Healthy Life Ad
Life Style

ခါးနာနေချိန်တပ်ရသည့် ကျန်းမာရေးခါးပတ်ပြားကို ကြာရှည်စွာမတပ်သင့်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ခါးနာနေချိန်တပ်ရသည့် ကျန်းမာရေးခါးပတ်ပြားကို ကြာရှည်စွာမတပ်သင့်ကြောင်း၊ ကြာရှည်စွာ ပတ်ထားလိုက်လျှင် ခါးကိုသဘာဝအရ ထိန်းထားပေးသည့် ခါးကြွက်သားများ သိမ်သွားတတ်ကြောင်း အရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးနေဝင်းက Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“ခါးနာတဲ့သူတွေကိုပေးတဲ့ ခါးပတ်ကို Lumber Corset လို့ခေါ်ပါတယ်။ ခါးနာတယ်၊ ခါးကိုကွေးလိုက်၊ ဆန့်လိုက်လုပ်ရင် ပိုနာတယ်၊ ခါးလှုပ်ရှားမှုလုပ်ရင် ပိုနာတယ် . . အဲဒီလိုမျိုးအခြေအနေမှာတော့ ခါးအရိုး၊ အဆစ်ကို ထိန်းတဲ့အနေနဲ့ ခါးပတ်ပြား (Lumber Corset) ကို ပေးလေ့ရှိပါတယ်။ ဒီခါးပတ်ပြားပတ်ရတဲ့ ရည်ရွယ်ချက်က ခါးလှုပ်ရှားမှုတွေကိုထိန်းဖို့၊ ခါးအရိုး၊ အဆစ်လှုပ်ရှားမှုကို တည်ငြိမ်အောင်ထိန်းဖို့ဆိုတဲ့ သဘောမျိုးနဲ့ပေးတာ ဖြစ်ပါတယ်။ အဲဒီလို ထိန်းထားလိုက်တဲ့အခါ ခါးနာတဲ့ဝေဒနာကို အတော်လေးအထောက်အကူ ဖြစ်သွားစေပါတယ်။ လူတိုင်း၊ လူတိုင်းကို ပေးမှာတော့မဟုတ်ပါဘူး၊ တချို့လူတွေမှာ ဒီခါးပတ်ပေးလိုက်တဲ့အခါ ခါးနာတာ သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ သိထားသင့်တဲ့အချက်တစ်ခုက ခါးပတ်ကိုတစ်ချိန်လုံး ပတ်ထားရမှာတော့ မဟုတ်ပါဘူး၊ အကြာကြီး ပတ်ထားရမှာလည်း မဟုတ်ပါဘူး။ ညအိပ်ရင် ဖြုတ်ထားရပါမယ်၊ ရေချိုးရင် ဖြုတ်ထားရပါမယ်။ အထူးသဖြင့် ခါးနာတဲ့သူတွေမှာ လှုပ်လှုပ်ရှားရှား သွားသွားလာလာလုပ်တဲ့အခါမှာ ခါးမနာအောင် ပတ်ထားခိုင်းပါတယ်။ ဒါပေမဲ့အကြာကြီး မပတ်ထားရပါဘူး။ အကြာကြီးပတ်ထားလိုက်ရင် ခါးကိုသဘာဝအရ ထိန်းထားပေးတဲ့ ခါးကြွက်သားတွေက သိမ်သွားတတ်ပါတယ်။ ဒါကြောင့် ခါးနာနေတုန်းမှာပဲ ခါးပတ်ကို ပတ်ထားသင့်ပါတယ်” ဟု အရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးနေဝင်းက ဆိုသည်။

ခါးပတ် (Lumbar Corset) ကို ခန္ဓာကိုယ်အရွယ်အစား၊ ခါးအရွယ်အစားပေါ်မူတည်ပြီး ရွေးချယ်တပ်ဆင်သင့်ကြောင်း သိရသည်။

“ လူနာရဲ့ ခါး၊ ဗိုက်နဲ့တိုင်းပြီး ခါးပတ်ကို ရွေးချယ်ပေးရပါတယ်။ ကားမောင်းတဲ့အခါ ခါးနာတယ်ဆိုရင် ခါးပတ်ပြားကို တပ်သင့်ပါတယ်။ ဒါပေမဲ့ ပုံမှန်လူတွေလည်း ကားကိုအကြာကြီးမောင်းရင် ခါးနာတတ်ပါတယ်။ ဒါကြောင့် ကားမောင်းရင် ခါးကိုတည့်တည့်ထား၊ ခါးကုန်းပြီးကားမောင်းတာမျိုး မဖြစ်စေနဲ့၊ ပြီးတော့ ကားကို အကြာကြီးမမောင်းနဲ့၊ ခရီးဝေးသွားတယ်ဆိုရင် ခရီးဆုံးပန်းတိုင်မရောက်မချင်း မနားမနေမောင်းတာမျိုး မလုပ်သင့်ပါဘူး၊ အဲဒီလိုလုပ်ရင် အန္တရာယ်လည်း များတယ်၊ ခါးကိုလည်း ထိခိုက်စေနိုင်ပါတယ်၊ ဒါကြောင့် ခရီးဝေးသွားရင် အမြဲကြားထဲမှာ အစားအသောက်လေးစား၊ လမ်းလျှောက် စသဖြင့် အနားယူပေးရပါမယ်၊ ဒီလိုလုပ်ပေးတာက ခါးအတွက် အများကြီးသက်သာပါတယ်။ ဆက်တိုက်အကြာကြီး မမောင်းသင့်ပါဘူး” ဟု အရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးနေဝင်းက သတိပေးထားသည်။

Most Popular

Healthy Life Ad
To Top