Healthy Life Ad
Health Tips

ကင်ဆာဆေးသွင်းကုထုံးခံယူချိန် စားသင့်သည့်အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကင်ဆာလူနာတွေမှာ အာဟာရချို့တဲ့မှုက အဖြစ်များပါတယ်။ အထူးသဖြင့် ကင်ဆာဆေးသွင်းကုသမှု ခံယူနေစဉ်မှာ အာဟာရချို့တဲ့မှု အဖြစ်များတတ်ပါတယ်။ ကင်ဆာလူနာတွေမှာ ကိုယ်အလေးချိန်လျော့ကျတာ၊ သွေးအားနည်းတာနဲ့ စွမ်းအင်လျော့ကျတာတွေ ဖြစ်တတ်သလို ကင်ဆာဆေးသွင်းကုသမှုပေးစဉ်မှာ ဆဲလ်နဲ့ တစ်သျှူးတွေ ထိခိုက်တတ်ပါတယ်။ အဲဒါတွေကို ပြန်လည်ပြုပြင်နိုင်ဖို့နဲ့ အမြန်ဆုံးအားရှိစေဖို့ အာဟာရဓာတ်က အရေးကြီးပါတယ်။

– ပရိုတင်းပါဝင်မှု မြင့်မားသည့်အစာများ
ကင်ဆာဆေးသွင်းကုသမှု ခံယူနေစဉ်ပရိုတင်းပါဝင်မှု မြင့်မားတဲ့အစာတွေကို များများစားဖို့ အလွန်အရေးကြီးပါတယ်။ အနီရောင်အသားနဲ့ပြုပြင်ထားတဲ့ အသားတွေစားတာကြောင့် ကင်ဆာအန္တရာယ် မြင့်တက်စေလို့ ရှောင်သင့်ပါတယ်။ ပရိုတင်းဓာတ်ရရှိအောင် အဓိကစားသင့်တဲ့ အစာတွေက ဥအမျိုးမျိုး၊ ကြက်သား၊ ငါး၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ပဲပုပ်စေ့စတာတွေ ဖြစ်ကြပါတယ်။

– ကောက်နှံတစ်ခုလုံးအစာ
ကင်ဆာဆေးသွင်းကုသမှုခံယူနေသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ ကောက်နှံတစ်ခုလုံးအစာက အခွံချွတ်ထားတဲ့ ကောက်နှံစာထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ဆန်လုံးညို၊ ခေါက်ဆွဲညို၊ ပေါင်မုန့်ညို စတာတွေကို စားတာကြောင့် ခန္ဓာကိုယ်ပြန်လည် ပြုပြင်ဖို့လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေပါတယ်။

ဒါ့အပြင် ကင်ဆာဆေးသွင်းကုသမှု ခံယူစဉ်ဖြစ်တတ်တဲ့ ဝမ်းချုပ်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတို့လို အစာခြေလမ်းကြောင်းစနစ် ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့လုပ်ထားတဲ့ ခရက်ကာမုန့်တွေကို စားပေးတာကြောင့် လူတွေကိုစွမ်းအင်ရရှိစေပြီး အားနည်းတာနဲ့ ကိုယ်အလေးချိန်လျော့ကျတာတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ကောင်းသော အဆီပါသည့်အစာများ
ကင်ဆာလူနာတွေမှာ ကင်ဆာဆေးသွင်းကုသမှုခံယူနေစဉ် ကိုယ်အလေးချိန်မကျအောင်တတ်နိုင်သမျှ စောင့်ရှောက်သင့်ပါတယ်။ ဒါပေမဲ့ အဝလွန်လာတာမျိုးလည်း မဖြစ်စေသင့်ပါ။ ဒါကြောင့် ကိုယ်အလေးချိန်မကျစေဖို့ အခွံမာသီး၊ ထောပတ်သီး၊ သံလွင်ဆီနဲ့ အဆီများတဲ့ ငါး (တူနာ၊ ဆာဒင်း၊မက်က ရယ်ငါး) စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေကို များများစားပေးသင့်ပါတယ်။ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကယ်လိုရီ၊ ပရိုတင်းဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တို့ ရရှိစေပါတယ်။

– အရည်များစွာ
ကင်ဆာဆေးသွင်းကုထုံး ခံယူနေစဉ်မှာ ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့်အရည်များများ ပြန်သောက်ပေးဖို့ အရေးကြီးပါတယ်။ တစ်နေ့မှာ ရေ ၈-၁၂ ဖန်ခွက် သောက်သင့်ပါတယ်။ ကင်ဆာဆေးသွင်းစဉ် ခံတွင်းနာနေရင် ရေခဲတုံးငုံပေးတာက အလွန်သင့်တော်ပါတယ်။ ကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာနဲ့ သစ်သီးဖျော်ရည်စစ်စစ် သောက်တာတွေကလည်း လူနာလိုအပ်တဲ့ အရည်ဓာတ်ကို ရရှိစေတဲ့နည်းပဲဖြစ်ပါတယ်။

– သွေးဥမွှားအားကောင်းစေသည့် အစာများ
ကင်ဆာဆေးသွင်းကုထုံး ခံယူနေစဉ် သွေးဥမွှား (Platelets) အရေအတွက် သိသိသာသာ လျော့ကျနိုင်ပါတယ်။ သွေးဥမွှားအရေအတွက် ပုံမှန်ပြန်ဖြစ်ဖို့ဆိုရင် သွေးဥမွှားအရေအတွက် အားကောင်းစေမယ့်အစာတွေကို များများစားပေးပါ။ သစ်သီးဆိုရင် ဗီတာမင်စီပါဝင်တဲ့ လိမ္မော်သီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ကီဝီသီးနဲ့ မာလကာသီးတွေကို စားသင့်ပါတယ်။ ဟင်းနုနယ်ရွက်၊ ကိုက်လန်လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ရွှေဖရုံသီးနဲ့ ဥနီ (Beetroot) တွေကလည်း သွေးဥမွှားအရေအတွက် အားကောင်းစေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top