Healthy Life Ad
Child

ခရုသင်း၊ သမင်ဖြူ

ဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ အရေပြားဌာန၊ မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ခရုသင်း၊ သမင်ဖြူရောဂါက ဘာကြောင့် ဖြစ်တတ်ပါသလဲဆရာမ။

ဖြေ. ခရုသင်း၊ သမင်ဖြူ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကို တိတိကျကျသေသေချာချာမသိသေးပေမယ့် ကိုယ့်ကိုယ်ခံစွမ်းအားစနစ်နဲ့ ဆိုင်တဲ့ရောဂါပဲဖြစ်ပါတယ်။ အရေပြားမှာ အဖြူ ကွက်သွားတာက ရှိသင့်တဲ့ ရောင်ခြယ်မှုန့်ထုတ်တဲ့ မယ်လာနင်ဆဲလ်လေးတွေ မရှိတာပဲဖြစ်ပါတယ်။ ဒါက လူအများထင်သလို သမင်ဖြူ ရောဂါက ကူးစက်ရောဂါမဟုတ်ပါဘူး။ ဒါကြောင့် ကူးစက်ပွားမှာကို ကြောက်ရွံ့စရာမလိုပါဘူး။ ခရုသင်းသမင်ဖြူ ရောဂါ ဖြစ်သူတိုင်းဟာ မျိုးရိုးကြောင့်ဖြစ်တာမဟုတ်ပါဘူး။

မေး. ခရုသင်း၊ သမင်ဖြူ ဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲ။

ဖြေ. အဖြူ ကွက်ဖြစ်ရင် ဘေးအရေပြားနဲ့ မူကွဲပြားပြီး မထုံပါဘူး၊ ကျင်လည်းမကျင်၊ နာလည်းမနာ၊ ယားလည်းမယားပါဘူး။ အဖြူ ကွက်ကို ကုတ်တာ၊ ခြစ်တာတွေ မလုပ်ရပါဘူး။ ပျံ့နှံ့ပြီး ကုသလို့ မရတာမျိုး ဖြစ်တတ်ပါတယ်။

မေး. ခရုသင်း၊ သမင်ဖြူ က အနာကြီးရောဂါနဲ့ ဘာကွာခြားမှု.ရှိပါသလဲဆရာမ။

ဖြေ. အနာကြီးရောဂါဖြစ်ရင် ထုံပါတယ်။ ခရုသင်း၊ သမင်ဖြူ ဖြစ်ရင် မထုံပါဘူး။

မေး. ခရုသင်း၊ သမင်ဖြူ ရောဂါက ဘယ်လိုရောဂါတွေနဲ့ ဆက်စပ်နေတတ်ပါသလဲ ဆရာမ။

ဖြေ. ခရုသင်းသမင်ဖြူ ရောဂါက ပါနီးရှပ်စ်သွေး အားနည်းရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။

မေး. ခရုသင်း၊ သမင်ဖြူ ရောဂါက ဘယ်လိုအခြေအနေမှာ ပိုဆိုးတတ်ပါသလဲ ဆရာမ။

ဖြေ. သမင်ဖြူ ရောဂါက စိတ်ညစ်၊ စိတ်ထိခိုက်ရင် ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် စိတ်ပူပင်သောကနဲ့ စိတ်ထိခိုက်မှုတွေမထားဘဲ စိတ်အေးအေးထားသင့်ပါတယ်။

မေး. ခရုသင်း၊ သမင်ဖြူ ရောဂါကို ကုသလို့ရနိုင်ပါသလား ဆရာမ။

ဖြေ. သမင်ဖြူ ရောဂါဖြစ်တာ မကြာသေးရင် ကုသရလွယ်ကူပါတယ်။ တချို့လူနာတွေဆိုရင် ဆေးကုတာ သုံးလလောက်အတွင်း အကွက်က အဖြူ ရောင်ဖျော့သွားတာမျိုး တွေ့ဖူးပါတယ်။ ဒါကြောင့် ခရုသင်း သမင်ဖြူ ဖြစ်ရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားရောဂါ အထူးကုဋ္ဌာနကို ပြသကြည့်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top