Healthy Life Ad
Local

သောက်သုံးရန်မသင့်ဘဲ စံချိန်စံညွှန်းမညီ ထုတ်လုပ်သည့် ရေသန့်လုပ်ငန်းများကို ဆက်လက် စစ်ဆေးအရေးယူသွားမည်

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန( FDA )ဦးဆောင်သည့် စားသောက်ကုန် လုံခြုံရေးကွန်ရက်သည် ပြီးခဲ့သည့် နိုဝင်ဘာလက သောက်သုံးရန် မသင့်ဘဲ စံချိန်စံညွှန်းမညီ ထုတ်လုပ်သည့် ရေသန့်လုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်နှင့် ပူးပေါင်း၍ လုပ်ငန်းပိတ်သိမ်း အရေးယူခဲ့ရာ နောင်တွင်လည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ( FDA )ရန်ကုန်ဌာနခွဲ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်ဇင်ဇင်နွယ်က ပြောသည်။

“ရေသန့်မှန်သမျှ (FDA )မှာ တရားဝင်လျှောက်ထားပြီး ရောဂါပိုးမပါဘဲ စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်မှသာ ( FDA )ရဲ့ ခွင့်ပြုချက်ကို ရရှိမှာ ဖြစ်ပါတယ်။ အခုတော့ လမ်းမှာတွေ့သမျှ ရေသန့်တွေထဲက ( FDA) မှာ လျှောက်မထားတဲ့ အမျိုးအစားတွေကို ကျပန်းဝယ်ပြီး စစ်လိုက်တော့ ဒီလိုမျိုး စံချိန် စံညွှန်းမညီဘဲ ထုတ်ထားတဲ့အတွက် အများပြည်သူ သောက်သုံးဖို့ မသင့်တာတွေ တွေ့ခဲ့ရတာပါ. .ဒီလိုမျိုး ရေသန့်လုပ်ငန်း စစ်ဆေးမှုတွေကို နောင်ဆိုရင် အခုထက်ပိုပြီး လူအင်အားများများနဲ့ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာဒေါ်ဇင်ဇင်နွယ်က ပြောကြားခဲ့သည်။
ရောဂါပိုးပါဝင်သည့် ရေသောက်သုံးခြင်းကြောင့် အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း စသည့် ကျန်းမာရေး ပြဿနာများ ရရှိတတ်ကြောင်း သိရသည်။

ဈေးကွက်ထောက်လှမ်း စိစစ်ချက်အရ တောင်ဒဂုံမြို့နယ်ရှိ Boon၊ ရွှေငါး၊ မြမြင့်မိုရ် စသည့် ရေသန့်လုပ်ငန်းများ၊ လှိုင်သာယာမြို့နယ်ရှိ ပစ်တိုင်း ထောင်၊ MT၊ နှင်းပန်း၊ လမင်းစံ၊ Min Min (မင်းမင်း)၊ သီတာဇော်၊ ထန်းတစ်ပင်မြို့နယ်ရှိ အောင်သန်းထိုက်၊ ဗိုလ်တထောင်မြို့နယ်ရှိ မိုးကြယ် (Moe Star)၊ လိပ်စာ မဖော်ပြထားသည့် Geo Aqua ၊ Y2K ၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ DRAGON ၊ မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ဧရာဦး၊ နဒီ (ရေသန့်ရေခဲ)၊ ဆန္ဒပြည့်၊ Sky Line၊ CLEAN ၊ Goodluck ၊ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်ရှိ လမင်းသာ အစရှိသည့် ရေသန့်လုပ်ငန်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အရည်အသွေး စိစစ်ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ပါကြောင်းနှင့် သောက်ရေသန့် သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရပါသဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ၁၁-၁၂-၂၀၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အသိပေး ကြေညာထားသည်။

Most Popular

Healthy Life Ad
To Top