Healthy Life Ad
Life Style

မိန်းမကိုယ်ခြောက်သွေ့သော အခြေအနေအတွက် အုန်းဆီ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

သွေးဆုံးပြီးချိန်မှာ အမျိုးသမီးတွေဟာ မိန်းမကိုယ်ခြောက်သွေ့တဲ့ အခြေအနေတစ်ရပ်ကို ခံစားရတတ်ပါတယ်။ ဒါက အန္တရာယ်ရှိတဲ့ ဝေဒနာမဟုတ်ပေမယ့် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးရဲ့ လိင်မှုဆိုင်ရာဘဝအပေါ် ထိခိုက်စေနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့ရသော အကြောင်းရင်းများ

မိန်းမကိုယ်ခြောက်သွေ့ရတဲ့ အကြောင်းရင်း အမျိုးမျိုးရှိတဲ့အနက် သွေးဆုံးတာနဲ့ ကလေးမွေး ပြီးချိန်တွေဟာ အဖြစ်များဆုံး အခြေအနေတွေပါ။ ဒီအခြေအနေနှစ်ရပ်စလုံးဟာ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို ပြောင်းလဲစေနိုင်ပါတယ်။ အထူးသဖြင့် အီစထရိုဂျင်ဟော်မုန်းအဆင့် လျော့ကျတာကြောင့် မိန်းမကိုယ် ချောဆီထွက်ရှိမှု လျော့နည်းရတာပါ။

ဆေးတချို့က မိန်းမကိုယ်ခြောက်သွေ့တဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ ဟစ္စတာမင်း တားဆေးပါဝင်တဲ့ အအေးမိဝေဒနာပျောက်ဆေးနဲ့ ဓာတ်မတည့်မှု ကုသဆေးတွေက မိန်းမကိုယ်နေရာ အပါအဝင် တစ်ကိုယ်လုံးမှာ ခြောက်သွေ့တဲ့ သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာနဲ့ မိန်းမကိုယ်ဆေးတဲ့ ဆပ်ပြာရည်ပြင်းပြင်းတွေ သုံးမိရင်၊ အတွင်းခံဘောင်းဘီလျှော်တဲ့ ဆပ်ပြာက အပြင်းစားဆပ်ပြာဖြစ်ရင် မိန်းမကိုယ် ခြောက်သွေ့စေနိုင်ပါတယ်။

စိတ်ဖိစီးမှုများတာနဲ့ ပူပင်သောက များတာကြောင့်လည်း မိန်းမကိုယ်ဆီ သွေးစီးဆင်းရောက်ရှိမှု လျော့ကျစေပြီး ချောဆီအထွက်နည်းရာက မိန်းမကိုယ် ခြောက်သွေ့စေနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့မှုအား ဖြေရှင်းပေးမည့် အုန်းဆီ

ကံကောင်းတာက မိန်းမကိုယ် ခြောက်သွေ့တဲ့ အခြေအနေကို ဖြေရှင်းနိုင်မယ့် သဘာဝနည်းတွေကို အလွယ်သုံးနိုင်တာပါပဲ။ အထိရောက်ဆုံး သဘာဝပစ္စည်းတစ်မျိုးက အုန်းဆီပဲဖြစ်ပါတယ်။

မိန်းမကိုယ်ကို အုန်းဆီစစ်စစ် လိမ်းပေးတာက မိန်းမကိုယ်တစ်ဝိုက်ကို ချောမွေ့ စိုစွတ်သွားစေပါတယ်။ အုန်းဆီစစ်စစ်ဖြစ်တာကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တဲ့ မသက်မသာ ခံစားချက်ကိုလည်း မဖြစ်စေပါဘူး။ အိမ်ထောင်ဖက်နဲ့ အတူနေရာမှာလည်း နာကျင်တဲ့ ဝေဒနာသက်သာသွားမှာ ဖြစ်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တဲ့ ငါးကြေးဆီ မှီဝဲရင်လည်း မိန်းမကိုယ်ခြောက်သွေ့တဲ့ အခြေအနေကို သက်သာစေပေမယ့် အုန်းဆီကတော့ ချက်ချင်း အာနိသင် ပေးစွမ်းနိုင်ပါတယ်။
(Ref;RD)

Most Popular

Healthy Life Ad
To Top