Healthy Life Ad
Q & A

သွားကျဉ်ခြင်းအတွက် သီးသန့်သွားတိုက်ဆေးကို ဘယ်လောက်ကြာကြာ တိုက်သင့်သလဲ . . .

မေး – ကျွန်တော်က အသက် ၆၀ ကျော် သက်ကြီး အရွယ်ဖြစ်ပြီး ပါးစပ်ထဲက သွားတွေလည်း မကြာခဏ ဆိုသလို ကျဉ်တတ်ပါတယ်။ ဒါကြောင့် သွားတိုက်ဆေးတစ်မျိုး တိုက်နေပါတယ်။ အဲဒါ့ကို ရေရှည် တိုက်လို့ရပါသလား ဆရာ။
….. ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်း ခွဲစိတ်ဆရာဝန်ကြီး) မှဖြေကြားသည် ၊

ဖြေ – သွားတိုက်ရတဲ့ အကြောင်းရင်းက ခံတွင်း သန့်ရှင်းဖို့၊ အနံ့အသက် ပျောက်ဖို့၊ အညစ်အကြေးတွေ ကင်းစင်ဖို့နဲ့ သွားပိုးစားရောဂါ ကင်းစင်ဖို့ စတဲ့ ရည်ရွယ်ချက်လေးရပ်နဲ့ တိုက်တာဖြစ်ပါတယ်။ သွားတိုက်ဆေး အားလုံးက ဒီရည်ရွယ်ချက် လေးရပ်စလုံးနဲ့ မပြည့်စုံပါဘူး။

တချို့သွားတိုက်ဆေးက ခံတွင်းသန့်ရှင်းအောင် လုပ်မယ်၊ အနံ့ကောင်းအောင် လုပ်မယ်၊ ဒါပေမဲ့ သွားပိုးစားတာ ကာကွယ်မယ့် ဖလိုရိုဒ်ဆိုတဲ့ ဓာတ်မပါဝင်ပါဘူး။ ပုံမှန်အားဖြင့် ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေး တိုက်ရင် သွားပိုးစားတာကို အတန်အသင့် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ပုံမှန်ဆိုရင် ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်သင့်ပါတယ်။ သွားတိုက်တဲ့အတွက် သွားမှာအညစ်အကြေး တွေကပ်မနေရင် သွားပိုးစားတာကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

အခုမေးထားတာက သွားတွေကျဉ်လို့ ဆိုတဲ့ အတွက် သွားတွေကျဉ်ရတဲ့ အကြောင်းရင်းက မျိုးစုံရှိပါတယ်။ သွားပိုးပေါက်တွေရှိလို့ ကျဉ်တာရှိတယ်၊ သွားမျက်နှာပြင်တွေ စားသွားလို့ ကျဉ်တာရှိတယ်၊ အဲဒီလို အခြေအနေမျိုးမှာ သပ်သပ်ကုသဖို့ မလိုဘူး ဆိုရင် သွားဆရာဝန်တွေက သွားကျဉ်တာ ပျောက်မယ့် သွားတိုက်ဆေး အမျိုးအစားကို ရွေးချယ်ပြီး တိုက်ခိုင်းပါတယ်။ အခု ဦးသန့်ဇင် သုံးနေတဲ့ သွားတိုက်ဆေးမျိုးပါပဲ။ အဲဒီ သွားတိုက်ဆေးကျတော့ သန့်ရှင်းမှုကို အဓိက ဦးစားမပေးဘဲ ကုသမှုကို ဦးစားပေးတဲ့အတွက် သွားကျဉ်တာသက်သာဖို့ ဓာတ်တွေထည့်ထားပါတယ်။ အဲဒီတော့ ပါဝင်တဲ့ ဓာတ်တွေကြောင့် ဒီသွားတိုက်ဆေးကို စွဲတိုက်မယ်ဆိုရင် မကောင်းပါဘူး။ သုံးလတန်သည်၊ လေးလတန်သည် စွဲတိုက်ပြီး သက်သာသွားရင် ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကို ပြောင်းတိုက်ဖို့ လိုပါတယ်။ တစ်သက်လုံး ဒီသွားတိုက်ဆေးကိုပဲ တိုက်မယ်ဆိုတာမျိုး မလုပ်သင့်ပါဘူး။ သွားတိုက်ရင်လည်း တစ်နေ့ နှစ်ကြိမ်ထက် ပိုမတိုက်သင့်ပါဘူး။

# ပုံမှန်သွားတိုက်ဆေးနဲ့ဆိုရင် တစ်နေ့ သုံး-လေးကြိမ်တိုက်လို့ရပါတယ်။

Most Popular

Healthy Life Ad
To Top