Healthy Life Ad
Child

သမီးမိန်းကလေးများ အနာတရမရှိဘဲ ဖူးပွင့်လာစေရန်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ချိန်မှာ သမီးလေးလို့ သိလိုက်တာနဲ့ မိဘတွေ စိတ်ထဲမှာ ပူပန်စိတ်လေးတွေ ဖြစ်ပေါ်တတ်ကြပါတယ်။ သမီးလေးကို ပြုစုပျိုးထောင်မှု လုပ်တဲ့အခါ သားလေးကို ပြုစုပျိုးထောင်တာထက် ပိုပြီး ဂရုစိုက်ကြင်နာဖို့ လိုသလို သမီးလေး အနာတရမရှိဘဲ လောကအလယ် ဝင့်ကြွလာနိုင်ဖို့ အမြဲ အရိပ်တကြည့်ကြည့် စောင့်ရှောက်ဖို့ လိုအပ်လာပါတယ်။ ငယ်ရွယ်ချိန်မှာ သမီးလေးကို အနေအထိုင်တတ်အောင် သင်ကြားဆုံးမရင်း အနာတရမရှိဘဲ ကြီးပြင်းလာအောင် ပံ့ပိုးပေးရသလို အရွယ်ရောက်လာချိန်မှာ သမီးမိန်းကလေးကို ပညာဆုံးခန်းတိုင်အောင် သင်ယူနိုင်ဖို့ အားပေးသွန်သင်ရင်း ဘဝကြင်ဖော် အရွေးမမှားစေဖို့လည်း ပူပန်ရတတ်ပါတယ်။ ဒါကြောင့် သမီးလေးမွေးထားတဲ့ သမီးရှင် မိဘနဲ့ အုပ်ထိန်းသူတို့ သိထားသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။

(၁) ခွင့်မပြုရ

လိင်အင်္ဂါကို လာရောက်ထိတွေ့လာရင် ဘယ်တော့မှ ခွင့်မပြုဖို့ သမီးကို သင်ထားပါ။ ဂါဝန်၊ စကပ်စတဲ့ တိုတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပေးတဲ့အခါ ထိုင်တဲ့အခါနဲ့ ဆော့ကစားရာမှာ အမြဲ ဖုံးအုပ်ထားဖို့ သတိပေးပါ။

(၂) ခံစားချက်ကို ပြောခွင့်ပြုပါ

သင့်သမီးကို ဘာကို မစားချင်ဘူး၊ ဘယ်သူနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူးစတဲ့ သူ့ခံစားချက်မှန်သမျှ ပြောဖို့ သင်ထားပါ။ ဒါမှမဟုတ် သူက ဘာစကားမှ မပြောချင်ရင် သူ့ခံစားချက်ကို စာနဲ့ရေးပြီး ပြောဖို့၊ တေးသီချင်း၊ ပန်းချီ၊ အားကစား စတာတွေနဲ့ ဖော်ထုတ်ပြဖို့ သင်ပေးထားပါ။ ဒါမှမဟုတ် ခံစားချက်ကို အစာမစားတာ၊ အစာအလွန်အမင်း စားတာ၊ ဆေးသောက်တာ စတာတွေနဲ့ လမ်းလွှဲမပစ်ဖို့ သတိပေးပါ။

(၃) အလှတရား ကိုယ်စီရှိ၏
သင့်သမီးလေးဟာ ပိန်ပိန်၊ ဝ၀၊ အရပ်ပုပု၊ ရှည်ရှည် လှပတယ်ဆိုတာ ယုံကြည်ချက် ရှိနေပါစေ။ခန္ဓာကိုယ် အချိုးအစားအတွက် စိတ်ဖိစီးမှု ဖြစ်စရာမလိုဘဲ အလှဆိုတာ ရုပ်အလှထက် စိတ်အလှက ပိုတန်ဖိုးရှိတယ်လို့ သင်ပေးပါ။ အပေါ်ယံ အလှအပအတွက် ခေတ်ပေါ် ဖက်ရှင်တွေနောက် လိုက်နေရင်လည်း ဘယ်တော့မှဆုံးမှာ မဟုတ်တဲ့အတွက် ကိုယ်ရှိတာနဲ့ သပ်သပ်ရပ်ရပ် လှလှပပ ပြင်ဆင်ကာ ရောင့်ရဲတတ်အောင် သင်ပေးဖို့ လိုပါတယ်။

(၄) ဘဝတွင် လေးစားတန်ဖိုးထားသူ

သင့်သမီးရဲ့ ဘဝမှာ လေးစားတန်ဖိုးထားတဲ့ သူက တကယ် လေးစားထိုက်သူ ဖြစ်ရဲ့လားဆိုတာ ဆန်းစစ်ပါ။ တကယ်လို့ နိုင်ငံခြားက အဆိုတော်ငယ်ငယ်လေးတွေကို သဘောကျနေရင်လည်း သူတို့ အောင်မြင်အောင်ကြိုးစားရင်း အောင်မြင်မှုကို အရယူနိုင်ပုံကို အတုယူနိုင်ဖို့ ပြောပြပေးပါ။ သူတို့ရှာထားတဲ့ ပိုက်ဆံနဲ့ ရမ်းကားတဲ့အခါ အဲဒါကို စံနမူနာယူပြီး ရှောင်သင့်ကြောင်း သင်ခန်းစာပေးပါ။ ဒါ့အပြင် သင့်သမီးကို သူ့ကိုယ်သူလေးစား တန်ဖိုးထားတတ်အောင်လည်း သူ့မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ထုတ်ဖော်ချီးကျူးပေးပါ။

(၅) ဆွဲဆောင်မှုမရှိသော ဓာတ်ပုံများ မတင်နှင့်

ဖေ့စ်ဘွတ်ခ်မှာ မိန်းကလေး အများစုဟာ ကိုယ်လုံးအလှနဲ့ မဖော်သင့်တဲ့ အရေပြားတွေကို လှစ်ဟဖော်ပြပြီး နှုတ်ခမ်းစူတဲ့ ဟန်နဲ့ လိင်အသားပေး ဓာတ်ပုံတွေ တင်တတ်ကြပါတယ်။ ဒီပုံတွေက တကယ်တော့ ဆွဲဆောင်မှု မရှိဘဲ အပြစ်ကင်းစင်တဲ့ အလှတရားကသာ ထင်ကျန်ရစ်မယ့် ဆွဲဆောင်မှုတစ်မျိုးဆိုတာ သင့်သမီး သိနားလည်အောင် သင်ပြပါ။

(၆) စကားပြော ချိုသာခြင်း၏ တန်ဖိုး

´´နှုတ်ချို လျှိုတစ်ပါး“ . . ဆိုသလို အပြောချိုတာကြောင့် ဘယ်နေရာရောက်ရောက် လူချစ်လူခင်များကာ ဦးစားပေးသူ များတတ်ပါတယ်။ သင့်သမီးကို နှုတ်ကြမ်းတာကြောင့် အဆင်မပြေတဲ့ ပေါင်းသင်းဆက်ဆံရေး ဖြစ်သွားတဲ့ ဇာတ်ကားတွေကို ကြည့်ခိုင်းကာ အတုယူတတ်အောင် သင်ပေးပါ။ယောကျာ်းလေးတွေကို အနိုင်ယူလိုက်တာမျိုး၊ အနိုင်ရစေဖို့ ရင့်ရင့်သီးသီး ပြောတာမျိုး ရှောင်ခိုင်းပါ။

(၇) သဘာဝအလှကသာ အစစ်မှန်ဆုံး
အခုခေတ် သမီးပျိုတွေက ကိုရီးယားလှပျိုဖြူတွေကို အားကျတတ်ကြပါတယ်။ သူတို့လို ပြင်ဆင်ပြီး သူတို့လို ဝတ်စားချင်တတ်ပါတယ်။ သူတို့က ပလတ်စတစ်ဆာဂျရီနည်းနဲ့ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ဝန်းကို ပြင်ဆင်မှန်းသိတဲ့အခါ လိုက်ပြင်ချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ တကယ်တော့ သဘာဝအလှကသာ ဆွဲဆောင်မှုအရှိဆုံးနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားချစ်ခင်စိတ် အများဆုံးပါ။

(၈) သန်စွမ်းကာ ယုံကြည်မှုရှိရန် အရေးပါ

လောကဓံတရားရဲ့ အလှည့်အပြောင်း ဒဏ်ခံရတတ်တဲ့ ဘဝမှာ စိတ်ဓာတ် ကြံ့ခိုင်သန်စွမ်းဖို့နဲ့ ကိုယ့်စွမ်းရည်ကို ယုံကြည်မှုရှိဖို့ သင့်သမီးကို သင်ကြားပေးပါ။ ဘယ်လို ဆုံးရှုံးမှုပဲဖြစ်ဖြစ် ကြောက်ရွံ့မနေအောင်လည်း သင်ပေးပါ။ အလုပ်လုပ်နေသရွေ့ တစ်ချိန်ချိန်မှာ ဆုံးရှုံးသွားနိုင်တယ် ဆိုတာကိုလည်း သင်ပေးထားပါ။ ဆုံးရှုံးမှုကို မကြောက်ဘဲ အရှုံးကနေ သင်ခန်းစာယူတတ်အောင် သင်ပေးထားရင် ဘဝမှာ ဘယ်လို အခက်အခဲကိုမဆို သင့်သမီးလေး ရင်ဆိုင် ကျော်လွှားသွားနိုင်မှာပါ။

(၉) အမှန်တရားကို ချစ်မြတ်နိုးပါ

အမှန်တရားအတွက် အသံကျယ်ခွင့်မရှိရင်တောင် အမှားဘက်မှာ ဘယ်တော့မှ ရပ်မနေဖို့ သင့်သမီးကို သင်ပေးပါ။

(၁၀) အဝတ်မပါသော ဓာတ်ပုံများ
သင့်သမီးကို အဝတ်မပါတဲ့ ဓာတ်ပုံတွေရိုက်ပြီး သိမ်းထားတာ၊ တခြားသူတွေဆီကို အီးမေး၊ ဖေ့စ်ဘွတ်ခ်၊မက်ဆေ့ချ် စတာတွေနဲ့ ပို့တာမျိုး ဘယ်တော့မှ (ဘယ်သောအခါမှ) မလုပ်ဖို့ သင်ပေးပါ။

(၁၁) သူငယ်ချင်းရီးစားနှင့် ကင်းကင်းနေပါ

သူငယ်ချင်းရဲ့ ရီးစားက ရိသဲ့သဲ့လာလုပ်ရင်တောင် ဝေးဝေးက ရှောင်ပါ။ ဘဝမှာကောင်လေးတွေက လာလိုက်၊ ပြန်လိုက် ဖြစ်နေနိုင်ပေမယ့် မိန်းကလေး သူငယ်ချင်းကတော့ ထာဝရမိတ်ဆွေပါ။ ဒီစကားကို အမြဲတမ်း သတိရပြီး သူငယ်ချင်းရဲ့ ချစ်သူ၊ ရီးစားကို ရှောင်ဖို့ သင့်သမီးကို သေချာဆုံးမထားသင့် ပါတယ်။

(၁၂) အတွင်းခံ အဝတ်အစားများက အရေးပါ
မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်နေဟန်စမတ်ကျ လှပကြည့်ကောင်းဖို့ ဆိုတာ အတွင်းခံ အဝတ်အစားတွေက အရေးပါတယ်ဆိုတာ သင့်သမီးကို သင်ပေးပါ။ အတွင်းခံ အဝတ်အစားတွေကို အဆင်ပြေပြေ အံဝင်ခွင်ကျ ဝတ်ဆင်ကာ ဘော်လီကိုင်းကြိုးမပေါ်အောင်၊ အတွင်းခံ ဘောင်းဘီ မပေါ်အောင် လုံလုံခြုံခြုံ ဝတ်ဆင်ဖို့ သင်ပေးပါ။ ဒါက အမြဲ စမတ်ကျနေတတ်တယ်ဆိုတာ သင့်သမီး နားလည်ပါစေ။

(၁၃) မလုံ့တလုံ အဝတ်အစားများကို ရှောင်ပါ

လိင်ဆွဲဆောင်တဲ့ အဝတ်အစားတွေ ဖြစ်တဲ့ မလုံ့တလုံ အဝတ်အစားတွေဟာ အပျိုစင်မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးကို ကျဆင်းသွားစေတယ်ဆိုတာ သင့်သမီး နားလည်ပါစေ။

(၁၄) အပေါင်းအသင်းကို အကဲခတ်ပါ

အပေါင်းအသင်း ရွေးချယ်ရာမှာ အကဲခတ်ပြီး ပေါင်းသင်းတတ်အောင် သင့်သမီးကို သင်ပေးပါ။ အပေါင်းအသင်းကြောင့် ကိုယ့်တန်ဖိုးကျတတ်သလို အပေါင်းအသင်းကြောင့်ပဲ ဂုဏ်တက်ရတတ်တဲ့ အဖြစ်မျိုး ရှိတာကြောင့် ကိုယ်နဲ့ တွေးခေါ်ဆင်ခြင်ပုံချင်း မတူတဲ့သူကို ဝေးဝေးကရှောင်ဖို့ သင့်သမီးကို သင်ထားပါ။

(၁၅) ဆယ်ကျော်သက် မဂ္ဂဇင်းများကို ဖတ်ရုံဖတ်ပါ

ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်ထုတ်ဝေထားတဲ့ မဂ္ဂဇင်းတွေဟာ မိန်းကလေးငယ်ငယ်လေးတွေကို လှပကြည့်ကောင်းဖို့နဲ့ အစားလျှော့ဖို့ အားပေးနေတတ်ပါတယ်။ ဒါတွေကို ကြည့်ရုံကြည့်ပြီး လိုက်အားကျမနေ ဖို့ သင့်သမီးကို သင်ထားပါ။

(၁၆) အလွန်အမင်း ဖိအားမပေးပါနှင့်

သင်ရဲ့ ကိုးနှစ်အရွယ် သမီးကို ၂၅ နှစ်အရွယ်လို့ မထင်ပါနဲ့။ သင့်သမီးဟာ အရွယ်နဲ့လိုက်တဲ့ နေထိုင်မှုပုံစံအတိုင်း နေထိုင်တတ်ရင် သင် စိတ်အေးလက်အေး နေသင့်ပါတယ်။

(၁၇) ငယ်ရွယ်ချိန် လက်ထပ်ခြင်းကို ခွင့်မပြုပါနှင့်

သင့်သမီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ဖို့ အားမပေးပါနဲ့။ ကမ္ဘာ့အပြင်ဘက်အထိ ခြေဆန့်နိုင်အောင် အားပေးပြီး သူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်အောင်နဲ့ သူ့ဘဝ ရုပ်လုံးပေါ်အောင် ပုံဖော်နိုင်ဖို့ အားပေးပြီးမှ သူ့အတွက် သင့်တော်တဲ့ ဖူးစာဖက်နဲ့ လက်တွဲခွင့်ပြုသင့်ပါတယ်။

(၁၈) ညဘက် အိမ်မှာ စာဖတ်ခြင်းဖြင့် ဘဝကို မြှင့်တင်ပါ

ကျောင်းပိတ်ရက်ဖြစ်တဲ့ သောကြာည မှာ ဆယ်ကျော်သက်အများစုဟာ အိမ်မှာမနေဘဲ ချစ်သူကောင်လေးတွေနဲ့ အပြင်ထွက် လည်ပတ်တာ၊ ပါတီပွဲတက်တာ၊ ကလပ်သွားတာ စတာတွေ လုပ်ဆောင်တတ်ပါတယ်။ သင့်သမီးကို စာအုပ်ကောင်းတစ်အုပ်နဲ့ အိမ်မှာ အချိန်ဖြုန်းတတ်အောင် သင်ပေးပါ။ စာကောင်းပေမွန်တွေကို ဖတ်ရှုပြီး လိမ္မာရေးချားရှိတဲ့ သမီးအတွက် စာအုပ်စာပေထဲမှာ ဘဝနေထိုင်နည်း သင်ခန်းစာတွေ ပါဝင်ပါတယ်။ ဒါက သင့်သမီးအတွက် အရေးပါတဲ့ လက်ဆောင်ဆိုတာ နားလည်ပါစေ။

(၁၉) ရယ်မောခွင့်ပြုပါ

သင့်သမီးဟာ တစ်ခါတလေ သူ့ဘာသာ သဘောကျပြီး ရယ်မောတတ်ပါတယ်။ ရယ်မောခွင့် ပြုလိုက်ပါ။ တကယ်မရယ်ရတဲ့ အဖြစ်အပျက်အတွက် ကိုယ့်ဘာသာကိုယ် သဘောကျမိတဲ့ အခါတွေမှာ လွတ်လွတ်လပ်လပ် ရယ်မောပျော်ရွှင်ခွင့်ပြုပေးပါ။

(၂၀) ခေတ်လွန်ယဉ်ကျေးမှုများ ခန္ဓာကိုယ်ပေါ် တင်မည်ဆိုလျှင် နှစ်ကြိမ်စဉ်းစားရန် သင်ပေးပါ

သင့်သမီးရဲ့ အခွင့်အရေးဆိုရင်တောင် ဆေးမင်ကြောင်ထိုးတာ၊ ခန္ဓာကိုယ် နေရာမျိုးစုံမှာ အပေါက်ဖောက်တာ . . စတဲ့ ခေတ်လွန်ယဉ်ကျေးမှုတွေကို သူ့ခန္ဓာကိုယ်မှာလုပ်မယ်ဆိုရင် အကြိမ်ကြိမ် ပြန်စဉ်းစားဖို့ သင့်သမီးကို သင်ပေးပါ။ ဒီအပြုအမူတွေကြောင့် လူကြီးလူကောင်းဆန်ဆန် ဖြတ်သန်းသွားလာမယ့် လူ့ဘဝခရီးမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top