Healthy Life Ad
Child

ကိုယ်ဝန်ဆောင်ချိန် သွားနုတ်တာ၊ သွားခွဲစိတ်တာ လုပ်သင့်သလား . . .

မေး. ကိုယ်ဝန်ဆောင်ချိန်မှာ သွားနုတ်လို့ရပါသလား။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ပတ်သက်ပြီး သတိထားသင့်တဲ့အချက်တွေကို သိချင်ပါတယ်ရှင့်။
ခင်ခင်ဆွေ၊ ပြည်။

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. ကိုယ်ဝန်ဆောင်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ မျိုးဆက်ပွားဖို့ဖြစ်နေတဲ့သဘောပါ။ ကိုယ်ဝန်ဆောင်ပြီဆိုရင် အရေးကြီးတာက ကိုယ်ဝန်စရှိပြီဆိုတာနဲ့ သွားဆရာဝန်တွေနဲ့ပြဖို့လိုပါတယ်။ အဲဒီလိုပြသပြီး လိုအပ်တဲ့ သွားနဲ့ခံတွင်း ကုသမှုတွေကို အကုန်လုံးခံယူသင့်ပါတယ်။ သွားနုတ်တာ၊ သွားနဲ့ပတ်သက်ပြီး ခွဲစိတ်တာတွေလုပ်ဖို့လိုရင် ကိုယ်ဝန် သုံးလကျော်-လေးလနဲ့ ခုနစ်လကြားမှာ လုပ်သင့်ပါတယ်။ ကိုယ်ဝန်ရင့်သွားရင် သွားနုတ်တာနဲ့ သွားနဲ့ပတ်သက်ပြီး ခွဲစိတ်တာတို့ကို မလုပ်ရတော့ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ သွားကိုက်တယ်ဆိုရင်တော့ သက်သာအောင်ကုသလို့ရတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရင့်ချိန်မှာ သွားနုတ်မယ်ဆိုရင်တော့ မကောင်းပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ပတ်သက်တဲ့ကုသမှုက သန္ဓေသားကို အန္တရာယ်သိပ်မပေးပါဘူး။ ဒါပေမဲ့ သွားရောဂါလာကုတဲ့အခါ စိတ်လှုပ်ရှားမှုကရှိတယ်၊ အဲဒီတော့ နှလုံးခုန်မြန်တယ်၊ ကိုယ်ဝန်ရှိနေချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက တခြားသာမန်အမျိုးသမီးထက် ပိုများနေတယ်၊ အဲဒီတော့ စိတ်လှုပ်ရှားလိုက်ရင် နှလုံးခုန်ပိုမြန်မယ်၊ သွေးပိုတိုးလာမယ်၊ ကိုယ်ဝန်ဆိပ်ဖြစ်ရင် သွေးတိုးမယ်၊ ဒါကြောင့် ဂရုစိုက်သင့်တာဖြစ်ပါတယ်။ ကိုယ်ဝန်ရှိပြီး တခြားရောဂါတွေ (ဥပမာ နှလုံးရောဂါ၊ အဆုတ်မကောင်းတာ) ရှိနေရင် ပိုဂရုစိုက်ဖို့လိုပါတယ်။

ကိုယ်ဝန်စရှိပြီဆိုတာနဲ့ သွားကျန်းမာအောင် သွားဆရာဝန်နဲ့ ပြသထားသင့်ပါတယ်။ သွားနဲ့ပတ်သက်ပြီး ရိုးရိုးကုသမှုတွေ ခံယူလို့ရပေမယ့် ခွဲစိတ်တာနဲ့ သွားနုတ်တာတွေတော့ မလုပ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးနဲ့ ပတ်သက်လာရင် သားဖွားမီးယပ်အထူးကု ဆရာဝန်တွေညွှန်ကြားတဲ့ဆေးကိုပဲ သောက်သင့်ပါတယ်။ ကိုယ်ဝန်ရှိနေချိန်မှာ သန္ဓေသားဆီရောက်နိုင်တဲ့ ဆေးဝါးတွေရှိတယ်၊ အဲဒီလိုကလေးကို ထိခိုက်နိုင်တဲ့ဆေးတွေကိုရှောင်ရမယ်၊ ဥပမာ တက်ထရာဆိုက်ကလင်းဆေး သောက်လိုက်ရင် မွေးလာတဲ့ကလေးတွေရဲ့ သွားတွေက ဝါထိန်ပြီး ပျော့နေတတ်ပါတယ်။ တက်ထရာဆိုက်ကလင်းလိုပဲ ကိုယ်ဝန်ရှိနေတုန်းမှာ မသောက်ရမယ့် ဆေးတွေရှိတဲ့အတွက် ဆေးကုသမှု မခံယူခင်ကတည်းက ကိုယ့်မှာကိုယ်ဝန်ရှိနေကြောင်း ဆရာဝန်ကိုပြောပြရပါမယ်၊ ကိုယ့်သဘောနဲ့ ကိုယ်လည်း ဆေးတွေကို မသောက်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top