Healthy Life Ad
Child

အိပ်မက်ကို ရဲရဲကြီးမက်ပါ

စူး (ဆေးဝါးတက္ကသိုလ်)

ဆန်ဆိုက်ဒရိုမှာ မြင်းမွေးမြူရေးခြံတစ်ခြံပိုင်ဆိုင်တဲ့ မွန်တီရောဘတ်ဆိုတဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက် ရှိပါတယ်။ သူကလူငယ်တွေအတွက် ရန်ပုံငွေမြှင့်တင်ရေးပွဲစဉ်တွေမှာ သူ့မြင်းတွေကို သုံးခွင့်၊လေ့လာခွင့် ပေးထားပါတယ်။

”ကျွန်တော့်မြင်းတွေကို ဒီလိုဘာကြောင့် အသုံးပြုခွင့်ပေးထားရတာလဲ ဆိုတဲ့အကြောင်းကို ခင်ဗျားကို ပြောပြချင်တယ်ဗျာ။ ဒီအကြောင်းပြောရမယ်ဆိုရင် မြင်းစောင်းတစ်ခုကနေတစ်ခု၊ ပြိုင်ပွဲတစ်ခုကနေတစ်ခု၊ လယ်တစ်ခုကနေတစ်ခု . . မြင်းတွေကို လှည့်လည်ထိန်းကျောင်းနေရတဲ့ မြင်းထိန်းတစ်ယောက်ရဲ့ သားအကြောင်းကနေ စပြောရမှာပဲ . . အဲဒီကောင်လေး အထက်တန်းကျောင်းသား ဘဝရောက်တော့ ကျောင်းမှာသူဘာဖြစ်ချင်တယ်၊ သူကြီးပြင်းလာရင်ဘာလုပ်မယ်စတဲ့ စာတမ်းတစ်စောင် ရေးရတယ်။

အဲဒီညမှာ သူကတစ်နေ့မှာ မြင်းမွေးမြူရေးခြံတစ်ခြံ ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ သူ့ရည်မှန်းချက်အကြောင်း ခုနစ်မျက်နှာလောက်ရေးခဲ့တယ်။ အဲဒီစာတမ်းထဲမှာသူက သူဖြစ်ချင်တဲ့အိပ်မက်အကြောင်း အသေးစိတ်ရေးပြီး ဧက၂၀ဝအကျယ်ရှိတဲ့ မြင်းမွေးမြူရေးခြံတစ်ခြံကို ပုံနဲ့ဆွဲပြီးဖော်ပြခဲ့သလို အဲဒီခြံထဲမှာပါတဲ့ အဆောက်အအုံ၊ မြင်းစောင်း၊ မြင်းပြိုင်ကွင်းစတာတွေရဲ့ တည်နေရာတွေကိုပါ တိတိကျကျ ဖော်ပြထားခဲ့တယ်။ ပြီးတော့ အဲဒီဧက ၂၀ဝထဲမှာထားရှိမယ့် သူ့အိမ်ကြီးကိုပါ အသေးစိတ်ခြယ်မှုန်းဆွဲထားခဲ့တယ်။

ကောင်လေးကတော့ သူ့စာတမ်းထဲမှာ သူ့နှလုံးသားတစ်ခုလုံးနှစ်ပြီး ရေးထားတာပေါ့ဗျာ နောက်တစ်နေ့ကျတော့ ဆရာမဆီကို အဲဒီစာတမ်းတင်ခဲ့တယ်။ နှစ်ရက်လောက်နေတော့ သူ့စာတမ်းကို သူပြန်ရခဲ့တယ်။ ရှေ့ဆုံးစာမျက်နှာမှာ မင်နီနဲ့ “F” ဆိုတဲ့စာလုံးကြီးကထင်းလို့၊ ပြီးတော့ “အတန်းချိန်ပြီးရင် ဆရာမကိုလာတွေ့ပါ”ဆိုတဲ့ မှတ်ချက်နဲ့ . .။
ဒါနဲ့ အတန်းချိန်ပြီးတော့ ကောင်လေးကဆရာမဆီသွားတွေ့ပြီး မေးခဲ့တယ်။

“ကျွန်တော်ဘာကြောင့် “F” ရခဲ့တာလဲ ဆရာမ”

“ဒါက မင်းလိုလူငယ်တစ်ယောက်အတွက် မဖြစ်နိုင်တဲ့အိပ်မက်ပဲကွဲ့၊ မင်းမှာငွေမရှိဘူး၊ မင်းက မြင်းထိန်းသမားမိသားစုက ဆင်းသက်လာတဲ့သူ၊ မင်းမှာ အရင်းအနှီးလည်းမရှိဘူးလေ၊ မြင်းမွေးမြူရေးခြံတစ်ခု ပိုင်ဖို့ဆိုတာ ငွေတွေအများကြီးလိုတယ် . . အရင်ဆုံး မင်းမြေတွေကို ဝယ်ရမယ်၊ ပြီးတော့ မြင်းမွေးမြူဖို့ ငွေအများကြီး လိုတယ်၊ ဒီတော့ မင်းအတွက် ဒါတွေပိုင်ဆိုင်ဖို့ နည်းလမ်းမှမရှိဘဲ . .” ရှည်လျားလှတဲ့စကားတွေကို တောက်လျှောက်ပြောပြီး နောက်ဆုံးမှာ “မင်းဒီစာတမ်းကို ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်နဲ့ ပြန်ရေးပေးမယ်ဆိုရင် မင်းရဲ့အဆင့်သတ်မှတ်ချက်ကို ဆရာမပြန်စဉ်းစားပေးမယ်”လို့ ဆရာမက ဖြည့်စွက်ပြောကြားခဲ့တယ်။ကောင်လေးက အိမ်ကိုပြန်လာပြီး အတွေးတွေနဲ့ လေးလံနေခဲ့တယ်။ သူဘာလုပ်သင့်သလဲဆိုတာ အကြံကောင်းရဖို့ သူ့ဖခင်ကိုတိုင်ပင်လိုက်တယ်။

“ဟာ . . ငါ့သား . . မင်းမှာ ဒါကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ အိပ်မက်မက်ခွင့်ရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါကသားအတွက် အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ပဲလို့ ဖေဖေထင်တယ်”နောက်ဆုံးမှာ တစ်ပတ်လောက်တွေးတောပြီး ကောင်လေးက အဲဒီစာတမ်းမှာ ပြင်ဆင်ပြုပြင်တာ၊ ဖြည့်စွက်တာ ဘာဆိုဘာမှ လုံးဝမလုပ်ဘဲနဲ့ ဆရာမဆီကို ပြန်ပေးခဲ့ပါတယ်။”ဆရာမ . . ကျွန်တော့်ကို အဆင့် “F” ပဲ ပေးချင်ပေးပါတော့ . . ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်အိပ်မက်ကို ဒီအတိုင်းပဲဆက်မက်သွားမှာပါ”

မွန်တီက ကျွန်တော့်ဘက်ကို လှည့်ကြည့်ပြီး “အခုတော့ခင်ဗျားက ကျွန်တော်ရဲ့ ဧက၂၀ဝကျယ်ဝန်းတဲ့ မြင်းမွေးမြူရေးခြံထဲမှာ ရောက်နေခဲ့ပြီ၊ ကျွန်တော်က အဲဒီစာတမ်းထဲကအတိုင်း ဒီနေရာကို အတိအကျ တည်ဆောက်နိုင်ခဲ့တာပဲ”လို့ ဆိုတယ်။
“ပုံပြင်ရဲ့ အကောင်းဆုံးအပိုင်းကပြီးခဲ့တဲ့ နွေရာသီမှာဖြစ်ခဲ့တာ၊ အဲဒီဆရာမက ကျောင်းသား၃၀ကိုခေါ်ပြီး ကျွန်တော်ရဲ့ မြင်းမွေးမြူရေးခြံထဲကို တစ်ပတ်လောက် လေ့လာခဲ့ကြတယ်။ ပြန်ခါနီးတော့ ဆရာမက နှုတ်ဆက်ရင်း ပြောသွားခဲ့တယ်။

“မွန်တီရေ . .တကယ်တော့ ငါကမင်းရဲ့ဆရာမဖြစ်ခဲ့စဉ်တုန်းက မင်းအိပ်မက်တွေကို ခိုးယူခဲ့မိတယ်၊ အလားတူပဲ အဲဒီတုန်းက တခြားကျောင်းသားတွေရဲ့အိပ်မက်တွေကိုလည်း ဆရာမ ခိုးခဲ့မိတယ်ကွယ် . . ကံကောင်းထောက်မလို့ မင်းကတော့အိပ်မက်ကို အခိုးမခံခဲ့ဘဲ ရဲရဲကြီးဆက်မက်နိုင်ခဲ့တာပဲ”

စာစုကပေးချင်သော သင်ခန်းစာ
သင့်အိပ်မက်တွေကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ခိုးယူခွင့်မပြုပါနဲ့။ သင့်စိတ်နှလုံးသား နောက်ကိုလိုက်ပြီး အိပ်မက်ကကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရဲရဲကြီးမက်လိုက်ပါ. . သင့်အိပ်မက်တွေ လက်တွေ့ဖြစ်လာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top