Healthy Life Ad
Health Tips

နံနက်အိပ်ရာထချိန် ခံတွင်းအနံ့ဆိုး ထွက်လို့ စိတ်ညစ်နေသလား . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အိပ်ပျော်တဲ့အခါ ခံတွင်းထဲမှာ တံတွေးအထွက် နှုန်းလျော့ကျသွားပါတယ်။ အဲဒီအတွက် မကောင်းတဲ့ ဘက်တီးရီးယားတွေ ပွားများနှုန်းများလာပြီး ခံတွင်း အနံ့ဆိုး ထွက်တတ်ပါတယ်။ အဲဒီအခါ အထူးသဖြင့် အိမ်ထောင်သည်တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတာကြောင့် မျက်လုံးပွင့်လိုက်တာနဲ့ သင့်ခံတွင်း က အနံ့ဆိုးထွက်မနေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို အကြံပြုလိုက်ပါတယ်။

– ရေဓာတ်ကို ကောင်းစွာ ဖြည့်တင်းပါ
အိပ်ပျော်ချိန်မှာ ခံတွင်းက တံတွေးအလုံအလောက်မထုတ်နိုင်ရင် အိပ်ရာနိုးတဲ့အခါ ခံတွင်းနံ့ပို နံတတ်ပါတယ်။ ဒါကြောင့် တစ်နေ့လုံး ရေကို အလုံအလောက်သောက်ပါ။ အိပ်ရာဘေးမှာ ရေတစ်ဖန်ခွက်ထားပြီး ညဘက်တစ်ရေးနိုးတဲ့အခါ ရေဆာရင် အနည်းငယ် ငုံပေးပါ။

– အိပ်ရာမဝင်မီ သွားတိုက်ပါ
အိပ်ရာမဝင်ခင် သွားတိုက်တဲ့အကျင့်ကို အမြဲကျင့်ထားပါ။ သွားမတိုက်ဘဲအိပ်ရင် တစ်နေ့လုံး စားထားသမျှ စားကြွင်းစားကျန်တွေက ခံတွင်းထဲမှာ ပိုးပေါက်ပွားကာ မနက်မိုးလင်းရင် အနံ့ဆိုး ထွက်စေနိုင်ပါတယ်။

– သွားပွတ်ကြိုး သုံးရန် မမေ့ပါနှင့်
သွားတိုက်တာ တစ်ခုတည်းက ခံတွင်းထဲက သွားချေးဖတ်တွေကို အလုံးစုံ မကင်းဝေးစေပါဘူး။ အဲဒီအတွက် သွားကြိုသွားကြားတွေထဲက စားကြွင်းစားကျန်တွေ ကင်းစင်စေဖို့ သွားပွတ်ကြိုးသုံးရပါမယ်။

– အယ်လ်ကိုဟောအခြေခံ ခံတွင်းသန့်ဆေးရည်ကို ရှောင်ပ
အယ်လ်ကိုဟောက ခံတွင်းထဲမှာ ဘက်တီးရီးယားတွေကို ပွားများစေတဲ့အပြင် ခံတွင်းခြောက်စေပါတယ်။ သွားဖုံးတွေကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး တစ်သျှူးပျော့တွေကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ခံတွင်းသန့်ဆေးရည်သုံးမယ်ဆိုရင် အယ်လ်ကိုဟော မပါတဲ့ အမျိုးအစားကို ရွေးသုံးသင့်ပါတယ်။

– အရက်ကို မသောက်သင့်ပါ
ညအိပ်ရာမဝင်ခင် အရက်ရှောင်ပါ။ အရက်သောက်ရင် အာခြောက်ပြီး ခံတွင်းအနံ့ဆိုးထွက်ဖို့ ပိုလှုံ့ဆော်ပေးပါတယ်။

– စီးကရက် ရှောင်ပါ
စီးကရက်သောက်တာကြောင့် ခံတွင်းကို အနံ့ဆိုးထွက်စေနိုင်ပါတယ်။ အထူးသဖြင့် ညဘက် စီးကရက်သောက်ပြီး အိပ်ရင် မနက်ခင်းမှာ ခံတွင်းအနံ့ ဆိုးထွက်တတ်ပါတယ်။

– ညဉ့်နက်ချိန် စားသည့် သရေစာကို သတိထားပါ
ညဉ့်နက်ချိန်မှာ သရေစာစားမယ်ဆိုရင်သကြား မပါတဲ့ သရေစာ (ဥပမာ- သကြားမပါတဲ့ ဒိန်ချဉ်) ကို စားပေးပါ။ ဒိန်ချဉ်ထဲမှာ ပါတဲ့ ကောင်းတဲ့ ဘက်တီးရီးယားက ခံတွင်းထဲမှာ အနံ့ဆိုးထွက်စေတဲ့ ပိုးတွေကို တွန်းလှန်ပေးပါတယ်။ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ လိမ္မော်သီး စတဲ့ ဗီတာမင်စီ ပါဝင်မှုများတဲ့ သစ်သီးဝလံတွေကို စားပေးရင် နံနက်ခင်းမှာ ခံတွင်း အနံ့ဆိုး မထွက်အောင် တွန်းလှန်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top