Healthy Life Ad
Child

သင့်ကလေး ထက်မြက်အောင်မြင်လာစေရန် ပြုစုပျိုးထောင်ခြင်း၂

ပါမောက္ခဒေါက်တာနီလာကြူ
စိတ်ပညာရှင် ပါမောက္ခ၊ဌာနမှူး
စိတ်ပညာဌာန၊ရန်ကုန်နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ကလေးတွေ အပြစ်လုပ်တဲ့အခါ ရိုက်ပြီး ဆုံးမသင့်ပါသလား ဆရာမ။

ဒီမေးခွန်းကို မိဘတွေက မကြာခဏ မေးလေ့ရှိပါတယ်။ အဲဒီလိုမေးတဲ့ အခါတိုင်း ရိုက်ပြီး ဆုံးမတာကိုကောင်းတယ်လို့ မပြောပါဘူး။ ကလေး တစ်ယောက်ကို ပြုပြင်ချင်လို့ အပြစ်ပေးတယ်ဆိုပြီး ဆုံးမတာတော့ လုပ်နိုင်ပေမယ့် ခန္ဓာကိုယ်ကို နာကျင်အောင် ရိုက်နှက်ပြီး အပြစ်ပေးတာက ကောင်းတဲ့လက္ခဏာမရှိပါဘူး။ ရိုက်လိုက်ရင် ကလေးငယ်ရဲ့ဆိုးသွမ်းတဲ့ အပြုအမူက ခဏတာ ရပ်ရင် ရပ်သွားမယ်၊ ဒါပေမဲ့ ရေရှည်မခံပါဘူး၊ ဒီလို ရိုက်နှက်ဆုံးမတာရဲ့ နောက်ဆက်တွဲအနေနဲ့ ကလေးက ရန်လိုလာမယ်၊ သူလုပ်လိုက်တဲ့ အပြုအမူကို အပြစ်ပေးတယ်လို့မထင်ဘဲ လူကို အပြစ် ပေးတယ်လို့ထင်ပြီး မိဘကို စိတ်ခုနိုင်တယ် . . ရိုက်နှက်ဆုံးမတာက ကလေးနဲ့ မိဘကြား ယုံကြည်မှုတွေ ပျက်သုဉ်းသွားမယ်၊ ကလေးက မလုံခြုံသလိုခံစားရမယ်၊ ကလေးနဲ့ မိဘကြားဆက်သွယ်မှုကပျက်ပြားသွားမယ်၊ နောက်ဆုံးကလေးနဲ့ မိဘကြား ထိတွေ့ဆက်ဆံမှုက ရိုက်နှက်ဆုံးမတာ တစ်မျိုးပဲရှိသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရိုက်နှက်ဆုံးမတယ်ဆိုတာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို နာကျင်ထိခိုက်စေနိုင်လို့ မကောင်းပါဘူး။

ကလေးတွေရဲ့ မကောင်းတဲ့ အပြုအမူကိုပြုပြင်ဖို့အတွက် ထိုက်သင့်တဲ့အပြစ်ပေးတာက နည်းလမ်းကောင်းတစ်ခုပါ။ တချို့မိဘတွေကျတော့ ကလေးတွေကို သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီး ပေါင်းတတ်ကြတယ်။ တကယ်တမ်းကျတော့ ကလေးတွေ လိုအပ်တာက မိဘပုံစံမျိုးရှိတဲ့ မိဘကိုလိုတာပါ။ သူငယ်ချင်းနဲ့တူတဲ့ မိဘမျိုး မဟုတ်ပါဘူး။ မိဘအတော်များများက ကလေးတွေအပေါ် ဘယ်လို မျှော်မှန်းထားသလဲဆိုတော့ မိနစ်တိုင်း မိနစ်တိုင်း ငါ့ကိုချစ်နေရမယ်၊ ရိုသေနေရမယ်ဆို ပြီး မျှော်မှန်းထားတတ်ကြတယ်။ အဲဒီလို မျှော်မှန်း ချက်ကြီးကြီးထားပြီး တကယ်တမ်းဖြစ်မလာတဲ့ အခါ မိဘတွေမှာ ငါပြောတိုင်း မဖြစ်ဘူး၊ ငါထင်သလို ဖြစ်မလာဘူးဆိုတာမျိုး စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။ အဲဒီအခါ လိုအင်မပြည့်ဖြစ်ပြီး ကလေးအပြစ်လုပ်တိုင်း ရိုက်နှက်ဆုံးမတတ်ပါတယ်။ တကယ်တမ်းကျတော့ ကလေးတွေကို ကိုယ်စိတ်တိုင်းကျမဖြစ်မှ ရိုက်နှက်ဆုံးမတာထက် အစကတည်းက ချစ်ခင်မှုလည်း ပေးဖို့လိုသလို ပဲ့ပြင်ထိန်းကျောင်းဖို့လည်း လိုပါတယ်။ကလေးတွေကို ဒီအိမ်မှာ ဘယ်သူက အုပ်ထိန်းသူ၊ ဘာကြောင့် အုပ်ထိန်းဖို့လိုသလဲဆိုတာကို သေချာပြောပြရပါမယ်၊ ဒီအမိုးအောက်မှာ နေနေရင် အုပ်ထိန်းတဲ့သူက အဖေ ဒါမှမဟုတ် အမေ ဆိုတာပြောပြီး မိဘတွေက သားသမီးအပေါ် ဒီလိုတွေမျှော်လင့်တယ်၊ ဒါတွေလိုက်နာဖို့ လိုတယ်ဆိုပြီး သေချာစည်းကမ်းချမှတ်ထားဖို့လိုတယ်။ ပြီးရင် စည်းကမ်းတွေနဲ့အတူ ကလေးကို ချစ်ခင်မှုလည်း ပေးတယ်၊ ထိန်းလည်း ထိန်းကျောင်းတယ်၊ ပံ့ပိုးမှုလည်းရှိတယ် . . ဒီလို အုပ်ထိန်းတဲ့ ပုံစံကို Authoritative Parenting Style လို့ ခေါ်ပါတယ်။

ကလေးဆိုတာကလည်း လူကြီးတွေလိုပါပဲ။ အမှားလုပ်တတ်ပါတယ်၊ မသင့်တော်တဲ့ အပြုအမူ လုပ်ပြီးတဲ့အခါတိုင်း ကလေးက အပြစ်ရှိသလို အပြစ်စွဲ ခံစားချက်ဝင်လာတတ်တယ်၊ အဲဒီအခါ ဒီအတိုင်းထားလိုက်တာထက် မကြီးလေးတဲ့အပြစ်ပေးလိုက်မယ်ဆိုရင် ကလေးရဲ့ သူ့ကိုယ်သူအပြစ်ရှိသလို ထင်တဲ့စိတ် လျော့သွားတယ်၊ ငါအပြစ်အတွက် အပြစ်ဒဏ်ခံပြီးသွားပြီဆိုပြီး အပြစ်စွဲစိတ်ကို မခံစားရတော့ပါဘူး။ ဒါကြောင့် ကလေးတွေ အမှားလုပ်တဲ့အခါမှာ အပြစ်ပေးရပါမယ်။ အပြစ်ပေးတဲ့အခါ လူကို အပြစ်ပေးတာမဟုတ်ဘဲ သူ လုပ်လိုက်တဲ့အပြုအမူကို တိတိကျကျအပြစ်ပေးရပါမယ်။ ကလေးရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှု အဆင့်ပေါ်မူတည်ပြီး သူနဲ့ကိုက်ညီတဲ့ အပြစ်ပေးတဲ့ ပုံစံရွေးချယ်ကျင့်သုံးမှသာ ထိရောက်ပါတယ်။

ဥပမာ အသက် ၆ နှစ်အရွယ်ကလေးတစ်ယောက်ကိုအပြစ်ပေးတဲ့ ပုံစံနဲ့ ၁၀ နှစ်အရွယ် ကလေးကို အပြစ်ပေးရင် ဘယ်လိုမှ မထိရောက်နိုင်ပါဘူး။ အသက်အရွယ်အလိုက် လုပ်တဲ့မကောင်းတဲ့ အပြုအမူပေါ်မူတည်ပြီး လိုက်လျောညီထွေတဲ့အပြစ်ပေးနည်းကို ရွေးချယ်တတ်ဖို့လိုပါတယ်။

ကလေးကို အပြစ်ပေးသော ပုံစံများ

(၁) ပင်ကိုအတိုင်း အကျိုးဆက်ရစေခြင်းကလေးဟာ အပြစ်တစ်ခုခု လုပ်လိုက်ပြီဆို ရင် မိဘက ကြားဝင်ပါစရာမလိုဘဲ အဲဒီအပြစ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သူ့အလိုလို ခံရတာမျိုးပါ၊ ဥပမာပြောရရင် ကလေးတစ်ယောက်ကို အင်မတန်ဈေးကြီးပြီး လှပတဲ့ အရုပ်လေးတစ်ရုပ်ဝယ်ပေးထားပေမယ့် ကောင်းကောင်းမကိုင်ဘဲ ပစ္စလက္ခတ်ထားတယ်ဆိုရင် အဲဒီအရုပ်က ပျက်စီးသွားတယ်၊ ဒီတော့ အဲဒီအရုပ်ကို ဆက်ကစားလို့ မရတော့တာက သူ့အတွက် အပြစ်ခံရတာလို ဖြစ်သွားတာမျိုးပါ။
ကလေးက သူငယ်ချင်းတစ်ယောက်ကို သွားစလိုက်တဲ့အခါ အဲဒီသူငယ်ချင်းက မခေါ်တော့တာမျိုး ဒါမှမဟုတ် သူငယ်ချင်းက စိတ်ဆိုးပြီး ပြန်ရိုက်လိုက်တာမျိုး၊ သူ့ကိုပြန်စခံရတာမျိုးပါ။ ဒါက ကိုယ်မကောင်းတာ လုပ်လိုက်တဲ့အတွက် သဘာဝအတိုင်း အကျိုးဆက်တစ်ခု ခံစားရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီအပြစ်ပေးတဲ့ ပုံစံက မိဘက ဘာမှ ကြားဝင်စရာမလိုဘဲ သူ့ဘာသာ အပြစ်က ခံရပြီးသား ဖြစ်သွားတာမျိုးပါ။

(၂) ကျိုးကြောင်းဆီလျှော်သော အကျိုးဆက်ရစေခြင်းစောစောကလို သဘာဝအတိုင်း အပြစ်ခံစားရစေဆိုပြီး အုပ်ထိန်းတာမျိုးက တစ်ခါတစ်ရံ အန္တရာယ်ကြီးပါတယ်။ ဥပမာ ကလေးက လမ်းမပေါ်ပြေးထွက်သွားတယ်၊ အရမ်းရှုပ်တဲ့ လမ်းပေါ် စက်ဘီးစီးသွားတယ်ဆိုရင် သဘာဝအတိုင်း ဖြစ်စေဆိုတဲ့အခါ ကလေးက ဒဏ်ရာရသွားနိုင်တယ်၊ မတော်တဆ ထိခိုက်မှုဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခါတွေမှာ သဘာဝအတိုင်း ကြည့်နေလို့မရတော့တဲ့အတွက် စောစောကတည်းက ကလေးကို ဒီလို အပြုအမူတွေ လုပ်မယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်တယ်၊ ဒီလို အန္တရာယ်ဖြစ်နိုင်တဲ့အတွက် မလုပ် သင့်ဘူး၊ တကယ်လို့ လုပ်မယ်ဆိုရင် သူလုပ်တဲ့ အပြုအမူနဲ့ တိုက်ရိုက်ဆက်နွှယ်တဲ့ အရာတစ်ခုခု ဆုံးရှုံးသွားမယ်ဆိုတဲ့ အပြစ်ပေးတဲ့ ပုံစံကျင့်သုံးရမယ်။ ဥပမာ ကလေးက ကားလမ်းမပေါ် စက်ဘီး တက်စီးရင် နောက်ထပ် စက်ဘီးစီးခွင့် ၇ ရက် ပိတ် မယ်ဆိုတာမျိုး ကြိုဆွေးနွေးပြီး ပြောထားရမယ်။ အဲဒီလို လုပ်ခဲ့ရင်လည်း ကိုယ်ပြောထားတဲ့အတိုင်း တိတိကျကျ အပြစ်ပေးရပါမယ်။

Most Popular

Healthy Life Ad
To Top