Healthy Life Ad
Life Style

သွားကြိတ်ခြင်း

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ သွားကြိတ်ရတဲ့ အကြောင်းတွေကို သိပါရစေ ဆရာ။
ဖြေ ။ သွားကြိတ်ရတဲ့ တိကျတဲ့ အကြောင်းရင်းရယ်လို့တော့ ပြောလို့မရပါဘူး။ တစ်ခါတုန်းကတော့ ဗိုက်ထဲမှာ သန်ကောင်တွေရှိရင် သွားကြိတ်တတ်တယ် ဆိုတဲ့ အယူအဆ ရှိခဲ့ပါတယ်။ အဲဒီအတွက် သွား ကြိတ်တဲ့သူတွေကို သန်ချတာတွေ လုပ်ပေးတတ်ပါတယ်။
သွားကြိတ်တယ်ဆိုတဲ့ နေရာမှာ သွားရဲ့ မျက်နှာပြင်က တစ်ခုခု နည်းနည်းလေး မြင့်နေတာဖြစ်ဖြစ်၊ အံဝင်ခွင်ကျ မဖြစ်ဘဲ နည်းနည်းလေး ချော်နေတာမျိုးရှိရင်ပဲဖြစ်ဖြစ် အလိုလိုနေရင်း သွားကြိတ်တာ ဖြစ်တတ်ပါတယ်။
နောက်တစ်ချက်က ကိုယ့်မှာ စိတ်ဖိစီးမှုတွေ များတယ်၊ အိပ်တဲ့အခါ စိတ်ဖိစီးမှုတွေခံရပြီး အိပ်စက်တယ်ဆိုရင် အံကြိတ်တာတွေ ဖြစ်တတ်ပါတယ်။

မေး ။ ကလေးတွေ သွားကြိတ်တာကကော ဘာကြောင့် ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ ကလေးတွေသွားကြိတ်ရင် သန်ကောင်တွေရှိတဲ့အခါ ဖြစ်တတ်တယ်၊ အဲဒါကြောင့် ကလေးတွေကို သန်ချဆေးတိုက်ရပါတယ်။ နောက်တစ်ခုကကလေး အရွယ်မှာ သွားပိုးစားတဲ့အခါ သွားမျက်နှာပြင် မညီ တဲ့အတွက် မညီတာကို သတိထားမိပြီး မသိစိတ်က သွားကြိတ်တတ်ပါတယ်။ သွားမျက်နှာပြင်မှာ မြင့်နေတာ၊ နိမ့်နေတာ. . အကြောင်းတစ်ခုခုရှိနေရင် အလိုလိုနေရင်း သွားကြိတ်တဲ့အကျင့်က ပါသွားတတ်ပါတယ်။

မေး ။ သွားကြိတ်ရင် ဘာလုပ်သင့်ပါသလဲ ဆရာ။
ဖြေ ။ သွားကြိတ်တဲ့အခါ ကြိတ်တဲ့သူကတော့ မသိပါဘူး။ အိမ်သူအိမ်သားတွေက ညတိုငး်ကျရင် သွား ကြိတ်တယ်ဆိုပြီး ပြောတဲ့အခါကျမှ သိကြတယ်။ အဲဒီလိုဖြစ်တဲ့အခါ သွားဆရာဝန်တွေနဲ့ ပြဖို့လိုတယ်။ သွားဆရာဝန်တွေက သွားမျက်နှာပြင်ကို ကြည့်ပြီး သွားဖာထားတာတွေ ရှိနေတယ်၊ သွားမြင့်နေတာ တွေရှိနေတယ်ဆိုရင် အဲဒါတွေကို ညှိပေးပါလိမ့်မယ်။ သွားတွေကို ကုသဖို့ လိုတယ်ဆိုရင် လိုအပ်သလို ကုသပေးပါလိမ့်မယ်။ အဲဒီလို လုပ်ပေးရင် တော်ရုံတန်ရုံ သွားကြိတ်တဲ့ ပြဿနာက ပျောက်သွားပါလိမ့်မယ်။ ဒီလိုမရသေးဘဲ သွားကဆက်ကြိတ်နေတယ်ဆိုရင် ညမှာ သွားရဲ့မျက်နှာပြင်ပေါ်မှာ အံကပ်လိုဟာမျိုးလေး ဆရာတို့က တပ်ထားပေးလိုက်ပါတယ်။ အဲဒီလို တပ်ထားလိုက်တဲ့အခါကျတော့ သွားကြိတ်မယ်ဆိုရင် မကြိတ်ဖြစ်တော့ပါဘူး။ ညတိုင်းညတိုင်း တပ်ပြီးအိပ်လိုက်ရင် သွားကြိတ်တဲ့အကျင့်ပါ ပျောက်သွားပါလိမ့်မယ်။

မေး ။ အဲဒါကို ဘယ်လို တပ်ဆင်ရပါသလဲ ဆရာ။
ဖြေ ။ အဲဒါက သွားကိုစွပ်ထားပြီး သွားကို ဖုံးထားဖို့လုပ်ပေးထားတာပါ။ အဲဒါကို ဆရာတို့က Bite Guard လို့ ခေါ်ပါတယ်။ လက်ဝှေ့ထိုးတဲ့လူတွေတပ်ထားတဲ့ အရာမျိုးဆိုပေမယ့် ခပ်သေးသေးနဲ့ ပါးစပ်ကကြိတ် ဝါးတာမဖြစ်အောင်၊ ကြိတ်ဝါးလိုက်တာနဲ့ သတိရပြီး မဝါးဖြစ်အောင် လုပ်ပေးထားတဲ့အရာမျိုးပါ။ သွား ဆရာဝန်တွေက လူနာကိုစမ်းသပ်ကြည့်ရှူပြီး သင့်တော်တဲ့ အမျိုးအစားကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

မေး ။ သွားကြိတ်တာကို မကုသဘဲ ထားရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ သွားကြိတ်တာကို မကုသဘဲ ထားရင် တချို့လူနာတွေ သွားကြိတ်တာက ညဘက်မှာ အိပ်နေတုန်းပဲ ကြိတ်တာမျိုး ရှိပါတယ်။ တချို့ကျတော့ ညတင်မက နေ့ဘက်မှာတောင် အလကားနေရင်းနဲ့ သွားကြိတ် နေတယ်၊ ဒေါသထွက်ရင်သွားကြိတ်တယ်၊ စိတ်လှုပ်ရှားရင်လည်း သွားကြိတ်တယ် . . အဲဒီလိုမျိုး သွား ကြိတ်တာမျိုး ရှိပါတယ်။ အဲဒီလို သွားကြိတ်တဲ့အခါ သွားသွားချင်း ဖိပြီးပွတ်နေသလိုမျိုး ဖြစ်တဲ့အတွက် သွားတွေရဲ့ အပေါ်ယံကြွေသွားလွှာတွေက ပါး . .ပါး သွားပါတယ်၊ ပါးပြီးတော့ ချိုင့် . . ချိုင့်လာပါတယ်။ အဲဒီအခါ သွားမျက်နှာပြင်တွေ စားသွားပါတယ်။ သွားမျက်နှာပြင်တွေ စားသွားပြီဆိုရင် အံတိုနေပြီလို့ ပြောလို့ရအောင် အကုန်လုံးသွားတွေတိုပြီး ဝင်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ကွမ်းစားများတဲ့သူတွေ မှာလည်း ဒီလိုတွေ့ရပါတယ်။

မေး ။ သွားကြိတ်တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ သွားကြိတ်တဲ့ ပြဿနာကလည်း အလေးထားရမယ့် အရာပါ။ သွားကြိတ်ရတဲ့ အကြောင်းရင်းတွေကို သိဖို့ လိုပြီး သွားကြိတ်စေတဲ့ အကြောင်းရင်းတွေကို ပယ်လိုက်မယ်ဆိုရင် တချို့လူတွေမှာ ပျောက်သွားပါ တယ်။ ဆက်ပြီး သွားကြိတ်နေမယ်ဆိုရင် အဲဒီအံကပ်လို ကိရိယာလေး တပ်လိုက်တဲ့အခါ သက်သာသွားမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top