Healthy Life Ad
Q & A

ခြင်ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကာကွယ်ဖို့ ဆေးစိမ်ခြင်ထောင်သုံးကြစို့

ပါမောက္ခဦးကိုကို

(ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

မေး . ဆေးစိမ်ခြင်ထောင်နဲ့အိပ်ရင် ဘယ်လိုရောဂါတွေ ကာကွယ်နိုင်ပါသလဲ ဆရာ၊ ခြင်ဆေးခွေသုံးတာနဲ့ ဆေးစိမ်ခြင်ထောင်သုံးတာ ဘယ်ဟာက ပိုကောင်းပါသလဲ၊ ဆေးစိမ်ခြင်ထောင်သုံးတဲ့နည်းလမ်းကို သိပါရစေဆရာ။

ကိုသန်းထူး၊ ပဲခူး။

ဖြေ . ဆေးစိမ်ခြင်ထောင်သုံးတာကြောင့် ငှက်ဖျားရောဂါ၊သွေးလွန်တုပ်ကွေးရောဂါအစရှိတဲ့ ခြင်ကိုက်လို့ ဖြစ်တဲ့
ရောဂါတွေမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

ခြင်ဆေးခွေသုံးတာက ရေရှည်မှာ အသက်ရှူ လမ်းကြောင်း ရောဂါဝေဒနာတွေကို ဖြစ်စေနိုင်တဲ့ အတွက် ဆေးစိမ်ခြင်ထောင်သုံးတာက လွယ်ကူ သက်သာတဲ့ နည်းလမ်းဖြစ်ပါတယ်။ အိမ်မှာ ခြင်လုံ ဆန်ခါတပ်ဆင်တာက ထိရောက်တဲ့ နည်းလမ်းဖြစ် ပေမယ့် တကယ်တမ်းမှာ လူအများ မသုံးနိုင်ကြပါဘူး။ ဆေးစိမ်ခြင်
ထောင်က ခြင်အပါအဝင် အင်းဆက်ပိုးမွှားတွေကိုသေနိုင်တဲ့ အင်းဆက်သတ်ဆေးနဲ့ စိမ်ထားတဲ့ ခြင်ထောင်ဖြစ်ပါတယ်။

ရိုးရိုးခြင်ထောင်နဲ့အိပ်ရင် ခြင်တွေဝင်နေတာ၊ ခြင်ထောင်နဲ့ ကပ်နေတဲ့ ခန္ဓာကိုယ်အရေပြားကို ခြင် ထောင်အပြင်ကနေ ထိုးဖောက်ပြီး ခြင်ကိုက်တာတို့
ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးစိမ်ခြင်ထောင်ကို သုံးကြတာဖြစ်ပါတယ်။ အဲဒီအခါ ခြင်တွေ ခြင်ထောင်ပေါ် လာနားတာမရှိတော့သလို ခြင်ထောင်ထဲမှာ လည်း ခြင်တွေဝင်နေမှာ မဟုတ်တော့ပါဘူး။

ဆေးစိမ်ခြင်ထောင်က လူကို ဘေးဥပဒ်မဖြစ်စေပါဘူး။ စသုံးခါစမှာ တချို့ လူတွေက ဆေးနံ့မခံနိုင်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ဆေးစိမ်ခြင်ထောင်နဲ့ ထိမိတဲ့နေရာတွေမှာ အရေပြားယားယံတာတွေဖြစ်တတ်ပေမယ့် ဒါက ယာယီပဲဖြစ်တာပါ။

တာရှည်ခံဆေးစိမ်ခြင်ထောင်ကို အထုပ်ထဲက ဖောက်ပြီး ချက်ချင်းမသုံးသင့်ပါဘူး။ ခြင်ထောင်ကို နေရိပ်ထဲမှာ အနည်းဆုံး တစ်ရက်လောက်လှန်း ထားပြီးမှ သုံးသင့်ပါတယ်။ ခြင်ထောင်ကို အကြိမ် ၃၀ နီးပါးလျှော်ပြီးရင်လည်း အင်းဆက်တားနိုင်တဲ့ အစွမ်းလျော့ကျလာပါတယ်။ ဆေးစိမ်ခြင်ထောင် တစ်လုံးက သုံးနှစ်ခံ
တယ်လို့ ယေဘုယျသတ်မှတ် ထားပေမယ့် လျှော်တဲ့အကြိမ်ရေများရင်၊ ဆပ်ပြာမှုန့် ခပ်ပြင်းပြင်းသုံးရင်၊ နေပူထဲလှန်းရင် အာနိသင် လျော့ကျတာ စောနိုင်ပါတယ်။

ရိုးရိုးခြင်ထောင်ကို ဆေးစိမ်ဆေးပြား သုံးပြီး အညွှန်းအတိုင်း ဆေးစိမ်ပေးရပါမယ်။ ခြင်ထောင်ကို လျှော်ပြီး ခြောက်အောင်လှန်းကာ ဆေးရည်ထဲ စိမ်ပေးရမှာပါ။ ပြီးရင် နေရိပ်ထဲမှာဖြန့်ချပြီး လှန်းပေးရမှာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top