Healthy Life Ad
Life Style

နှလုံးသွေးကြောရုတ်တရက်ပိတ်သူများကို အမြန်ဆုံးနည်းဖြင့် အသက်ကယ်တင်ပေးမည့် မြန်မာနိုင်ငံ၏ ပထမဆုံးကွန်ရက်

“မန္တလေးဆေးရုံကြီးက နှလုံးအထူးကုကွန်ရက်ရဲ့ကြိုးပမ်းမှုကြောင့် အသက် ၇၀ရှိတဲ့ အစ်ကိုကြီးရဲ့အသက်ကို အချိန်မီကယ်နိုင်ခဲ့ပြီ။ အခု မနက်စောစောမှာ အစ်ကိုကြီး မနက်ရှစ်နာရီလောက်ကတည်းက ရင်ဘတ်အောင့်ပြီး ချွေးတွေပြန်နေတာနဲ့ ချက်ချင်းပဲ ဆေးခန်းပြေးပြီး ECG ရိုက်လိုက်တယ်။ အဖြေအရ နှလုံးသွေးကြောပိတ်တယ်လို့ အဖြေရတာနဲ့ ဆရာဝန်က STEMI Network ရဲ့ Hotline ဖုန်းနံပါတ် ဝ၉ ၂၅၉၈၉၈၆၆၁၊ ဝ၉ ၂၅ ၉၈၉၈၆၆၂ ကို ဖုန်းဆက်ပြီး ECG အဖြေကို Viber နဲ့ တစ်ခါတည်းပို့လိုက်တယ်။ ဆရာတို့က လာခဲ့ဆိုတာနဲ့ဆေးရုံကို အမြန်သွားတော့ ဆရာဝန်တွေက အဆင်သင့်စောင့်နေပြီး သွေးကြောဖွင့်ပေးပါတယ်။ လူနာလည်း ချက်ချင်းသက်သာသွားပါတယ်။ တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ အလှူငွေလောက်ပဲ ထည့်ခိုင်းပါတယ်။

လုပ်လက်စ အလုပ်တွေကိုချပြီး အမြန်ဆုံးအသက်ကယ်ပေးတဲ့ ပါမောက္ခဒေါက်တာသန်းသန်းကြိုင်နဲ့ ပါမောက္ခဒေါက်တာကျော်စိုးဝင်းတို့ ကွန်ရက်ကို အထူးကျေးဇူးတင်ရှိပါတယ်”ဆိုသည့် ဖေ့စ်ဘွတ်ခ်တွင် တင်ထားသည့် Post တစ်ခုကို ဖတ်မိသည့်အခိုက် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာနက ဖွဲ့စည်းထားသည့် STEMI Network ကွန်ရက်အကြောင်းကို အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သင့်ကြောင်း သဘောပေါက်မိပါသည်။ သို့ဖြစ်ပါ၍ ထိုကွန်ရက်နှင့်ပတ်သက်ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာနမှ ပါမောက္ခဒေါက်တာ ကျော်စိုးဝင်းအား မေးမြန်းဆွေးနွေးဖြစ်ခဲ့ပါသည်။

မေး. နှလုံးသွေးကြော ပိတ်နေတဲ့လူနာကို ဆရာတို့ကွန်ရက်အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးပါသလဲ ဆရာ။

ဖြေ. နှလုံးသွေးကြောကျဉ်း/ပိတ်ရောဂါဆိုတာ သွေးကြောက သာမန်နည်းနည်းကျဉ်းတာရှိသလို ဆိုးဆိုးရွားရွားကျဉ်းတာလည်းရှိပါတယ်။ နှလုံးသွေးကြောပိတ်တာမှာလည်း အခု လောလောလတ်လတ်ပိတ်တာရှိသလို ဟိုးအရင်တုန်းကပိတ်တာလည်း ရှိပါတယ်။ အကြမ်းဖျင်းပြောရရင် နှလုံးသွေးကြော ကျဉ်း/ပိတ်ရောဂါက လေးမျိုးလောက်ရှိတာပေါ့။ သာမန်နှလုံးသွေးကြောကျဉ်းတာကတော့ ဆေးသောက်ရုံနဲ့ သက်သာပါတယ်။

နှလုံးသွေးကြော ဆိုးဆိုးရွားရွားကျဉ်းတာမျိုးကတော့ ဆေးသောက်ရုံနဲ့ မသက်သာဘူးဆိုရင် ဆရာတို့က သွေးကြောချဲ့တာပေါ့။ ဒီလိုသွေးကြောချဲ့တာကို Appointment ရက်ချိန်းပေးပြီး ချဲ့ရိုးချဲ့စဉ်အတိုင်း လုပ်ဆောင်ပေးပါတယ်။ ဒါကို Elective PCI (သွေးကြောကို မခွဲမစိတ်ဘဲချဲ့တဲ့နည်း)လို့ ခေါ်ပါတယ်။ သွေးကြောကကျဉ်းတယ်၊ အဲဒါကို ဆေးသောက်လို့ မရတဲ့အခါမှာ ချဲ့တာပါ။ နောက်တစ်ခုက သွေးကြောပိတ်တဲ့ လူနာတွေမှာ ဟိုးအရင်ကတည်းက သွေးကြောပိတ်ထားတဲ့သူ ဒါမှမဟုတ် သွေးကြောပိတ်ပြီး သုံးလေးရက်-နှစ်လ သုံးလကြာပြီးမှ ရောက်လာတဲ့သူတွေကျတော့လည်း ရက်ချိန်းပေးပြီး သူ့ရက်နဲ့သူ Elective PCI နည်းနဲ့ပဲ သွေးကြောချဲ့ပေးတာလည်း ရှိပါတယ်။

ဒီလို အချိန်မီ သွေးကြောမပွင့်ရင် နှလုံးသွေးကြောပိတ်ထားတဲ့သူတွေက နောက်ပိုင်းမှာ ဆေးရုံခဏခဏတက် ရသလို အိမ်မှာနေမကောင်းလည်း ဖြစ်နေတတ်ပါတယ်။ အဲဒါက နှလုံးညှစ်အားကျတဲ့ရောဂါဖြစ်ပြီး နှလုံးကြွက် သားက ညှစ်အားကောင်းကောင်း မရှိတော့တဲ့အခါ အမောဖောက်တဲ့ Heart Failure ဖြစ်သွားလို့ပါ။ အဲဒီအခါ ခဏခဏ ဆေးရုံတက်ချင်လည်း တက်နေရတတ် . . .

အခု ဆရာတို့ ကွန်ရက်အနေနဲ့ လုပ်ဆောင်ပေးနေတာကျတော့ အရေးပေါ် အချိန်မိနစ်မဆိုင်းဘဲ နှလုံးသွေးကြောချဲ့ပေးတဲ့နည်း (Primary PCI) ဖြစ်ပါတယ်။ ဒီနည်းက သွေးကြောချက်ချင်း ပိတ်၊ ချက်ချင်းချဲ့တဲ့နည်း ဖြစ်ပါတယ်။ သွေးကြောတစ်ချောင်းပိတ်တယ်၊ ပိတ်ပိတ်ချင်း ၁၂ နာရီအတွင်းမှာ ချဲ့လိုက်နိုင်တယ်ဆိုရင် ဒီလူနာရဲ့ လတ်တလော အသက်အန္တရာယ်က နည်းသွားသလို ရေရှည်အကျိုးအတွက် ပိုကောင်းသွားပါတယ်။

ရေရှည်ကောင်းကျိုးဆိုတဲ့နေရာမှာ ပြောစရာရှိတာက ဒီလိုအချိန်မီသွေးကြောမပွင့်ရင် နှလုံးသွေးကြောပိတ်ထားတဲ့သူတွေက နောက်ပိုင်းမှာ ဆေးရုံခဏခဏတက်ရသလို အိမ်မှာနေမကောင်းလည်း ဖြစ်နေတတ်ပါတယ်။ အဲဒါက နှလုံးညှစ်အားကျတဲ့ရောဂါဖြစ်ပြီး နှလုံးကြွက်သားက ညှစ်အားကောင်းကောင်း မရှိတော့တဲ့အခါ အမောဖောက်တဲ့ Heart Failure ဖြစ်သွားလို့ပါ။ အဲဒီအခါ ခဏခဏ ဆေးရုံတက်ချင်လည်း တက်နေရတတ်ပါတယ်။

ဒါမှမဟုတ်ရင်လည်း သူတို့ပုံမှန်လုပ်နေတဲ့ စီးပွားရှာတဲ့တာဝန်မလုပ်နိုင်တော့ဘူး၊ သူတို့အတွက် ငွေကုန်ကြေးကျများသလို မိသားစုလည်း ပိုက်ဆံကုန်တယ်၊ လုပ်အားလျော့တယ်၊ အဆုံးထိ ခြုံပြောရရင် ဆေးရုံဆေးခန်းစရိတ်ကုန်တဲ့အပြင် နိုင်ငံတော်အတွက်ပါ လုပ်အားတန်ဖိုး ဆုံးရှုံးရပါတယ်။ ဒီလို နောက်ဆက်တွဲ ပြဿနာတွေ အကုန်လုံးလျော့သွားအောင် လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ၁၂ နာရီအတွင်း နှလုံးသွေးကြောကို အမြန်ဆုံးချဲ့ပေးဖို့ပဲ ဖြစ်ပါတယ်။

ဟိုအရင်တုန်းက ထိုးဆေးကို ရေနဲ့ဖျော်ပြီး နှလုံးသွေးကြော ဖွင့်ခဲ့ရပါတယ်။ အဲဒီလို သွေးကြောဖွင့်တဲ့အခါမှာ လူ ၁၀ဝ ဦးမှာ ၆၀ လောက်ပဲ ပွင့်ပါတယ်။ ပွင့်သွားပြီးတဲ့ လူတွေမှာလည်း တစ်ပတ်အတွင်း ပြန်ပိတ်နိုင်တဲ့ အလားအလာက ၂၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဆေးနဲ့ချဲ့လိုက်တဲ့အတွက် သွေးကြောပွင့်သလား၊ မပွင့်ဘူးလားဆိုတာကိုလည်း ရုတ်တရက်မသိနိုင်ပါဘူး။ သွေးကြောမပွင့်ရင်လည်း ဘာမှလုပ်လို့မရခဲ့ဘူး။ ဒါက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက ကုသခဲ့တဲ့ ကုထုံးဖြစ်ပါတယ်။

အခုကျတော့ သွေးကြောပိတ်တဲ့ လူနာရောက်လာပြီဆိုတာနဲ့ တစ်ခါတည်း စက်ခန်းထဲထည့်ပြီး ပိတ်နေတဲ့သွေးကြောကို စုပ်ထုတ်ဖို့လိုရင်ထုတ်ပြီး Heart Failure နဲ့ ချဲ့လိုက်ပါတယ်။ ပြီးတော့ ဒေါက်ထည့်လိုက်တာပဲဖြစ်ပါတယ်။ ဒါကို အရေးပေါ်သွေးကြောချဲ့တယ်လို့ ခေါ်ပါတယ်။ ဒီလိုလုပ်လိုက်ရင် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းလောက် သွေးကြောပွင့်သွားပါတယ်။ သွေးကြောထဲ ထုံးခဲတွေများနေရင်တော့ လူ ၁၀ဝ၀မှာ တစ်ယောက်လောက် မပွင့်ပါဘူး။

ဒါပေမဲ့ အကြမ်းအားဖြင့် ရာနှုန်းပြည့်နီးပါးလောက် သွေးကြောပွင့်ပါတယ်။ အဲဒီလို သွေးကြောပွင့်တာကိုလည်း ဆရာတို့ မျက်စိနဲ့ မြင်ရတယ်၊ သွေးကြောပြန်ပိတ်နိုင်တဲ့ အလားအလာကလည်း အတော်ကိုနည်းပါတယ်။ ဒီကုထုံးက သိပ်ကောင်းတဲ့နည်းပါ။ နှလုံးသွေးကြောပိတ်ပြီဆိုရင် ပိတ်တဲ့သူရဲ့ တစ်ဝက်လောက်က ဆေးရုံမရောက်ခင်မှာ သေဆုံးသွားလေ့ရှိပါတယ်။ အိမ်မှာ သေတဲ့သူရှိသလို လမ်းမှာသေတဲ့သူလည်း ရှိပါတယ်။ ကျန်တဲ့သူတွေက သွေးကြောပွင့်တဲ့ကုထုံးကို မရခဲ့ဘူးဆိုရင် လူ ၁၀ဝမှာ ၂၅ ယောက်လောက် ထပ်သေပြန်ပါတယ်။

ဆေးနဲ့ သွေးကြောဖွင့်နိုင်ခဲ့ရင် သေဆုံးတဲ့ ရာခိုင်နှုန်းက ၁၂ ရာခိုင်နှုန်းလောက် ထပ်လျော့သွားပါတယ်။ အရေးပေါ် သွေးကြောချဲ့လိုက်ရင်တော့ သေဆုံးနိုင်ခြေက ၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါတော့တယ်။ အရေးပေါ် သွေးကြောချဲ့ကုထုံးကြောင့် ဆရာတို့ဆေးရုံကို လူ ၁၀ဝ တက်တိုင်း အရင်နဲ့စာရင် ၁၀ယောက် အသက်ပိုရှင်အောင် ကယ်ပေးနိုင်ခဲ့ပါတယ်။ ကွန်ရက်ဖွဲ့လိုက်တဲ့အတွက် ဒီလိုအသက်ပိုရှင်တဲ့အပြင်နှလုံး ညှစ်အားကျတဲ့ ရောဂါမဖြစ်တော့တာကြောင့် နောက်ပိုင်းမှာ ခဏခဏဆေးရုံတက်ရတာ မဖြစ်တော့ပါဘူး။

မေး. Balloon နဲ့ အရေးပေါ် နှလုံးသွေးကြောချဲ့တဲ့နည်းကို ဘယ်အချိန်ကစခဲ့တာပါလဲ ဆရာ။

ဖြေ. ၂၀၁၃ ဖေဖော်ဝါရီ ၂၈ရက်နေ့မှာ ဒီကုထုံးကို စခဲ့တာပါ။ အခုဆိုရင် သုံးနှစ်ကျော်သွားပါပြီ။ အရေးကြီးတာက ဆရာတို့ ဘယ်လောက်လုပ်လုပ် လူနာမရောက်ရင် လုပ်လို့မရပါဘူး။ လူနာရောက်ဦး၊ သွေးကြောပိတ်ပြီး ၁၂ နာရီကျော်မှ ရောက်ရင် ဆရာတို့ ဘာမှလုပ်လို့မရပါဘူး။ လူနာက ဒီကုထုံးကို အကြီးစားခွဲစိတ်ကုထုံးလို့ထင်ပြီး ကြောက်နေရင်လည်း ဆရာတို့လုပ်လို့မရပါဘူး။ နောက်တစ်ခုက ငွေကြေးအခက်အခဲ . . လောလောဆယ်မှာ အရေးပေါ်နှလုံးသွေးကြောချဲ့လုပ်ငန်းအတွက် နိုင်ငံတော် အစိုးရက ပံ့ပိုးပေးထားတာရှိသလို နိုင်ငံခြားက NGO အဖွဲ့တွေက လှူထားတာလည်း ရှိပါတယ်။

အဲဒီအတွက် အခုအချိန်မှာ ကုန်ကျစရိတ် အတော်သက်သက်သာသာနဲ့ ကုသပေးနေပါတယ်။ လူနာက အတော်လေးအခက်အခဲရှိနေရင် အလှူငွေနဲ့ လုပ်ပေးလို့ရပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ် ရေရှည်တည်တံ့အောင် တတ်နိုင်တဲ့သူဆိုရင် သွေးကြောချဲ့တဲ့ပစ္စည်း ပြန်ဝယ်ခိုင်းပြီး ပြန်ဖြည့်ပါတယ်။ ဒါမှ လည်ပတ်နေမှာပါ။ ဒါပေမဲ့ လူနာတွေအနေနဲ့ နိုင်ငံတော်အစိုးရ၊ ဆေးရုံနဲ့ကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေကို ငွေကြေးပေးစရာမလိုပါဘူး။ သူတို့နှလုံးသွေးကြောချဲ့ရာမှာ သုံးရတဲ့ပစ္စည်းနဲ့ ဆေးဖိုးတွေအတွက်ပဲ ပေးရတာဖြစ်ပါတယ်။

ကွန်ရက်လုပ်လိုက်ခြင်းအားဖြင့် လူနာအတွက်ကော လူနာကို ကုနေတဲ့ ဆရာဝန်အတွက်ပါ အများကြီးအကျိုးရှိသွားပါတယ်။ ဒါက ဆရာဝန်တွေအတွက်ပါ သင်ကြားရေးတစ်ခုလို ဖြစ်သွားပါတယ် . . .

မေး. ကွန်ရက်ဖွဲ့လိုက်တဲ့အတွက် ဘယ်လိုကောင်းကျိုးတွေ ရရှိသွားပါသလဲ ဆရာ။

ဖြေ. ၂၀၁၃-၂၀၁၄ နှစ်နှစ်မှာ ကွန်ရက်ဆိုတာ မဖွဲ့ဘဲ ဒီအတိုင်းကုသပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ လူနာက မသိတော့ ဆရာတို့ဆီကို အချိန်မီမရောက်တဲ့အတွက် လူနာများများ ကုသမှုမပေးနိုင်ခဲ့ပါဘူး။ ဆရာတို့ဆီရောက်တဲ့ လူနာတွေက သွေးကြောပိတ်ပြီး အချိန် ၁၂ နာရီကျော်မှချည်း ဖြစ်နေပါတယ်။ ဆရာတို့ဆီ ရောက်လာရင်တောင် ဆရာတို့မှာ လူစုရတဲ့ အခက်အခဲရှိတယ်။ ဒါတောင် ကံကောင်းတာက ဆရာတို့ဆီက ဆရာမတွေက ဆေးရုံဝင်းထဲနေပြီး ဆရာတို့တွေကလည်း ဆေးရုံအနီးအနားတစ်ဝိုက်မှာပဲ နေပါတယ်။

ဒါပေမဲ့ လူနာရောက်လာချိန်မှာ ဆရာတို့တွေစုရတယ်၊ သွေးကြောချဲ့တဲ့ စက်ကြီးကိုလည်း ကြိုဖွင့်ရတယ်၊ အဲဒီအခါ နာရီဝက်- ၄၅ မိနစ်လောက် အချိန်ယူရပါတယ်။ ရုံးဖွင့်ရက်ဆိုရင် အဲဒီလောက် မကြာပေမယ့် ရုံးပိတ်ရက်နဲ့ ရုံးချိန်ပြင်ပဆိုရင် ကြာပါတယ်။ လူနာကလည်း ဆေးရုံလာဖို့ ကြာသလို ဆရာတို့ပြင်ဆင်ရတာလည်း အချိန်ထပ်ကြာနေတယ်။ တကယ်တော့ နှလုံးသွေးကြော ရုတ်တရက်ပိတ်တဲ့ လူနာအတွက် မိနစ်တိုင်း၊ မိနစ်တိုင်း အရေးကြီးပါတယ်။ လူနာကို နှလုံးသွေးကြောဖွင့်ဖို့ တစ်မိနစ်နောက်ကျရင် ၁၀ ရက်ပိုပြီး အသက်တိုပါတယ်၊ တစ်နာရီနောက်ကျရင် ရက် ၆၀ဝ (နှစ်နှစ်နီးပါး) အသက်တိုသွားပါတယ်။ ဒါကြောင့် ဆရာတို့က အချိန်မြန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကွန်ရက် (Network) ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအခါ လူနာကို သွေးကြောပိတ်တယ်လို့ သိတဲ့ဆရာဝန်က ဆရာတို့ Network ကို ဖုန်းခေါ်ပြီး ECG အဖြေကို Viber နဲ့ ပို့လိုက်တယ်ဆိုရင် ဆရာတို့က သေချာပြီ၊ ဒီလူနာက သွေးကြောချဲ့ရမယ့် လူနာ၊ အချိန်ကလည်း ၁၂နာရီအတွင်း မှီတယ်၊ လာခဲ့ဆိုပြီး ပြောလိုက်တယ်၊ အဲဒီလိုပြောပြီး လူနာဆေးရုံမရောက်ခင် ဆရာတို့က အကုန်လုံးကိုစုပြီး အဆင်သင့် ပြင်ထားလိုက်တယ်။ ထုံးစံဆိုရင် လူနာတစ်ယောက်ရောက်တဲ့အခါ ဆေးရုံပြင်ပလူနာကုဌာနမှာ စာရင်းသွင်းရတယ်။

သူ့ရှေ့မှာ လူနာ လေးငါးဆယ်ယောက်ရှိနေရင် အချိန်ကြန့်ကြာမှုရှိတယ်။ အဲဒီလို ကြန့်ကြာမှုကို ရှောင်ရှားချင်တယ်၊ လူနာရောက်မှ ဆရာတို့ပြင်ဆင်ရတဲ့ ကြန့်ကြာမှုကို ရှောင်ရှားချင်တယ်၊ အဲဒီအတွက် ကွန်ရက်ဖွဲ့လိုက်တဲ့အခါ လူနာအတွက် အနည်းဆုံး နှစ်နာရီလောက် အချိန်ပိုတိုသွားပါတယ်။ လူနာရောက်တာနဲ့ ဆရာတို့ဆီကို ချက်ချင်းခေါ်ပြီး လူနာကို ရှင်းပြပြီးတာနဲ့ သွေးကြောချဲ့ပေးလိုက်ပါတယ်။ ပြီးတော့မှ ဒီလူနာက ဆေးရုံပြင်ပလူနာကုဌာနမှာ ဆေးရုံတက်ကြောင်း စာရင်းသွင်းရပါတယ်။

ဒီကွန်ရက်ဖွဲ့လိုက်ခြင်းအားဖြင့် လူနာအတွက် သွေးကြောဖွင့်ဖို့ အချိန်ကြန့်ကြာမှုနည်းသွားပါတယ်။ နောက်တစ်ခုက နှလုံးသွေးကြောပိတ်တယ်လို့ ရှင်းနေတဲ့ ECG အဖြေရှိသလို တစ်ခါတလေ သာမန်ဆရာဝန်တစ်ယောက်အဖို့ ဆုံးဖြတ်ရခက်တဲ့ အဖြေလည်းရှိပါတယ်။ အဲဒီတော့ ECG Viber ပို့လိုက်ခြင်းအားဖြင့် ဆရာတို့ဆီက နှလုံးအထူးကု ဆရာဝန်တစ်ဦးကကြည့်ပြီး “ဒါက သွေးကြောပိတ်တာ သေချာတယ်၊ ဒါကမဟုတ်ဘူး” ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပေးနိုင်သွားပါတယ်။ ပြောရရင် ကွန်ရက်လုပ်လိုက်ခြင်းအားဖြင့် လူနာအတွက်ကော လူနာကိုကုနေတဲ့ ဆရာဝန်အတွက်ပါ အများကြီး အကျိုးရှိသွားပါတယ်။ ဒါကဆရာဝန်တွေအတွက်ပါ သင်ကြားရေးတစ်ခုလို ဖြစ်သွားပါတယ်။

မေး. သွေးကြောချဲ့ကုထုံးအတွက် ကွန်ရက်မှာလူအင်အား ဘယ်လောက်လိုအပ်ပါသလဲ ဆရာ။

ဖြေ. သွေးကြောချဲ့တဲ့ဆေးက လက်ထောက်ဆရာဝန်နဲ့ သူနာပြုဆရာမတစ်ယောက်ရှိရင် ဘယ်နေရာမှာမဆို ပေးလို့ရပါတယ်။ ဒါပေမဲ့ သွေးကြောချဲ့ရာမှာ စက်ကြီးရှိရမယ်၊ သွေးကြောချဲ့လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့ ဆရာဝန်ရှိရမယ်၊ ကူညီလုပ်ဆောင်ပေးမယ့် သူနာပြုဆရာမ အနည်းဆုံး သုံးဦးရှိရပါမယ်။ ဒီစက်ကြီးကို ကိုင်တွယ်ပေးမယ့် ဓာတ်မှန်ကျွမ်းကျင်တစ်ယောက်လိုပါတယ်။ အပြင်ကနေ ဆရာတို့ ကုသနေတာကိုထိုင်ပြီး မော်နီတာထဲ မှတ်ပေးမယ့်သူ တစ်ယောက်လည်းလိုပါတယ်။

ပြီးတော့ ကုသပြီးချိန်မှာ အထူးကြပ်မတ်ကုသခန်းထဲ စောင့်ကြည့်ပေးမယ့် ဆရာမလေးတွေလည်းလိုပါတယ်။ ဒီကုထုံး လုပ်နိုင်ဖို့ စက်ကြီးလိုသလို အနည်းဆုံး ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်း ၈-၁၀ ယောက်လောက်လိုပါတယ်။ ဒါ့အပြင် သွေးကြောချဲ့တဲ့ ပစ္စည်းလိုအပ်တယ်၊ အဲဒီ သွေးကြောချဲ့တဲ့ပစ္စည်းက ဈေးကြီးပါတယ်။ ဒီနည်းကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကတည်းက လုပ်ခဲ့ပေမယ့် ဆရာတို့ဆီမှာ စက်ပစ္စည်းအခက်အခဲတွေကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။

လက်ရှိအနေအထားအရပြောရရင် လူအင်အားမနိုင်ပါဘူး။ ဒါပေမဲ့ လူတွေကို အသက်ကယ်ပေးနိုင်မယ်၊ မိသားစုအပိုကုန်မယ့် ငွေလျော့နည်းအောင် လုပ်ပေးနိုင်မယ်၊ နိုင်ငံတော်အတွက် လုပ်အားတန်ဖိုး ဆုံးရှုံးမှုလျော့နည်းမယ်ဆိုတဲ့ အသိစိတ်နဲ့ လုပ်ပေးတာဖြစ်ပါတယ်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ မရပါဘူး။ အားလုံးက လူနာအကျိုးအတွက် ကိုယ်ပိုင်အသိစိတ်ဓာတ်တွေနဲ့ လုပ်ဆောင်ပေးလို့ ဒီလောက် အောင်မြင်တာဖြစ်ပါတယ်။ ဖုန်းကို ၂၄ နာရီ ဖွင့်ထားပြီး နှလုံးအထူးကု သင်တန်းသားနှစ်ဦးက ကိုင်ထားပါတယ်။

မေး. ကွန်ရက်မဖွဲ့ခင်က ကုသနိုင်ခဲ့တဲ့ လူနာနဲ့ ကွန်ရက်ဖွဲ့ပြီး ကုသနိုင်တဲ့လူနာဦးရေ ကွာခြားမှုရှိသွားပါသလား ဆရာ။

ဖြေ. ပထမနှစ်မှာ ၄၇ ယောက်၊ ဒုတိယနှစ်မှာ ၅၉ ယောက်၊ တတိယနှစ် ကွန်ရက်ဖွဲ့ပြီး ကုသမှု ပေးလိုက်တဲ့ အချိန်မှာ ၂၃၃ ယောက်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကွန်ရက်ဖွဲ့ပြီးချိန်မှာ မန္တလေးမြို့နဲ့ မိုင် ၁၀ဝ ဝေးတဲ့နေရာတွေ (မန္တလေးမြို့ကိုသုံးနာရီအတွင်းရောက်အောင် လာနိုင်မယ့်နေရာတွေ) ဥပမာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင် စတဲ့ မြို့တွေကိုသွားပြီး မြို့ပေါ်က အထွေထွေရောဂါကု ဆရာဝန်၊ ဆရာမတွေ ဖိတ်ပါတယ်၊ ပြီးတော့ အရေးပေါ် နှလုံးသွေးကြောချဲ့တာရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြပါတယ်။ ဆရာတို့ ကွန်ရက်အကြောင်းပြောပြီး ဆရာတို့ဆီကို ဘယ်လို လွှဲပို့ပေးလို့ရတယ်ဆိုတာ ပြောပြပါတယ်။ အဲဒီလို ဟောပြောပွဲတွေ လုပ်လိုက်တော့ လူနာတွေ အရမ်းများလာပါတယ်။ ဒီနှစ်ဆိုရင် နှစ်ဝက်အတွင်းမှာကို လူနာ ၁၀ဝ နီးပါးလောက် ကုသပေးပြီးနေပါပြီ။

မေး. ကွန်ရက်ရေရှည်တည်တံ့ဖို့ ဘာတွေလိုအပ်ပါသလဲ ဆရာ။

ဖြေ. ရေရှည်လုပ်နိုင်ဖို့ဆိုရင် နိုင်ငံတော်ကလည်း ပံ့ပိုးမှုရှိရပါမယ်၊ လူနာတွေကလည်း သူတို့တတ်နိုင်သလောက် ကုန်ကျစရိတ်စိုက်ထုတ်ပြီး ကုဖို့လိုမယ်၊ ဝန်ထမ်းအင်အားလိုမယ်။ နိုင်ငံခြားမှာဆိုရင် ဒီလိုလူနာတွေက ဖုန်းဆက်လိုက်တာနဲ့ အရေးပေါ်လူနာတင်ယာဉ်နဲ့ သွားခေါ်ပြီး ဆေးရုံက နှလုံးသွေးကြောချဲ့ဌာနဆီ တိုက်ရိုက်ရောက်လာပါတယ်။ ဒီမှာတော့ အဲဒီလိုမရှိသေးတဲ့အတွက် ဆရာတို့က လူမှုကူညီရေး အသင်းတွေကို ဆရာတို့အကြောင်းရှင်းပြပြီး လူနာက အရေးပေါ်သွေးကြောပိတ်တယ်ဆိုပြီးခေါ်ရင် ဒီလက္ခဏာတွေတွေ့ရင် မန္တလေး ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာကုဌာနကို ခေါ်ခဲ့ပါ၊ အချိန်ကြန့်ကြာမှာစိုးလို့ တခြားနေရာတွေကို မပို့ပါနဲ့လို့ ပြောရပါတယ်။

ကားပေါ်မှာ တစ်ခုခုဖြစ်ရင် သူတို့ ဘာမှမလုပ်တတ်ဘူးလို့ ဆိုတာနဲ့ ဆရာတို့က အရေးပေါ် အသက်ကယ်နည်းသင်တန်းကို တစ်ကြိမ်ခေါ်ပေးခဲ့ပါတယ်။ နောက်ထပ်လည်း ဆက်လုပ်ပေးဖို့လည်းရှိပါတယ်။ ကွန်ရက်မဖွဲ့ခင်တုန်းက သွေးကြောချဲ့တဲ့သူ ၁၀ဝ မှာ ၇၀ ရာခိုင်နှုန်းက မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် ခြောက်မြို့နယ်ကပဲ။ ကွန်ရက်ဖွဲ့ပြီးချိန်မှာ မန္တလေးက တစ်ဝက်ဖြစ်သွားပြီး ကျန်တဲ့နယ်တွေက တစ်ဝက်ဖြစ်သွားပါတယ်။ ကွန်ရက်ထူထောင်လိုက်ခြင်းအားဖြင့် မန္တလေးမြို့ပြင်ပက လူနာတွေအတွက်ပါ အကျိုးရှိသွားပါတယ်။

မေး. နှလုံးသွေးကြော ရုတ်တရက်ပိတ်ပြီဆိုရင် လူနာက ဘယ်လိုလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါသလဲ ဆရာ။

ဖြေ. အဓိကကတော့ ရင်ဘတ်အောင့်တာပေါ့။ ရင်ဘတ်အောင့်တာကတော့ နှလုံးသွေးကြောပိတ်တာအပြင် တခြားအကြောင်းအရာတွေလည်း အများကြီးရှိပါတယ်။ နှလုံးသွေးကြောပိတ်ပြီး ရင်ဘတ်အောင့်တယ်ဆိုရင် နှလုံးနေရာက အောင့်တယ်လို့ လူနာတွေက ထိုးပြကြတယ်။ ဒါဆိုရင် ဖြစ်နိုင်ခြေနည်းနိုင်ပါတယ်။ တကယ်နှလုံးသွေးကြောကျဉ်း/ပိတ်တယ်ဆိုရင် ရင်ဘတ်ရဲ့ အလယ်တည့်တည့်၊ ရင်ခေါင်း၊ လည်ပင်းနေရာမှာ အောင့်တတ်ပါတယ်။

ဒါပေမဲ့ ဘယ်နေရာရယ်လို့ တိတိကျကျ ညွှန်ပြလို့မရအောင် ရင်ခေါင်း၊ ရင်ဘတ်တစ်ခုလုံး တစ်ပြင်လုံးကြီးအောင့်ပါတယ်၊ စူးခနဲစူးခနဲအောင့်တာဆိုရင် သိပ်မတူပါဘူး။ အပြင်ကနေ ရင်ဘတ်တစ်ခုလုံးကို ပြုတ်တူကြီးနဲ့ ထုသလို၊ ရင်ဘတ်ကြီးတစ်ခုလုံးကို ဆွဲစုထားသလို တင်းကျပ်ပြီး ညှစ်ထားသလိုအောင့်မှသာ နှလုံးသွေးကြောကျဉ်း/ပိတ်တာ ဖြစ်နိုင်ပါတယ်။ ဒါတွေအပြင် ချွေးစေးပြန်ပါတယ်။ လူကြီးက အေးစက်ပြီး တစ်ကိုယ်လုံးရေချိုးထားသလို ချွေးပြန်တတ်ပါတယ်။ သွေးကြောပိတ်တဲ့ လူနာ ၁၀ဝ မှာ ၈၀ လောက်က ဒီလက္ခဏာတွေ ပြတတ်ပါတယ်။

အသက်ကြီးတဲ့သူ၊ ဆီးချိုရှိတဲ့သူ၊ အမျိုးသမီးတွေကျတော့ ဒီလက္ခဏာတွေနဲ့ နည်းနည်းကွဲပါတယ်။ ဆိုးဆိုးရွားရွား ရင်ဘတ်အောင့်ချင်မှ အောင့်မယ်၊ ချွေး စေးပြန်ချင်မှ ပြန်မယ်၊ ဒါပေမဲ့ သူတို့အနေနဲ့ နေလို့မကောင်းဘူး၊ နေရတာတစ်မျိုးကြီး မအီမသာ ဖြစ်နေတတ် ပါတယ်။ နံပါတ်တစ်က သူတို့ခံစားရတဲ့ လက္ခဏာ၊ နံပါတ်နှစ်က သူ့မှာ နှလုံးသွေးကြော ကျဉ်းတာ/ပိတ်တာဖြစ်နိုင်တဲ့ အခြေခံအကြောင်းရင်း ဘာတွေရှိသလဲဆိုတာကို စဉ်းစားရပါတယ်။

ဆေးလိပ်သောက်တဲ့သူ၊ ဆီးချိုရှိတဲ့သူ၊ အရမ်းဝတဲ့သူ၊ ကွမ်းစားတဲ့သူ၊ မိသားစုမျိုးရိုးထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးသွေးကြောပိတ်ဖူးတဲ့သူ ဒီလိုအခြေခံ အကြောင်းရင်းတွေ ရှိတယ်ဆိုရင်၊ စောစောကပြောတဲ့ လက္ခဏာတွေနဲ့ လာတဲ့အခါ နှလုံးသွေးကြောပိတ်တာ သေချာသလောက်ပါပဲ။ အဲဒီအခါ ဒုတိယအဆင့် အနေနဲ့ အီးစီဂျီဆွဲရပါတယ်။ ဆရာတို့က လူနာတွေကို ပညာပေးလိုတာက ဒီလိုအခြေခံအကြောင်းရင်းနဲ့ လက္ခဏာတွေရှိရင် ဘယ်ဆေးရုံ၊ ဆေးခန်းမှ မသွားဘဲနဲ့ အီးစီဂျီဆွဲလို့ရတဲ့ ဆေးခန်းတစ်ခုကို အမြန်သွားပါ၊ အီးစီဂျီ အဖြေကို ဆရာဝန်က ဆရာတို့ဆီပို့လိုက်မယ်ဆိုရင် အချိန်မီရောက်လာမှာ ဖြစ်ပါတယ်။

မေး. ဒီလိုမျိုးကွန်ရက်ဖွဲ့ပြီး အရေးပေါ်သွေးကြောချဲ့တာက မန္တလေးပြည်သူ့ဆေးရုံကြီးအပြင် ဘယ်နေရာမှာ ရှိပါသေးသလဲ ဆရာ။

ဖြေ. ကွန်ရက်အနေနဲ့ မန္တလေးမြို့တစ်မြို့တည်းမှာပဲ လုပ်နိုင်ပါသေးတယ်။ အရေးပေါ် သွေးကြောချဲ့တာ ကိုတော့ မန္တလေး ပြည်သူ့ဆေးရုံမှာ စခဲ့ပေမယ့် ရန်ကုန်ပြည်သူ့ဆေးရုံမှာလည်း ရှိပါတယ်။ တပ်မတော် ဆေးရုံတွေနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ရှိပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေမှာ နှလုံးသွေးကြောချဲ့ရမယ်ဆိုရင်တော့ အနည်းဆုံး သိန်း ၅၀အထက်လောက် ကုန်ကျနိုင်ပါတယ်။ ဆရာတို့ အစိုးရဆေးရုံမှာတော့ စက်ဖိုးပေးစရာမလိုဘူး၊ ဆေးကုသမှုအတွက် ပေးစရာမလိုဘူး၊ ပြန်လည်ပြီး သုံးလို့ရတဲ့ ပစ္စည်းတွေအတွက်လည်း ပေးစရာမလိုဘူး။

လူနာပေးရမယ့်အရာက သူ့ကိုယ်ထဲ ထည့်လိုက်တဲ့ ဆေးနဲ့ပစ္စည်းဖိုးလောက်ပဲ ပေးရပါတယ်။ အဲဒါက ၁၀ သိန်းနဲ့ သိန်း ၂၀ကြားလောက်ပဲ ကုန်ကျပါတယ်။ ဆရာတို့ ကွန်ရက်အနေနဲ့ အခမဲ့ကုပေးခဲ့တဲ့ လူနာတွေက အများကြီးပါပဲ။ တချို့လည်း သူတို့တတ်နိုင်သလောက် ဒေါက်တစ်ချောင်းဖိုး ပြန်လှူတာ၊ Balloon တစ်လုံးဖိုး ပြန်လှူတာတို့ရှိပါတယ်။ အပြည့်ပေးတဲ့သူတွေက ရှိတော့ရှိပေမယ့် နည်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top