Healthy Life Ad
Life Style

မေးရိုးတွင် ဖြစ်တတ်သည့် ရောဂါများ

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မေးရိုးမှာ ဘယ်လိုရောဂါတွေ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. မေးရိုးမှာဖြစ်တဲ့ ရောဂါတွေက အများကြီးရှိပါတယ်။ အဓိကအားဖြင့် သွားကြောင့်ဖြစ်တယ်ဆိုတဲ့ မေးရိုးရောဂါရှိသလို သွားကြောင့်မဟုတ်ဘဲ အရိုးကနေဖြစ်လာတဲ့ ရောဂါဆိုပြီးလည်းရှိပါတယ်။

မေး. သွားကြောင့် ဘယ်လိုမေးရိုးရောဂါတွေဖြစ်တတ်ပါသလဲဆရာ။

ဖြေ. သွားကြောင့်ဖြစ်ရတဲ့ ရောဂါတွေထဲမှာ အဖြစ်များဆုံးက သွားပိုးစားတယ်၊ သွားပိုးစားပြီး အမြစ်ကိုရောက်တယ်၊ အဲဒီနောက် အမြစ်မှာ ပြည်တည်လာရာက ဖြစ်တဲ့ပြဿနာပါ။ အဲဒီအတွက် သွားအမြစ်တင်မကဘဲ မေးရိုးမှာပါ ပြည်တွေစားသွာတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကို အရိုးဆွေးတာ (Osteomyolytis) လို့ခေါ်ပါတယ်။ ဒါက အဖြစ်များဆုံးဖြစ်ပါတယ်။

နောက်တစ်ခုက သွားကနေပိုးစားပြီး အမြစ်ကိုရောက်လာတဲ့အခါ ပါးတွေရောင်လာမယ်၊ အရိုးတွေရောင်လာမယ်၊ အရိုးမှာပြည်တည်မယ် . . အဲဒါဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက သွားပိုးစားတာကို မကုဘဲထားရာကနေ ပိုးစားတဲ့သွားက သွေးကြောတွေ အကုန်လုံးပြတ်ပြီး၊ ပိတ်သွားပြီး သွားအသက်သေသွားပါတယ်။ သွားအသက်သေပြီး သွားအထဲမှာ ပုပ်တဲ့သဘောဖြစ်ကာ အမြစ်ထိပ်ကနေ ပြည်အိတ်လိုမျိုးဖြစ်လာပါတယ်။ တဖြည်းဖြည်းနဲ့ ပြည်အိတ်ကကြီးကြီးလာပြီး အရိုးတွေ ရောင်လာမယ်၊ ပါးတွေဖောင်းလာမယ် . . အဲဒီလိုမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကို ပြည်အိတ်တည်တဲ့ရောဂါလို့ ခေါ်ပါတယ်။

နောက်တစ်ခုကတော့ သွားဖုံးတွေမကောင်းလို့ဖြစ်တာပါ။ သွားဖုံးတွေ မကောင်းတော့ဘဲရေစီးကမ်းပြိုလိုဖြစ်ပြီး သွားဖုံးကနေ သွားမေးရိုးတွေပါ စားသွားရာက ဖြစ်တတ်ပါတယ်။ ပြင်းထန်ရင် နှုတ်ခမ်းသားတွေ၊ ပါးတွေအထိ စားသွားရာက ပါးတွေပေါက်တယ်၊ နှုတ်ခမ်းတွေပြတ်တယ် . . အဲဒီအထိ ဖြစ်တတ်ပါတယ်။

မွေးကတည်းကဖြစ်လာတဲ့ရောဂါတွေ (Congentinal Cause)ကြောင့် ဖြစ်လာတဲ့ မေးရိုးရောဂါတွေလည်း ရှိသေးတယ်။ ကွမ်းစားတယ်၊ ဆေးလိပ်သောက်တယ်ဆိုရင် သွားဖုံးနဲ့ မေးရိုးတွေမှာကင်ဆာဆိုပြီး ဖြစ်သွားတတ်ပါတယ်။

နောက်တစ်ခုက အံဆုံးထွက်လာတဲ့အခါ ကောင်းကောင်းမထွက်နိုင်ဘူး၊ နေရာမရှိဘူး၊ အနေအထားမမှန်ဘူး၊ ကန့်လန့်ကြီးတွေ ဖြစ်နေတယ်၊ စောင်းစောင်းကြီးတွေဖြစ်နေတယ် . . အဲဒီကနေ ပါးတွေရောင်လာတယ်၊ မေးရိုးမှာပြည်တည်တယ်၊ ဒါတွေက အများဆုံးဖြစ်နိုင်တဲ့ အခြေအနေတွေပါ။ ကျန်တဲ့ရောဂါတွေလည်း အများကြီး ရှိပါသေးတယ်။

သွားကြောင့် မဟုတ်ဘဲ အရိုးကြောင့်ဖြစ်တတ်တဲ့ မေးရိုးရောဂါတွေလည်းရှိပါတယ်။ အရိုးပွ/အရိုးပါးတာ၊ အရိုးပျော့တာ၊ အရိုးရောင်တာတွေကြောင့် ဖြစ်တာပါ။ အရိုးရောင်တာက တစ်ခါတလေ သွားနုတ်တာကြောင့် ဖြစ်တတ်ပါတယ်။ အရိုးတွေ ကြီးထွားတာက တစ်နေရာတည်း ကွက်ကြီးတာရှိသလို ကင်ဆာအထိ ဖြစ်တာမျိုးရှိပါတယ် . . .

မေး. သွားကြောင့် မဟုတ်ဘဲ အရိုးကြောင့်ဖြစ်တတ်တဲ့ မေးရိုးရောဂါတွေကို သိပါရစေဆရာ။

ဖြေ. သွားကြောင့်မဟုတ်ဘဲ အရိုးကြောင့်ဖြစ်တတ်တဲ့ မေးရိုးရောဂါတွေလည်းရှိပါတယ်။ အရိုးပွ/အရိုးပါးတာ၊ အရိုးပျော့တာ၊ အရိုးရောင်တာတွေကြောင့် ဖြစ်တာပါ။ အရိုးရောင်တာက တစ်ခါတလေ သွားနုတ်တာကြောင့် ဖြစ်တတ်ပါတယ်။ အရိုးတွေ ကြီးထွားတာက တစ်နေရာတည်း ကွက်ကြီးတာရှိသလို ကင်ဆာအထိ ဖြစ်တာမျိုးရှိပါတယ်။

အဲဒါကြောင့် တစ်ခုခု ပြောင်းလဲလာတယ်၊ ဥပမာ နဂိုထက်ပိုပြီး ပါးကဖောင်းလာတယ်၊ မျက်နှာကို မှန်ထဲမှာ ကြည့်လိုက်လို့ တစ်ဖက်နဲ့တစ်ဖက် မတူဘူးဆိုရင် ချက်ချင်းတတ်ကျွမ်းနားလည်တဲ့ သွားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အဲဒါလေးတွေကို ဂရုစိုက်ရပါမယ်။ ဘာမှမဖြစ်လောက်ဘူးဆိုပြီး မပေါ့ဆသင့်ပါဘူး။

ခံတွင်းဆိုတာသွားရယ်၊ သွားဖုံးရယ်၊ အရိုးရယ် . . စသဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် သွားက ဖြစ်မလား၊ သွားဖုံးက ဖြစ်မလား၊ အရိုးက ဖြစ်မလားဆိုတာ ရှာဖွေဖို့ လိုပါတယ်။

မေး. မေးရိုးမှာ သွား၊ သွားဖုံးနဲ့ အရိုးတွေက ကောင်းနေပါရက်နဲ့ တခြားအကြောင်းကြောင့်ကော ရောဂါဖြစ်နိုင်ပါသေးသလားဆရာ။

ဖြေ. မေးရိုးထဲမှာ သွားတွေ၊ သွားဖုံးတွေက အကုန်ကောင်းနေပြီး သွေးကြောတွေကနေ ဖြစ်တာလည်း ရှိပါသေးပါတယ်။ သွေးကြောတွေထုံးပြီးမေးရိုးထဲမှာ တဖြည်းဖြည်းကြီးထွားလာရာက မေးရိုးတွေ ပါးပါး လာပြီးတော့ သွားနုတ်တဲ့အခါ သွေးသိပ်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါမျိုးဆိုရင် ဓာတ်မှန်ရိုက်ကြည့်မှ သိနိုင်ပါတယ်။ မေးရိုးထဲမှာဖြစ်နိုင်တဲ့ ရောဂါတွေက အကုန်ရှိပါတယ်။ ခန္ဓာကိုယ်မှာ ဖြစ်နိုင်တဲ့ ရောဂါမှန်သမျှ ခံတွင်းထဲမှာလည်း ဖြစ်နိုင်ပါတယ်။

မေး. မေးရိုးရောဂါတစ်ခုဖြစ်လာရင် ဘာကြောင့်ဖြစ်တာလဲဆိုတာ ဘယ်လိုသိနိုင်မလဲဆရာ။

ဖြေ. တတ်ကျွမ်းနားလည်တဲ့ သွားဆရာဝန်နဲ့ပြရင်တော့ ဘယ်လိုအကြောင်းရင်းကြောင့် ဖြစ်တာလဲဆိုတာ သိနိုင်ပါတယ်။ သွား၊ သွားဖုံး၊ အရိုး စတာတွေကိုကြည့်မယ်၊ မဟုတ်ရင် လျှာ၊ ပါး၊ လျှာအောက်က ခံတွင်းကြမ်းပြင်၊ အာခေါင်စတာတွေကို ဆန်းစစ်မယ်။ ပါးမှာ ပါးအရေပြားအတွင်းပိုင်း၊ ပါးအသား (Muscle)၊ လျှာမှာ လျှာအသား (Muscle) စတာတွေကို ဆန်းစစ်ရမယ်၊ ပြီးတော့ ရေပြန်ကြော (Lymph Vessel) တွေကနေဖြစ်တာလား၊ သွေးကြောတွေကနေဖြစ်တာလား စတာတွေကို ဆန်းစစ်ရှာဖွေရပါမယ်။

ကိုယ့်ပါးစပ်ထဲမှာ တစ်ခုခုထူးခြားနေတယ်၊ မျက်နှာပုံပြောင်းလာတယ်။ ပါးတစ်ဖက်နဲ့တစ်ဖက် မညီတော့ဘူး၊ သိသိသာသာ ပြောင်းလဲနေပြီဆိုရင် အဲဒီလိုအခြေအနေမှာ သွားဆရာဝန်နဲ့ ပြသင့်ပါတယ် …

မေး. မေးရိုးမှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ ပတ်သက်ပြီး အများပြည်သူကို အထူးသတိပေးပြောကြားလိုတာရှိရင် ပြောပြပေးပါဦးဆရာ။

ဖြေ. ကိုယ့်ပါးစပ်ထဲမှာ တစ်ခုခုထူးခြားနေတယ်၊ မျက်နှာပုံပြောင်းလာတယ်၊ ပါးတစ်ဖက်နဲ့တစ်ဖက် မညီတော့ဘူး၊ သိသိသာသာ ပြောင်းလဲနေပြီဆိုရင် အဲဒီလိုအခြေအနေမှာ သွားဆရာဝန်နဲ့ပြသင့်ပါတယ်။ နှုတ်ခမ်းဆိုလည်း ဟိုဘက်ဒီဘက် မတူတော့ဘူး၊ အလုံးအဖုရှိနေရင်၊ ပါးစောင်ဆိုလည်းကြမ်းနေရင် သွားဆရာဝန်နဲ့ပြသင့်ပါတယ်။ ပါးစပ်ထဲမှာ သွားတိုက်ရင်း၊ လက်နဲ့စမ်းမိရင်းတွေ့ရင် ချက်ချင်းပြသင့်ပါတယ်။

ပါးစပ်ဆိုတာ ဖုံးထားတဲ့နေရာမရှိပါဘူး။ ပါးစပ်ကို တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထက် ကိုယ့်ဘာသာ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ လျှာကနေထိုးကြည့်ရင် ပုံမှန်မဟုတ်တာတွေကို သိနိုင်သလို လက်နဲ့ထိုးကြည့်ရင် လည်း သိနိုင်တယ်၊ မှန်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ မြင်သာတဲ့နေရာဖြစ်လို့ ချက်ချင်းသိရင် ချက်ချင်းဂရုစိုက်သင့်ပါတယ်။ လူအများက တစ်ခုခုဖြစ်လည်း အရေးမစိုက်ဘူး၊ အလိုလို ပျောက်သွားမှာပဲဆိုပြီး နေကြတယ်၊ ပါးစပ်ထဲမှာ အလုံး၊ အဖု၊ အနာဖြစ်ပြီး နှစ်ပတ်ထက်ကျော်လို့ မပျောက်ရင် သွားဆရာဝန်နဲ့ မဖြစ်မနေကို ပြရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top