Healthy Life Ad
Life Style

သွားဝါနေသလား

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး. မြန်မာလူမျိုးတွေရဲ့ ပင်ကိုသွားအရောင်က ဘယ်လိုအရောင်မျိုးရှိတတ်ပါသလဲဆရာ။

ဖြေ. သွားဆိုတာဖြူဖွေးနေရမယ်ဆိုပြီး လူတိုင်းကခံယူထားကြပါတယ်။ ကပ္ပလီတွေ၊ အိန္ဒိယလူမျိုးတွေကျတော့ သူတို့အသားအရေက နက်မှောင်နေတယ်၊ အဲဒီတော့ သူတို့သွားတွေက သိပ်ဖြူတယ်၊ သူတို့အသား အရေနဲ့ဆိုတော့ သူတို့ရယ်လိုက်ရင် သွားတွေက ပိုပြီးဖြူဖွေးနေတာမျိုးတွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အသားလတ်တဲ့ ဆရာတို့မြန်မာလူမျိုးတွေကျတော့ သဘာဝတရားအရ သွားကဖြူဖွေးနေတာမျိုး မဖြစ်ပါဘူး။

သွားက နည်းနည်းလေး အဝါရောင်သမ်းနေတတ်ပါတယ်။ အဲဒီတော့ ကပ္ပလီလူမျိုးတွေရဲ့သွားလို ဖြူချင်လို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သဘာဝကိုက မပေးထားပါဘူး။ ကပ္ပလီလူမျိုးတွေမှာ သွားတွေဖြူနေတယ်ဆိုတာကလည်း သဘာဝအရ ကြွေသွားလွှာတွေ ပိုပြီးဖြစ်ထွန်းတဲ့အတွက် ကြွေသွားလွှာများတာကြောင့်ဖြူတာပါ။ ဆရာတို့လူမျိုးတွေကျတော့ ကြွေသွားလွှာဖြစ်ထွန်းပေမယ့် တခြားလူမျိုးတွေလောက် ကြွေသွားလွှာမထူဘူး။ ပြီးတော့ ဝါကြင့်ကြင့်ရှိတဲ့ ဆင်စွယ်နှစ် အလွှာကလည်း ကြွေသွားလွှာအောက်မှာရှိပြီး ပိုဖြစ်ထွန်းတယ်၊ ဒါကြောင့် သွားကနည်းနည်းလေး ဝါကြန့်ကြန့်ဖြစ်နေတယ် . . သဘာဝကိုက ပေးထားတာပါ။

မေး. ပင်ကိုသွားအရောင်က ဘယ်လိုအခြေအနေမှာ ပိုပြီးဝါတတ်ပါသလဲဆရာ။

ဖြေ. သွားမှာ အညစ်အကြေးတွေစွန်းမယ်၊ အရောင်ပါတဲ့ အစားအသောက်တွေ စားသောက်မယ်၊ ဥပမာ ကွမ်းယာ၊ ကော်ဖီ၊ ရေနွေးကြမ်း စတာတွေ စားသောက်လိုက်ရင် သွားကညစ်သွားတာပါပဲ . . အဲဒီလို သွားက ညစ်သွားတဲ့အခါ ပင်ကိုသွားအရောင်နဲ့ မတူတော့ပါဘူး။ အဲဒီအခါမှာ သွားကိုစနစ်တကျတိုက်ပေးလိုက်ရင် ပင်ကိုသွားအရောင်ကို ပြန်ရနိုင်ပါတယ်။

သွားကို ဖြူချင်ဇောနဲ့ မီးသွေး၊ ပြာစတာတွေနဲ့ တိုက်မယ်ဆိုရင် သွားမျက်နှာပြင်ပေါ်က ကြွေသွားလွှာတွေက ပါးသွားပါတယ်။ နဂိုကတည်းက ကြွေသွားလွှာက ပါးတဲ့အတွက် ပိုပါးလာလေလေ၊ အောက်မှာရှိတဲ့ ဆင်စွယ်နှစ်လွှာက ပိုပေါ်လာလေလေဖြစ်သွားပါတယ်။ အဲဒီအခါ သွားကပိုဝါသလို ဖြစ်လာပါတယ် . . .

သွားကို ဖြူချင်ဇောနဲ့ မီးသွေး၊ ပြာ စတာတွေနဲ့ တိုက်မယ်ဆိုရင် သွားမျက်နှာပြင်ပေါ်က ကြွေသွားလွှာတွေက ပါးသွားပါတယ်။ နဂိုကတည်းက ကြွေသွားလွှာကပါးတဲ့အတွက် ပိုပါးလာလေလေ၊ အောက်မှာရှိတဲ့ ဆင်စွယ်နှစ်လွှာက ပိုပေါ်လာလေလေဖြစ်သွားပါတယ်။ အဲဒီအခါ သွားကပိုဝါသလိုဖြစ်လာပါတယ်။ ကိုယ့်သွားက ကပ္ပလီသွားလို ဖြူဖွေးနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ကိုယ့်သွားမှာ အညစ်အကြေးမရှိဘဲနဲ့ သွားအရောင်က နဂိုမူလအရောင်ဖြစ်အောင် ထိန်းသိမ်းဖို့လိုပါတယ်။ တခြားလူမျိုးတွေ ဖြူချင်သလို ကိုယ်ဖြူချင်လို့တော့ မဖြစ်ပါဘူး။ အဲဒီလို ဖြူချင်ဇောနဲ့ လွဲမှားပြီးလုပ်လေလေ၊ သွားက ပိုဝါလာလေလေ ဖြစ်လာတတ်ပါတယ်။

မေး. မွေးရာပါ သွားဝါတဲ့အကြောင်းကိုလည်း သိပါရစေဆရာ။

ဖြေ. သွားဖြစ်ထွန်းတဲ့အခါမှာ ကယ်လ်ဆီယမ်ဓာတ်နည်းရင် ကြွေသွားလွှာက နည်းသွားပါတယ်။ ကြွေသွားလွှာ နည်းရုံတင်မက အချိုင့်အချိုင့်တွေဖြစ်ပြီး သွားကပြောင်ပြောင်ရောင်ရောင်၊ ချောချောမွေ့မွေ့ မဖြစ်တော့ပါဘူး။ ဒါက Enemal Hypoplasia ဆိုပြီး ဖြစ်တာမျိုးပါ။ ဒါက အလိုလိုနေရင်းသွားက ပျော့ပြီး ဝါကြန့်ကြန့်ဖြစ်တာပါ။ ဒီလိုအခြေအနေဖြစ်ရင် သွားဆရာဝန်တွေဆီမှာပြသပြီး ကုသမှုခံယူလိုက်တဲ့အခါ သွားဆရာဝန်က ပြန်ပြီး သွားအထပ်လွှာတင်ပေးလို့ ရတာမျိုးရှိတယ်။ မဟုတ်ရင် အပေါ်ကနေ Capလေးတွေ စွပ်ပေးလို့ရပါတယ်။ ဒါက သိပ်အရုပ်ဆိုးတဲ့အခါ သွားအလှပြုပြင်ပေးတာမျိုးဖြစ်ပါတယ်။

မေး. သွားတွေက ဘယ်လိုအခြေအနေမျိုးမှာ ပင်ကိုအရောင်ကနေ ပြောင်းလဲသွားတတ်ပါသလဲဆရာ။

ဖြေ. နဂိုသွားအရောင်က ပုံမှန်ဖြူတယ်၊ နောက်ပိုင်းကျမှ သွားကညစ်ထေးသွားတယ်ဆိုတာက ဆေးလိပ်သောက်တယ်၊ ကွမ်းစားတယ်၊ ကော်ဖီတွေ အလွန်အမင်းသောက်တယ်၊ အရောင်ပါတဲ့ အချိုရည်တွေသောက်တယ်၊ အရောင်ပါတဲ့ အသီးတွေစားတယ် . . ဒီလိုအကျင့်တွေကို တရားလွန်လုပ်ရင် သွားတွေက ညစ်ထေးသွားတတ်ပါတယ်။

မေး. သွားတွေ ညစ်ထေးမှုမရှိအောင် ဘယ်လိုနည်းနဲ့ သွားတိုက်ပေးသင့်ပါသလဲဆရာ။

ဖြေ. သွားတွေ ညစ်ထေးမှုမရှိစေဖို့ နည်းမှန်လမ်းမှန်နဲ့ သွားတိုက်ပေးဖို့လိုပါတယ်။ ဒါဆိုရင် အရောင်စွန်းတာ သက်သာသွားပါလိမ့်မယ်။ တကယ်လို့ ကိုယ့်ဘာသာ သွားအရောင်ပုံမှန်ပြန်ဖြစ်အောင် လုပ်လို့မရဘူးဆိုရင် သွားဆရာဝန်ဆီ သွားပြလိုက်တဲ့အခါ ဆရာဝန်က မူလအရောင်ရအောင် လုပ်ပေးမှာဖြစ်ပါတယ်။

သွားတိုက်တဲ့နေရာမှာ တချို့ကသွားတိုက်ပေမယ့် အစာညပ်နေတာတွေမကုန်ဘူး၊ အဲဒါကန့်လန့်ဖြတ် တိုက်တဲ့သူတွေကပိုဆိုးပါတယ်။ ကန့်လန့်ဖြတ်သွားတိုက်တဲ့အခါ အားပါပြီး အရမ်းကာရောတိုက်တဲ့အတွက် သွားတွေကို လွှနဲ့တိုက်သလို ဖြစ်သွားပါတယ်။ အဲဒီတော့ သွားဖုံးနဲ့ကပ်နေတဲ့ နေရာတွေမှာ သွားကပါးပြီး ချိုင့်သွားတတ်ပါတယ်။

နည်းမှန်လမ်းမှန် သွားတိုက်တယ်ဆိုတာ သွားကြားထဲမှာညပ်နေတဲ့ အစာတွေ ထွက်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပေါ်သွားကိုတိုက်ရင် အောက်ကိုဆွဲချရမယ်၊ သွားဖုံးပေါ်မှာ သွားပွတ်တံကို ၄၅ ဒီဂရီ စောင်းစောင်းတင်ပြီး အောက်ကိုလှည့်ကာ ဆွဲချရပါမယ်။ ဒါမှသာ သွားကြားထဲက အစာတွေက ပါလာမှာဖြစ်ပါတယ်။ သွားမျက်နှာပြင်က ရှေ့သွားဆိုရင် နှုတ်ခမ်းဘက်ကမြင်ရတဲ့ ရှေ့မျက်နှာ ပြင်တစ်ခု၊ လျှာဘက်ကမြင်နေရတဲ့ မျက်နှာပြင်တစ်ခု၊ အာခေါင်ဘက်မှာမြင်နေရတဲ့ မျက်နှာပြင်တစ်ခု၊ ဝါးတဲ့ မျက်နှာပြင်တစ်ခု၊ သွားနှစ်ခုကြား မျက်နှာပြင်နှစ်ခုဆိုပြီး ရှိပါတယ်။

အဲဒီမျက်နှာပြင်တွေမှာ အစာတွေကပ်မနေဖို့နဲ့ ညပ်မနေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တိုက်တာဖြစ်ပါတယ်။ တစ်နေရာမှာ အနည်းဆုံး ခြောက်ကြိမ်- ရှစ်ကြိမ်တိုက်ရပါမယ်။ မျက်နှာပြင်တိုင်းကို တိုက်ရပါမယ်။ ကြားထဲကျတော့ အကုန်စင်အောင်တိုက်လို့ မရတဲ့အတွက် သွားပွတ်တံပျော့ပျော့ လေးနဲ့ကြားထဲကို စိတ်ရှည်လက်ရှည်ဆွဲတိုက်ပေးရပါမယ်။ နောက်တစ်ခုက သွားပွတ်တဲ့ကြိုးနဲ့ သွားကြားထဲမှာထည့်ပြီး ဆွဲပေးရပါမယ်။ ဒါဆိုရင် သွားကြားထဲကအစာတွေ ထွက်သွားပါလိမ့်မယ်။ သွားတွေထပ်နေရင် ကြားထဲကသွားတွေကုန်အောင် တိုက်ရပါမယ်။ အောက်သွားကိုတိုက်ရင် အပေါ်ကို ဆွဲတင်ပြီးတိုက်ပေးရပါမယ်။ အပေါ်သွားဆိုရင် အောက်ကိုဆွဲချပြီး တိုက်ပေးရပါမယ်။ သွားတိုက်ရင် လက်ကောက်ဝတ်အားနဲ့ပဲတိုက်ရမှာ ဖြစ်ပါတယ်။

မေး. သွားဝါတဲ့သူတွေကို အကြံပြုလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. သွားဝါတဲ့အကြောင်းက မွေးရာပါဖြစ်ရင်လည်း သွားဆရာဝန်ဆီပြပါ၊ ပြင်လို့ရတာတွေ ပြင်ပေးပါလိမ့်မယ်။ ပင်ကိုသွားအရောင်မဟုတ်ဘဲ ညစ်ထေးပြီးလာတယ်ဆိုရင်လည်း သွားဆရာဝန်ဆီမှာ သန့်ရှင်းရေးတွေလုပ်ဆောင်ပြီး သွားဖြူအောင် လုပ်ပေးလို့ရပါတယ်။ အိမ်မှာ ကိုယ်ဆက်လုပ်ရမယ့် အပိုင်းတွေကို သွားဆရာဝန်တွေ ညွှန်ကြားလာရင်လည်း ဆက်လုပ်ပေးဖို့လိုပါတယ်။ ဒါဆိုရင် နဂိုအရောင် ပြန်ရလာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top