Healthy Life Ad
Life Style

မြန်မာလူမျိုးအများစုကြားရှိသည့် အသည်းရောဂါဆိုင်ရာ အယူအဆမှားများ

ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

– အသည်းရောင်အသားဝါဘီပိုးကနေ စီပိုး ဖြစ်သွားတတ်တယ်
ဒါကလည်း လူအတော်များများကြားမှာ တွေ့နေရတဲ့ အယူအဆမှားပဲ ဖြစ်ပါတယ်။ ဘီပိုးကနေ စီပိုး မဖြစ်နိုင်ပါဘူး။

– ပန်းသီးစားရင် ဘီပိုးကူးတယ်
ဒါကလည်း ဘယ်ကနေ ဘယ်လိုလွှင့်လိုက်သလဲ မသိဘူး။ လွဲမှားနေတဲ့ အယူအဆပါ။

– ဘီပိုး၊ စီပိုးက အစားအသောက်ကကူးတယ်
ဒါကလည်း မဟုတ်ပါဘူး။ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးက ရေကနေမကူးပါဘူး၊ အစားအသောက်ကနေလည်း မကူးပါဘူး။ အသည်းရောင်အသားဝါ အေပိုးနဲ့ အီးပိုးက အစားအသောက်ကနေ ကူးတတ်ပါတယ်။

– ဘီပိုး၊ စီပိုးက မျိုးရိုးလိုက်တယ်လို့ထင်ကြတယ်
တကယ်တော့ မျိုးရိုးလိုက်တာ မဟုတ်ပါဘူး။ မိသားစုတစ်ခုမှာ အဖေအသည်းကင်ဆာဖြစ်လို့ စစ်လိုက်ရင် သားသမီးတချို့မှာ အသည်းကင်ဆာ ဖြစ်နေတာတွေ့ရတယ်၊ တကယ်တော့ နှစ်ပေါင်းအတော်ကြာကြာ အတူနေတဲ့အတွက် ကူးစက်သွားတာပါ။

– အများသုံးဘိုထိုင်အိမ်သာတွေတက်ရင် ဘီပိုး၊ စီပိုးကူးတယ်
ဒါကလည်း လွဲမှားနေပါတယ်။ လုံးဝ မကူးစက်နိုင်ပါဘူး။

– ကြမ်းပိုးကိုက်ရင် ဘီပိုး၊ စီပိုးကူးတယ်
ဒါကလည်း မကူးနိုင်ပါဘူး။ ကုသမှုအပိုင်းမှာလည်း အတော်များများလွဲနေတဲ့ အပိုင်းတွေရှိပါတယ်။ အဲဒါတွေက-

– အသည်းရောင်နေသူက ရေအများကြီးသောက်ရမယ်၊ ငါးပုလင်း- ခြောက်ပုလင်းသောက်ရမယ်
နဂိုကတည်းက အသည်းရောင်ပြီး အစားအသောက်ပျက်၊ ပျို့အန်ချင်နေတဲ့သူကို ရေခြောက်ပုလင်းလောက် သောက်ခိုင်းတော့ အန်ထွက်ပြီး ပိုဆိုးကုန်မှာပေါ့။

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး နှစ်ခုလုံးက အချဉ်နဲ့မတည့်ပါဘူး၊ သံပရာရည်နဲ့ မတည့်ပါဘူး။ အဲဒါသောက်လိုက်ရင် ပိုးက ပိုနာတာရှည်ဖြစ်ပြီး ပိုကြာတတ်ပါတယ်။

– အသည်းရောင် အသားဝါဘီပိုး၊ စီပိုးရှိရင် သံပရာရည်သောက်ရင်ကောင်းတယ်
မှားပါတယ်။ အသည်းရောင် အသားဝါဘီပိုး၊ စီပိုး နှစ်ခုလုံးက အချဉ်နဲ့မတည့်ပါဘူး၊ သံပရာရည်နဲ့ မတည့်ပါဘူး။ အဲဒါသောက်လိုက်ရင် ပိုးက ပိုနာတာရှည်ဖြစ်ပြီး ပိုကြာတတ်ပါတယ်။

– ကန်စွန်းပြုတ်ရည်လို ဆေးမြီးတိုတွေစားရင် ဘီပိုး၊ စီပိုးပျောက်တယ်
ဒါတွေကလည်း အလွဲအမှားတွေဖြစ်ပါတယ်။

– သွေးအန်ရင် အသည်းနဲ့မဆိုင်ဘူး၊ အစာအိမ်ဖြစ်တာဆိုပြီး ကုတယ်
သွေးအန်တဲ့ သူတွေရဲ့ ၉၀ ရာခိုင်နှုန်းက အသည်းခြောက်လို့ဖြစ်တာပါ။ အဲဒါကိုမသိဘဲ အစာအိမ်ရောဂါဆိုပြီး ကုနေတော့ ကြာလာတဲ့အခါ အသည်းက ပိုပိုဆိုးလာပါတယ်။

– ဆေးမြီးတိုနဲ့ကုရင် ပျောက်တယ်
ဘီပိုး၊ စီပိုးကို ဆေးမြီးတိုတွေနဲ့ကုတာ .. တချို့ဆို အကြာကြီး နှစ်နဲ့ချီပြီးကုကြတယ်၊ ပျောက်မယ်ထင်ကြ တယ်၊ တကယ်က မပျောက်ပါဘူး။ ခေတ်မီဆေးဝါးနဲ့ကုသလို့ ရနေပါပြီ။

– ရေဖျဉ်းဆိုရင် ဘယ်တော့မှ မဖောက်လိုက်နဲ့၊ ဖောက်လိုက်ရင် မရပ်တော့ဘူး
အဲဒါလည်း လွဲမှားပါတယ်။ လွဲမှားတယ်ဆိုပေမယ့် တစ်ပိုင်းတစ်စတော့ မှန်ပါတယ်။ ရေဖျဉ်းကို ဖောက်လိုက်ရင် ဒီအတိုင်း ဖောက်လိုက်ရင်တော့ပြန်ပြီး ဖြစ်မှာပေါ့၊ ပရိုတင်းတွေ ပါသွားတာကိုး။ ဗိုက်ကို ရေဖျဉ်းဖောက်ရင် ပရိုတင်း သွင်းပေးရပါမယ်။

အစာစားပြီးရေချိုးရင် ရေဖျဉ်းစွဲတယ်လို့ အညာဒေသက လူတွေကထင်ကြတယ်။ ဒါကလည်း မဟုတ်ပါဘူး။ ဘာမှမဆိုင်ပါဘူး။ နောက်တစ်ခါ ရေဖျဉ်းကြောင့် ဗိုက်တင်းပြီး အစာမကြေလို့ လျက်ဆားရက်တယ်။ အဲဒီလိုလုပ်ရင် ပိုဆိုးတာပေါ့။ လျက်ဆားမှာပါတဲ့ နွယ်ချိုက ရေဖျဉ်းအတွက် အဆိုးဆုံးပါပဲ။

Most Popular

Healthy Life Ad
To Top