပုံမှန်တိုင်းပါ

ခန္ဓာကိုယ်က အဆီပမာဏကို ဘယ်လောက် သိုလှောင်ထားတယ်ဆိုတာ ခါးအတိုင်းအတာကို ကြည့်ပြီး သိနိုင်ပါတယ်။ ခါးတစ်ဝိုက်မှာ စုဆောင်းနေတဲ့ အဆီတွေက အန္တရာယ်အများဆုံးပါ။ ဒီအဆီ တွေကြောင့် ဆီးချိုရောဂါ၊ သွေးတွင်း ကိုလက်စထရောများတာနဲ့ နှလုံးရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ အာရှတိုက်က အမျိုးသမီးတွေအတွက် ခါးအတိုင်းအတာက ၃၁ လက်မအောက်ပဲ ရှိသင့်ပြီး အာရှတိုက်က အမျိုးသားတွေအတွက် ခါးအတိုင်းအတာက ၃၅ လက်မအောက်ပဲ ရှိသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top