Healthy Life Ad
Life Style

ကွမ်းစားခြင်းကြောင့် သွားခိုင်သည်ဆိုသည်မှာ မဟုတ်ပါ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ် )

လူအများကြားတွင် ကွမ်းစား၍ သွားခိုင်သည်ဆိုသော အယူအဆတစ်ခုရှိခဲ့ရာ ကွမ်းစား၍ သွားခိုင်သည်ဆိုသည်မှာ မဟုတ်ဘဲ ကွမ်းစားပါများလျှင် သွားဖုံးရောင်ခြင်းနှင့် သွားနဲ့ခြင်းတို့ဖြစ်ကာ နောက်ဆုံး သွားနုတ်ရတတ်ကြောင်း မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးကိုကိုမောင်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

” ကွမ်းစားလို့ သွားခိုင်တယ်ဆိုတာ မဟုတ်ပါဘူး၊ ကွမ်းစားရင် သွားဖုံးတွေ ရောင်လာမယ်၊ သွားဖုံးတွေ ရောင်လာပြီး နောက်ဆုံးမှာ သွားတွေကနဲ့လာတယ်၊ ကွမ်းစားတော့ များများဝါးရတဲ့အတွက် သွားမျက်နှာပြင်တွေက ပြုန်းလာတယ်၊ အဲဒီလို ပြုန်းလာတဲ့အတွက် သွားအတွင်းထဲမှာရှိတဲ့ ဆင်စွယ်နှစ်ဆိုတဲ့ နေရာကနေ မွသွားတဲ့အထိ အကြောတွေ ပေါက်သွားတတ်ပါတယ်။ အဲဒီလိုအကြောပေါက်တဲ့အခါ သွားနုတ်ရတာတွေ ဖြစ်လာတတ်ပါတယ်။ ကွမ်းမစားဘူး ဆိုရင်သွားနုတ်ရတာလည်း နည်းသွားမယ်၊ ဒါ့အပြင် ခံတွင်းကိုလည်း သန့်ရှင်းအောင် ထားမယ်ဆိုရင် အသက်လည်း ပိုရှည်လာမှာ ဖြစ်ပါတယ် “ဟု ဆရာ ပါမောက္ခ ဦးကိုကိုမောင်က ဆိုသည်။

ကွမ်းထဲတွင် ကွမ်းသီး၊ ထုံးနှင့်ကွမ်းတို့ အဓိကပါဝင်ပြီး ထုံးဟု ဆိုရာတွင် ဖောက်ထုံးကို မဖောက်ထုံးဖြစ်အောင် လုပ်ပြီးမှ စားခြင်းဖြစ်ကြောင်း သိရသည်။

“ထုံးဆိုတာ အလိုလိုနေရင်းနဲ့ကို ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဓာတ်တစ်ခုဖြစ်ပါ တယ်။ ထုံးကိုင်ရင် လက်တွေကို စားသွားပါတယ်။ အဲဒါကို ပါးစပ်ထဲ ထည့်စားတဲ့အတွက် ခံတွင်းမှာ ထိခိုက်ပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ အခုစားနေတဲ့ ကွမ်းသီးနဲ့ ကွမ်းတွေက ပြုပြင်ထားတယ်ဆိုရင် ကင်ဆာဖြစ်မယ့် ဓာတ်တွေပါနေပါတယ်။ ဒါတွေအပြင် ဆေးတွေထည့်စားတော့ အဲဒါတွေကလည်း ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါနေတာပဲ ” ဟု ပါမောက္ခဦးကိုကိုမောင်က ပြောကြားသည်။

ကွမ်းစားခြင်းနှင့်အတူ ဆေးလိပ်ပါ တွဲသောက်လျှင် ဆေးလိပ်ထဲတွင်လည်း ကင်ဆာဖြစ်စေသော ဓာတ်အမျိုးပေါင်းစုံ ပါဝင်နေသည့်အတွက် ကင်ဆာဖြစ်နိုင်ခြေက ပိုများသွားကြောင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင်းအတူ အရက်ပါ တွဲသောက်လျှင် အရက်၌လည်း ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပါဝင်နေသည့်အတွက် ကင်ဆာဖြစ်နိုင်ခြေ ပိုများသွားကြောင်း သိရသည်။

” အရက်သောက်တဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့ သူတွေမှာ ခံတွင်းကင်ဆာအပြင် တခြား ကင်ဆာတွေ ဖြစ်နှုန်းပိုများပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ကွမ်းမှာ ကင်ဆာဖြစ်မယ့် ဓာတ်တွေ အကုန်ပါနေတော့ ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေက ပိုများသွားတဲ့ သဘောပါပဲ “ဟု ပါမောက္ခဦးကိုကိုမောင်က ဆိုသည်။

Most Popular

Healthy Life Ad
To Top