Healthy Life Ad
Life Style

ဆရာဝန်ကြီးများ၏ ဘဝလျှောက်လမ်း

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)

Prof-U-Nay-Win

ဆရာတို့ ခေတ်တုန်းက ဆေးကျောင်း ကို အခုလိုမျိုး ၁၀ တန်းအောင်တာနဲ့ တက်ရတာ မဟုတ်ဘူး။ ဆရာတို့ခေတ်တုန်းက Intermediate A,B ဆိုပြီး ရှိတယ်။ အများအားဖြင့် Inter Bရောက်တော့မှ အဲဒီရလဒ်အပေါ် မူတည်ပြီး ကိုယ်ကြိုက်တဲ့ ကျောင်းတွေကို လျှောက် ရတာ။ ဆရာတို့နှစ်ကျတော့ Inter A စာမေးပွဲဖြေပြီးတော့ ဆေးကျောင်းက တန်းခေါ်လိုက်တာ၊ အဲဒီလိုနဲ့ လိပ်ခုံးလို့ ခေါ်တဲ့ ဆေးတက္ကသိုလ်(၁)မှာ 2ndMB စတက်ခဲ့ရတယ်။ ဆရာတို့ ငယ်ငယ်တုန်းက ဆေးကျောင်းတက်တာ ဂုဏ်ရှိတယ်၊ ရေပန်းလည်း စားတယ် . . ဒါကြောင့် ဆရာတို့ သူငယ်ချင်းငါးယောက်လောက် ဆေးကျောင်းအတူတက်ဖြစ်သွားတာ၊ အဲဒီတုန်းက အသက်ကလည်း ငယ်သေးတော့ ဘာကို ဝါသနာပါမှန်းလည်း မသိခဲ့ဘူး၊ ဆရာဝန်ဖြစ်ချင်လှချည်ရဲ့လို့လည်း မဟုတ်ခဲ့ဘူးဟု ဆရာပါမောက္ခဦးနေဝင်းက သူ၏ ဆေးကျောင်းသားဘဝ အကြောင်း ပြန်လည် ပြောပြခဲ့သည်။

ဆေးကုသရာတွင် အရိုးအထူးကု ဆရာဝန်တစ်ဦး အမြဲကြုံနေရသော အခက်အခဲမှာ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများနှင့် ပတ်သက်နေခဲ့ . . .

ပါမောက္ခဦးနေဝင်းသည် မော်လမြိုင်သား ဖြစ်၍ ရန်ကုန်၌ ဆေးကျောင်းတက်ရာတွင် RC2က ပင်လုံဆောင်တွင် နေ ထိုင်ခွင့်ရရှိခဲ့ပြီး အဆောင်ကလည်း အသစ်ဖြစ်၍ အလွန်အဆင်ပြေကြောင်း၊ ကျောင်းသွားရန် ဖယ်ရီလည်း စီစဉ်ပေးသည့်အပြင် စတိုင်ပင်လည်းရသဖြင့် ဆေးကျောင်းသားဘဝမှာ အဆင်ပြေ၍ ပျော်စရာကောင်းခဲ့ကြောင်း ဆိုသည်။
“3rdMBရောက်သွားတော့ လမ်းမတော် ဆေး(၁)မှာ တက်ရတယ်။ အဲဒီအခါကျတော့ ဆေးရုံကို စသွားရတယ်။ ဆရာတို့ခေတ်တုန်းက ဆေးကျောင်းသား ဘဝကို ခုနစ်နှစ်တက်ခဲ့ရတယ်။ ၁၉၇၀ သြဂုတ်လမှာ Part II အောင်တော့ Housesurgeon ဘဝမှာပဲ မင်္ဂလာဒုံ စစ် ဆေးရုံက အလုပ်သင်ဆရာဝန်တွေလိုတယ်ဆိုတာနဲ့ သွားလုပ်ပေးခဲ့ရတယ်။
လက်ထောက်ဆရာဝန်အလုပ်လျှောက်တဲ့အခါမှာ ဆရာတို့ကို မွမ်းမံ သင်တန်းလေး တစ်ခုပေးတယ်။ သင်တန်းပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက လူတစ်ယောက်က စစ်ရုံးကို လာသတင်းပို့ပါ ဆိုတာနဲ့ ဆရာတို့ သွားသတင်းပို့ရတယ်။ ဒီတိုင်းပြည်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ (NSL) ဆိုတာ ရှိတယ်၊ အဲဒီ ဥပဒေအရ အသက် ၁၈ နှစ်ကျော်လို့ တာဝန်ပေးလာရင် စစ်မှုမထမ်းမနေရထမ်းရမယ်လို့ ပြောတာနဲ့ စစ်တပ်ထဲမှာ သုံးနှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ရတယ်” ဟုပါမောက္ခ ဦးနေဝင်းက လက်ထောက် ဆရာဝန်ဘဝ အတွေ့အကြုံကို ပြောပြခဲ့သည်။
ထို့နောက် ရန်ကုန်ဆေးရုံကြီး၌ ပိုစတင်ကျခဲ့ရာ အရိုးဌာနတွင် တာဝန်ကျခဲ့သည်မှစ၍ အရိုးအထူးကု ဘာသာရပ် ကို လိုက်စားဖြစ်သွားတော့သည်။
“အဲဒီမှာ အရိုးဘာသာရပ်နဲ့ နီးစပ်သွားတယ်။ Basic Science Courseကို တက်ပြီး အောင်တာနဲ့ အရိုးအထူးကု ဘာသာရပ်ဝင်ခွင့် စာမေးပွဲဖြေရတယ်။ အဲဒီကနေ အရိုးအထူးကု ဘာသာရပ်ဘက်ကို လိုက်ဖြစ်သွားတယ်။MSCပြီးရင် ဆရာတို့ ခေတ်တုန်းက
နိုင်ငံခြား သွားရတယ်။ အများအားဖြင့် အင်္ဂလန် သွားရတာများပေမယ့် ဆရာ့အလှည့်မှာ သြစတြေးလျကို သွားရတယ်။Adelaideဆိုတဲ့ မြို့မှာ Royal Adelaide ဆေးရုံကို သွားပြီး Spinal Injury (ကျောရိုးမကြီးထိခိုက်မှု)ဆိုတဲ့ အပိုင်းကို လေ့လာသင်ယူခဲ့ရတယ်။ အဲဒီက ပြန်လာတော့လည်း ရန်ကုန်ဆေးရုံကြီးမှာ ဆက်လုပ်နေရင်း ရခိုင်ပြည်နယ်၊ စစ်တွေကို တစ်နှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်ကျတော့ G To G Contract (အစိုးရချင်း သဘောတူစာချုပ်)အရ မလေးရှားကို ၁၉၉၃ခုနှစ် အထိ ငါးနှစ်တာ သွားရောက်လုပ်ဆောင်ခဲ့ရပြန်တယ်”ဟု ပါမောက္ခ ဦးနေဝင်းက ပြောပြခဲ့သည်။
ဆရာ သွားရောက်လေ့လာခဲ့သော အခြားနိုင်ငံများ၏ ဆေးပညာအဆင့်အတန်းမှာ မြန်မာနိုင်ငံထက်များစွာ တိုးတက်နေခဲ့ရာ အရိုးကုသရာတွင် အရိုးကုထုံးဆိုင်ရာ ပစ္စည်းကိရိယာ (Facility) မရှိ၍ အခြား နိုင်ငံတို့၏ ကုသမှုနည်းလမ်းများကို မြန်မာနိုင်ငံတွင် ပြန်လည် လုပ်ဆောင်၍ မရခဲ့ကြောင်း သိရသည်။
“နိုင်ငံတစ်နိုင်ငံ တိုးတက်တယ်ဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေး၊ တိုင်းသူပြည်သားတွေရဲ့ စီးပွားရေးတွေပေါ်မှာ အဓိကကျတယ်။ စီးပွားရေး မတိုးတက်တဲ့ နိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှု အပိုင်းက မတိုးတက်နိုင်သလို လူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းကလည်း မတိုးတက်နိုင်ဘူး။ ဆရာတို့ အရိုးဘာသာရပ်မှာ ပစ္စည်းကိရိယာတွေက အင်မတန် အရေးပါတယ်။ အဲဒါတွေ မရှိရင် လုပ်လို့ မရတာတွေ ရှိတယ်။ ဒါကြောင့် တခြား နိုင်ငံက တိုးတက်နေတဲ့ ဆေးပညာ အဆင့်အတန်းကို အားကျပေမယ့် ဒီနိုင်ငံ မှာ ပြန်အသုံးချလို့ မရတာတွေ ရှိပါ တယ်”ဟု ပါမောက္ခဦးနေဝင်းက ပြောကြားခဲ့သည်။
ဆေးကုသရာတွင် အရိုးအထူးကု ဆရာဝန်တစ်ဦး အမြဲကြုံနေရသော အခက်အခဲမှာ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများ နှင့် ပတ်သက်နေခဲ့ပြီး အရိုးခွဲစိတ်ကုသမှုဟူသည် ပစ္စည်းကိရိယာမပါဘဲ လုပ်၍ မရသည့်အတွက် ရှိသမျှ ပစ္စည်းကိရိယာနှင့်ပင် အကောင်းဆုံး၊ အဆင်ပြေဆုံး ဖြစ်စေရန် ကုပေးနေရကြောင်းသိရသည်။
“အရိုးခွဲစိတ်ကုသမှုအပိုင်းမှာ Speciality တွေက သီးသန့်မရှိဘူး။ ဥပမာSpine (ကျောရိုးမကြီး)ကို သီးသန့် ကုတာတို့၊ ပေါင်ဆစ်၊ ဒူးဆစ်ကို သီးသန့်ကုတာ တို့မရှိဘဲ အထွေထွေ(General Othopaedic)ကို လုပ်နေရတာဆိုတော့ အကုန်လုံး မြင်တွေ့ကြုံကြိုက်နေရတဲ့အတွက် စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဒီနေ့ ခါးခွဲ၊ နောက်နေ့ ခြေထောက်ခွဲ၊ နောက်နေ့ ပေါင်ခွဲ . .အဲဒီလို ဖြစ်နေတော့ တစ်ကိုယ်လုံးက အရိုးအဆစ်တွေကို လှည့်ပတ်ပြီး ခွဲစိတ်ပေးနေရတဲ့အတွက် စိန်ခေါ်မှုက အမြဲရှိနေတာပါပဲ။ ပျင်းစရာ တစ်ကွက်မှ မရှိဘဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အကုန်လုံး လုပ်ရတော့ ဒီခွဲစိတ်မှုမှာ ဒီပစ္စည်း သုံး၊ ဟိုနေရာမှာ ဟိုပစ္စည်း သုံး . . စသဖြင့် ပစ္စည်းကိရိယာသုံးစွဲမှု ပိုင်းကအစ မတူတော့ အတော်လေး တိတိကျကျ ဆောင်ရွက်ရပါတယ်။ ကိုယ်လုပ်တဲ့ ကုသမှုအပိုင်းက အကောင်းဆုံးဖြစ်အောင် အမြဲ ကြိုးစားနေရပါတယ်။ ခွဲစိတ်မှုတစ်ခုလုပ်ရင် ဘာကိုမှ လျှော့ တွက်လို့ မရပါဘူး”
မြန်မာနိုင်ငံတွင် အရိုးကုသမှုအပိုင်း သည် ယခင်နှင့်နှိုင်းစာလျှင် များစွာအဆင်ပြေလာပြီး လွန်ခဲ့သော ၁၀ နှစ်က မရှိခဲ့သည့် အရိုးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ ရှိလာသည့်အတွက် ယခင်က ကုသမှု မပေးနိုင်ခဲ့သည်တို့ကို ယနေ့ခေတ်တွင် အောင်မြင်စွာ ကုသပေးနိုင်လာပြီဟု သူ၏ အတွေ့အကြုံကို ပြောပြခဲ့သည်။
“အရင်က ဆေးရုံဆေးခန်းတွေမှာ C-ARMတို့ ဘာတို့ မရှိဘူး။ အခုတော့ရှိလာပြီ။ အရိုးခွဲစိတ်တဲ့အခါ ကုတင်ကအစ သီးသန့် Othopaedic Table ရှိရတယ်၊ ပြီးရင် ခြေထောက်၊ ပေါင်တွေ ဆွဲ တဲ့ Taction ရှိရတယ်။ ခွဲစိတ်ကုသတဲ့ ခုံကလည်း X-ray ဓာတ်မှန်ရိုက်ရင် ပေါ်တဲ့ ကုတင်မျိုး ဖြစ်ရမယ်၊ ရိုးရိုးကုတင်နဲ့ မရပြန်ဘူး။ အဲဒီပစ္စည်းကိရိယာတွေ ရှိလာတဲ့အတွက် အရင်နဲ့စာရင် ကုသရတာ အများကြီး ပိုအဆင်ပြေလာပါတယ်။ ပေါင်အဆစ်ခွဲတာ၊ ခါးခွဲတာ၊ အရိုးကျိုး တာ စတဲ့ အပိုင်းတွေ ကုသရာမှာ ပိုပြီး အဆင်ပြေ အောင်မြင်လာပါတယ်”ဟု ပါမောက္ခဦးနေဝင်းက ဆိုသည်။
ဆေးပညာတွင် အရိုးအထူးကု ဘာသာရပ်သည် လူတို့၏ ဘဝနေထိုင်မှု အရည်အသွေး၊ လူနေမှုအဆင့်အတန်း (Quality Of Life)ကို ပုံမှန်အတိုင်း ကောင်းနေစေရန် မြှင့်တင်ပေးရသည်က များပြီး သေရေးရှင်ရေးကို ကုပေးရသည်မှာ နည်းကြောင်း၊ သို့ဖြစ်၍ လူတစ်ယောက်က အိပ်ရာပေါ်လှဲနေရမည့်အစား၊ ထော့နဲ့ ထော့နဲ့ သွားနေရမည့်အစား၊ ခြေထောက်ကျိုးပြီး မသွားနိုင် မလာနိုင် ဖြစ်နေမည့် အစား ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်စေရန် ကုသပေးလိုက် နိုင်လျှင် ပီတိဖြစ်ရကြောင်း ပါမောက္ခဦး နေဝင်းက ဆိုသည်။
“ယေဘုယျအားဖြင့် လူနာတစ်ယောက်က အရိုးကျိုးတယ်ဆိုလည်း ကောင်းကောင်းမွန်မွန်နဲ့ အရိုးပြန်ဆက်သွားရင်၊ ပုံမှန် လူကောင်းအတိုင်း နေနိုင်သွားရင် ဆရာ ပီတိဖြစ်တယ်၊ အဲဒီလို ပုံမှန်အတိုင်း ဖြစ်သွားအောင်၊ ရောဂါ သက်သာသွားအောင် လုပ်ပေးလိုက်နိုင်တာကို ကျေနပ်တယ်၊ စိတ်ချမ်းသာတယ်။ အဲဒါနဲ့ ပြောင်းပြန် ကိုယ်က အကောင်းဆုံး ကုပေးလိုက်ပေမယ့် ထင်သလောက် မကောင်းဘူးဆိုရင် အတော်လေးကို စိတ်ညစ်ရပါတယ်။ အန္တရာယ်ကင်းလို့လားလို့ မေးရင် ဆရာတို့ ခွဲစိတ်ပေးနေရတဲ့ လူနာတွေက အသက် ၈၀-၉၀-၁၀ဝ နီးပါးတွေများပြီး အရိုးအဆစ်ရောဂါတွေကလည်း အဲဒီလို အသက်ကြီးတဲ့ အရွယ်တွေ ဖြစ်တာများတော့ ခွဲစိတ်ကုသတဲ့အခါ ခွဲစိတ်ဒဏ်(Surgical Trauma)က ရှိတဲ့အပြင် ဒီအရွယ်တွေမှာ တခြားရောဂါဝေဒနာတွေ ရှိနေတတ်တယ်။ ဒီရောဂါတွေက အလိုလို ထဖောက်ချင် ဖောက်နိုင်သလို ခွဲတဲ့အချိန်မှာလည်း ထဖြစ်ချင် ဖြစ်တတ်တဲ့အတွက် အသက်အန္တရာယ် ကြုံကြိုက်တာမျိုး ရှိနိုင်ပါတယ်”ဟု ဆရာက ဆိုသည်။
အများအားဖြင့် ထိခိုက်ဒဏ်ရာ (Trauma)ရပြီး နှစ်ပေါင်းအတော်ကြာမှ လာပြလျှင်၊ မွေးရာပါအရိုးရောဂါများကို ကြာမှ လာပြလျှင် အလွန်နောက်ကျသွားရာ ကုသမှု မပေးနိုင်တော့ပါက စိတ်မကောင်းကြီးစွာ ဖြစ်ရကြောင်း ဆရာက ဆိုသည်။
“လူတွေရဲ့ ကျန်းမာရေးအသိက အရင်နဲ့စာရင် တိုးတက်လာပါတယ်။ အရင်က ပွန်းပဲ့ဒဏ်ရာရရင် ဆေးနီမှုန့်တွေ၊ တွေ့ကရာ ဗမာဆေးတွေထည့်၊ လွှစာ မှုန့်တွေသိပ်. . အဲဒီလိုလုပ်တာတွေ ရှိပေမယ့် အခုနောက်ပိုင်း အဲဒီလိုတွေ မလုပ်တော့တဲ့အတွက် ပိုးဝင်တဲ့နှုန်းက အများကြီးကျသွားပါတယ်။ မေးခိုင်ရောဂါ ဖြစ်တာလည်း အတော်ရှားသွားတယ်။ Gas Gangreneလို့ ခေါ်တဲ့ အသားပုပ်တာလည်း ရှားသွားပါတယ်။ ပြီးတော့ ထိမိခိုက်မိတဲ့အခါမှာလည်း အရင်လို အကြာကြီး စောင့်မနေတော့ဘဲ ချက်ချင်းလာတတ်တဲ့ အကျင့်တွေလည်း ရှိလာတယ်”ဟု မြန်မာလူမျိုးတို့၏ ကျန်းမာရေး အသိ တိုးတက်လာပုံကို ပြောပြခဲ့သည်။
အရိုးအထူးကု ဆရာဝန်ဖြစ်လိုကြသော ဆေးကျောင်းသားများနှင့် ဆရာဝန် အငယ်များအား “မြန်မာနိုင်ငံမှာ အရိုး ဆရာဝန်တွေက နည်းသေးတဲ့အတွက် ဆေးကျောင်းသားတွေနဲ့ ဆရာဝန် အငယ်တွေ အရိုးဆရာဝန်အဖြစ် ရွေးချယ်မယ်ဆိုရင် ဆရာတို့က လက်ကမ်း ကြိုဆိုနေပါတယ်။ အရိုးဆရာဝန်တွေ လုပ်ရကိုင်ရတဲ့အပိုင်းတွေမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အလုပ်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ဖို့ အကြာကြီး လေ့လာရပါတယ်၊ စိတ်ရှည်ရတယ်၊ ဇွဲရှိရတယ်၊ အခက်အခဲကို ရင်ဆိုင်နိုင်ရမယ်၊ ရင်ဆိုင်ရဲရမယ်”ဟု ဆရာက အားပေး စကားပြောခဲ့သည်။
ပိုက်ဆံမရှိ၍ ဆေးကုသနိုင်သည့် ဖြစ်ရပ်များအတွက် တိုင်းသူပြည်သားတို့၏ ကျန်းမာရေးစောင့်ရှောက်မှုမှာ အစိုးရတွင် တာဝန်ရှိသဖြင့် တိုင်းပြည်၏ ဘတ်ဂျတ်တွင် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဌအတွက် ပြည့်စုံလုံလောက်စွာ ချထားပေးသင့်ကြောင်း ဆရာက ဆိုသည်။
“ဆေးလောကကို တိုးတက်စေချင်ပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-၆၀မှာ တိုင်းပြည်က ဆင်းရဲခဲ့တော့ တိုင်းသူပြည် သားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကလည်း ချို့တဲ့ခဲ့တဲ့အတွက် အခုတော့ ဆုံးခန်းတိုင်သင့်ပြီလို့ ထင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတောင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အညံ့ဆုံးထဲမှာ ပါနေတဲ့အတွက် အဲဒီအခြေအနေကနေ အမြန်ဆုံး လွတ်မြောက်စေချင်ပါပြီ၊ လွတ်အောင် လုပ်ကြပါလို့ လည်း ဆရာတိုက်တွန်းချင်ပါတယ်” ဟု ဆရာ ပါမောက္ခဦးနေဝင်းက ပြောကြား ခဲ့ပါသည်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Healthy Life Ad
To Top