Healthy Life Ad
Q & A

သွားနုတ်၊ အကြောထုတ်၊ ကျောက်ခြစ်ခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာမဖြစ်အောင် . .

မေး. သွားနုတ်တာ၊ အကြောထုတ်တာ၊ ကျောက်ခြစ်တာတွေကို ပြီးစီးအောင်မလုပ်ခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တတ်တယ်ဆိုတာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကုသမှုတစ်ခုဆိုတာ ပြီးဆုံးအောင်လုပ်မှ အကျိုးရှိပါတယ်၊ ကုသမှုမပြီးဆုံးဘူးဆိုရင် ဘယ်လိုမှအကျိုးမရှိတဲ့အပြင် အကျိုးထိခိုက်ဖို့ပဲများပါတယ်။ ဥပမာ သွေးတိုးဆိုရင် သွေးတိုးကို ထိန်းနိုင်အောင် ကုရပါမယ်၊ ဆီးချိုဆိုရင်လည်း ဆီးချိုကိုကောင်းကောင်းထိန်းနိုင်အောင်ကုရပါမယ်။ တစ်ခါတည်းနဲ့ကုပြီး ပြီးသွားပြီဆိုတာမျိုးမရပါဘူး။ ဒီလိုပါပဲ . . သွားဆိုတာကလည်း ကုသမှုခံယူမယ်ဆိုရင် ပြီးပြတ်တဲ့အထိ လုပ်ရပါမယ်။

သွားအကြောထုတ်တယ်ဆိုရင်လည်း အကြောထုတ်တာကို ပြီးပြတ်အောင်အထိ ကုသရပါတယ်။ အကြောထုတ်လိုက်တဲ့အတွက် သွားက သဘာဝသွားနဲ့ မတူတော့ဘဲ သေသွားတဲ့သဘောရှိပါတယ်၊ သွေးသွား/သွေးလာမရှိတော့ဘူး၊ သွားဖုံးတွေရှိနေတယ်၊ သွားကရှိနေတယ် . .၊ ဒါပေမဲ့ သွားကအသက်မရှိတော့ပါဘူး၊ အဲဒီသွားက အကြောထုတ်ထားလို့ဆတ်နေတယ်၊ အဲဒီတော့ ကွဲလွယ်တယ်။

အကြောပဲ ထုတ်ထား တယ်ဆိုရင် တစ်ခုခု ဝါးလိုက်တဲ့အခါ အခန့်မသင့်ရင် ကွဲသွားတာ၊ ပဲ့သွားတာ ဖြစ်တတ်တယ်။ ဒီလို မဖြစ် အောင် အကြောထုတ်ပြီးရင် သွားတွေကို ပြန်ပြီးစွပ်ပေးထားရတယ်။ မထိမိ၊ မခိုက်မိအောင် စွပ်ပေးထားရင် မနုတ်ဘဲ ကြာကြာထားလို့ရပါတယ်။ အကြောပဲ ထုတ်ထားပြီး ပြီးဆုံးအောင် ကုသမှုမလုပ်ရင် အခန့်မသင့်တဲ့ အခါ သွားကွဲသွားပြီး နောက်ဆုံးမှာ နုတ်လိုက်ရတဲ့ အဆင့်အထိရောက်တတ်ပါတယ်။ အကြောထုတ်တာ ပြီးပြတ်အောင်မလုပ်ရင် ပိုးဝင်တာ၊ ပြည်တည်တာ၊ ရောင်တာ၊ နာတာတွေဖြစ်တတ်ပါတယ်။ အဲဒီအခါ နုတ် ရတဲ့အထိ ဖြစ်တတ်ပါတယ်။

သွားဂျိုးတွေ၊ ကျောက်တွေခြစ်တယ်ဆိုရင်လည်း သန့်ရှင်းရေးကို အစအဆုံးကုန်စင်အောင် လုပ်ရပါမယ်။ အပေါ်ယံလေးပဲလုပ်သွားလို့ မဖြစ်ပါဘူး၊ သွားဖုံးရဲ့အောက်တွေမှာရှိတဲ့ဂျိုးတွေ၊ ကျောက်တွေ စင်အောင်ကုသ ရပါမယ်။ တစ်ခါလုပ်ပြီးရင် တစ်သက်လုံးပြီးသွားတာမျိုး မဟုတ်တဲ့အတွက် ခြောက်လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြပြီး သန့်ရှင်းရေးတွေလုပ်သွားရပါမယ်။

သွားနုတ်တယ်ဆိုရင်တော့ သွားကို ကုန်စင်အောင်ထုတ်နိုင်ဖို့ အရေးကြီးတယ်၊ သွားကျန်နေရင် ရောဂါကျန်နေ တာမျိုး ဖြစ်နေတတ်ပါတယ်။ အမြစ်ပိုင်း သေးသေးလေးကျန်နေတာက ကိစ္စမရှိပေမယ့် အမြစ်ကြီး တစ်ချောင်း လုံး ကျန်နေတယ်ဆိုရင် အဆင်မပြေပါဘူး။ တတ်ကျွမ်းနားလည်တဲ့ သွားဆရာဝန်နဲ့ ကုသမှု လုပ်မယ်ဆိုရင် တော့ ဒီလိုမျိုးဖြစ်စရာအကြောင်း မရှိပါဘူး။

Most Popular

Healthy Life Ad
To Top