Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်စဉ် အဖြစ်များသော လိပ်ခေါင်း

စူး (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းအဖြစ်များတတ်ပေမယ့် တစ်ခါတလေ ကလေးမွေးပြီးချိန်မှာ သက်သာသွားတတ်ပါတယ်။ နဂိုကတည်းက လိပ်ခေါင်းရှိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် လိပ်ခေါင်းက ပိုဆိုးလာတတ်ပါတယ်။ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာလိပ်ခေါင်းမဖြစ်စေဖို့နဲ့ လိပ်ခေါင်းသက် သာစေဖို့ရာအတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာရပါမယ်။

♦ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားပေးပါ။ အမျှင်ဓာတ်များတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို တစ်နေ့ အနည်းဆုံး ငါးကြိမ်လောက်စားရင် ဝမ်းမှန်မှန်သွား ပါလိမ့်မယ်။ ရေများများ သောက်ပါ။

♦ မနက်တိုင်း ရေသောက်ပြီး ဘိုထိုင်အိမ်သာပေါ်မှာထိုင်ကာ ဝမ်းသွားဖို့ အချိန်ပေးပါ။ ဝမ်းသွားတဲ့အခါ တတ်နိုင်သမျှ မညှစ်မိအောင် သတိထားရပါမယ်။

♦ အိမ်သာသုံးတစ်ရှူးတွေမှာ အရောင်ပါတာ၊ အမွှေးနံ့ပါတာတို့ကို ရှောင်ပြီး နူးညံ့တဲ့ တစ်ရှူးတွေကို ရွေးချယ်သုံးစွဲပေးပါ။

♦ အတွင်းခံဘောင်းဘီဝတ်တဲ့အခါ ချည်သားကိုပဲ ရွေးချယ်ဝတ်ဆင်ပေးပါ။ စအိုအဝကို အတတ်နိုင်ဆုံး မကုတ်မိအောင် သတိထားပါ။ လက်သည်းတွေကို ခပ်တိုတို ညှပ်ထားပါ။

♦ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်တာ၊ လှဲလျောင်းတာစတဲ့ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံ နဲ့ချည်း အချိန်မကုန်စေပါနဲ့။ တတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

လိပ်ခေါင်းကြောင့် ရောင်ရမ်းနာကျင်နေရင် ရေခပ်နွေးနွေးထဲမှာ ဆားအနည်းငယ်ခတ်ကာ တင်ပါးကို စိမ်ပြီးထိုင်တဲ့နည်း (Sitz Bath)ကို သုံးပေးပါ။ ပြီးရင် တင်ပါးကို ညင်ညင်သာသာ ရေသုတ်ပေးပါ။ လိပ်ခေါင်းကြောင့် နာကျင်ရောင်ရမ်းတဲ့ ဝေဒနာကို သက်သာစေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top